နေပြည်တော်- ဒီဇင်ဘာ ၁၈
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် အင်ဒိုနီးရှားနိုင်ငံ၊ House of Representative ဥက္ကဋ္ဌ H.E. Mr. Marzuki Alie ၏ ဖိတ်ကြားချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် (၁၀း၂၅)မိနစ်အချိန် ထွက်ခွာလာရာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ Soekarno Hatta လေဆိပ်သို့ ဒေသစံတော်ချိန် (၁၆း၅၅)နာရီချိန်တွင် ရောက်ရှိခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များအား အင်ဒိုနီးရှားနိုင်ငံ၊ House of Representative မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသံအမတ်ကြီး ဦးမင်းလွင်နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသော သူရဦးအေးမြင့်၊ ဦးလှမြင့်ဦး၊ ဦးဌေးမြင့်နှင့် ကော်မတီအတွင်းရေးမှူးများ၊ ကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ (၁၄း၀၀) နာရီချိန်တွင် အင်ဒိုနီးရှားနိုင်ငံသမ္မတရုံး၊ ဧည့်ခန်းမဆောင်၌ အင်ဒိုနီးရှားနိုင်ငံ ဒုတိယသမ္မတ H.E. Dr. Boediono နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်း ဆောင်ရွက်မှုအတွေ့အကြုံ များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၁၈ ရက်နေ့ (၁၀၀၀)နာရီအချိန်တွင် အင်ဒိုနီးရှားနိုင်ငံ လွှတ်တော် Regional Representatives Council ဥက္ကဋ္ဌ H.E. Mr. Irman Gusman နှင့် တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် လွှတ်တော်ရေးရာလုပ်ငန်းများ ဆောင်ရွက်မှုအတွေ့အကြုံများ၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု ဆောင်ရွက်မှုအတွေ့အကြုံများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ လွှတ်တော်ကျင်းပနေမှုအား တက်ရောက်ကြည့်ရှု လေ့လာကြသည်။ ထို့နောက် အင်ဒိုနီးရှားနိုင်ငံလွှတ်တော် အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှု လေ့လာ ကြသည်။
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၁၈ ရက်နေ့ (၁၅း၁၀)နာရီအချိန်တွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Marty Natalegawaနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ (သတင်းစဉ်)
