နေပြည်တော်- ဒီဇင်ဘာ ၁၉
အင်ဒိုနီးရှားနိုင်ငံလွှတ်တော် House of Representatives ဥက္ကဋ္ဌ HE. Mr. Marzuki Alie ၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ် ခရီးရောက်ရှိ နေသော ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ (၆)နာရီ(၃၀) မိနစ်တွင် ဂျကာတာမြို့ရှိ Mulia Hotel ၌ အင်ဒိုနီးရှားနိုင်ငံ House of Representatives ဥက္ကဋ္ဌ HE. Mr. Marzuki Alie နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ- အင်ဒိုနီးရှား နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆောင်ရွက်ခဲ့သည့် အတွေ့ အကြုံများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် အင်ဒိုနီးရှားနိုင်ငံ House of Representatives ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော် နာယကနှင့် မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂျကာတာမြို့ရှိ Mulia Hotel ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ထို့နောက် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကာ ဂုဏ်ပြုညစာ စားပွဲအခမ်းအနား ပြီးဆုံးခဲ့သည်။
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာ လွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၁၉ ရက်နေ့ (၁၀၀၀)နာရီအချိန်တွင် ဂျကာတာမြို့ရှိ လွှတ်တော်အဆောက်အအုံ၌ အင်ဒိုနီးရှားနိုင်ငံလွှတ်တော် People's Consultative Assembly (MPRI) ဥက္ကဋ္ဌ HE. Mr. Sidarto Danusubroto နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲများ သို့ ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော သူရဦးအေးမြင့်၊ ဦးလှမြင့်ဦး၊ ဦးဌေးမြင့်နှင့် အတွင်းရေးမှူးများဖြစ်သည့် ဦးမောင်တိုး၊ ဦးတင်မောင်ဦး၊ အဖွဲ့ဝင် ဦးဝင်းသန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကနှင့် မြန်မာ လွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် (၁၃၃၀)နာရီချိန်တွင် အင်ဒိုနီးရှားနိုင်ငံ အမျိုးသားပြတိုက်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး အမျိုးသားပြတိုက် အတွင်း လှည့်လည်ကြည်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ ကြသည်။
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ ဒေသစံတော်ချိန် (၁၆၄၀)နာရီချိန်တွင် လေကြောင်းခရီးဖြင့် ကမ္ဘောဒီးယား နိုင်ငံသို့ ချစ်ကြည်ရေးခရီးဆက်လက်ထွက်ခွာရာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာလေဆိပ်၌ အင်ဒိုနီးရှားနိုင်ငံ House of Representatives မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ တာဝန်ရှိသူများက လေဆိပ်သို့ လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ ကြသည်။ (သတင်းစဉ်)
