ရန်ကုန် - ဒီဇင်ဘာ ၁၆
အင်ဒိုနီးရှားနိုင်ငံ၊House of Representative ဥက္ကဋ္ဌ H.E. Mr. Marzuki Alie နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ National Assembly ဥက္ကဋ္ဌ H.E. Mr. Samdech Akka Moha Ponhea Chakrei HENG SAMRIN တို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော လွှတ်တော်ကိုယ်စားလှယ် အဖွဲ့သည် ချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် စတင်ထွက်ခွာသွားပါသည်။
လွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးစိန်တင်ဝင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Sebostianus Swnausono၊ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Sieng Bunvuth နှင့် လွှတ်တော်ရုံး တာဝန်ရှိသူများမှ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုလွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အတူ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဋ္ဌေးမြင့်၊ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ဦး၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးဝင်းသန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။(သတင်းစဉ်)
