နေပြည်တော် ဒီဇင်ဘာ ၂၁
ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Samdech Akka Moha Ponhea Chakrei Heng Samrin ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အဖွဲ့ဝင်များနှင့်အတူ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀တွင် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်သို့ ရောက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့သည် အမျိုးသားလွှတ်တော်အထူးဧည့်သည်တော်များ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။ ထို့နောက် အစည်းအဝေးခန်းမ၌ နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်ရေးရာကိစ္စရပ်များ ဆောင်ရွက်မှုအတွေ့အကြုံများ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက် နေမှုများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သတ်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေနွေးခဲ့ကြသည်။
ညနေ ၆ နာရီခွဲတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့အား ကမ္ဘောဒီးယားနိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Samdech Akka Moha Ponhea Chakrei Heng Samrin က Sofitel Phonom Penh Phokeethra ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ပြည်ထောင်စုလွှတ်တော်နာယကသည် ဒီဇင်ဘာ ၂၀ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀တွင် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်မှ တာဝန်ရှိသူများ လိုက်ပါလျက် ကမ္ဘောဒီးယားနိုင်ငံ Independent Monument သို့ ရောက်ရှိပြီး လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)
