မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ တည်ထောင်မှု ပြည်ထောင်စုလွှတ်တော်နာယက တက်ရောက်အားပေး

ရန်ကုန် ဒီဇင်ဘာ ၁၆

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ တည်ထောင်သည့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနရုံးရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံး၌ကျင်းပရာ     ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊   ပြည်ထောင်စုဝန်ကြီးဦးကျော်လွင်၊ ဦးအေးမြင့်၊

<--break->

တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ၊   ပြည်သူ့လွှတ်တော် စီမံကိန်းနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးသာ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ နာယက အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ   အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးကျော်လွင်၊ ဦးအေးမြင့်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီး   ဒေါက်တာဝင်းမြင့်၊ တိုင်းဒေသကြီးဝန်ကြီး ဦးဉာဏ်ထွန်းဦးတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်   ပေးကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံကောင်စီရုံးခန်း အတွင်း လှည့်လည်ကြည့်ရှုသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ယခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက်   မြန်မာအင်ဂျင်နီယာများ ကာလကြာရှည်စွာ အိမ်မက်မက်ခဲ့ရသော မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီကို အခိုင် အမာ  တည်ထောင်လိုက်ပြီဖြစ်ကြောင်း၊ ထို့နောက်ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်   မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ နာယကအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးဌာနအစိုးရအဖွဲ့အစည်းများမှ ဝါရင့်အင်ဂျင်နီယာ ၁၅ ဦး၊ တက္ကသိုလ်၊ ကောလိပ်နှင့်သိပ္ပံများမှ အင်ဂျင်နီယာပညာရှင် ၁၅ ဦး၊ အစိုးရ မဟုတ်သော အသင်းအဖွဲ့များမှ ဝါရင့်အင်ဂျင်နီယာ၁၅ ဦး၊ ပြင်ပမှ ထင်ပေါ်ကျော်ကြားသော ဝါရင့် အင်ဂျင်နီယာ၁၅ ဦး ပေါင်း ၆၀ တို့ဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီကို စတင်ဖွဲ့စည်းခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဒေါက်တာဝင်းမြင့်ကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပြီး ကျန်အမှုဆောင်အဖွဲ့ဝင်များကို လျှို့ဝှက်မဲစနစ်ဖြင့်   ရွေးကောက်တင်မြှောက်ခဲ့၍ ယခုကဲ့သို့ တည်ထောင်ခြင်း အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခြင်း   ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဒေါက်တာဝင်းမြင့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

Standard (Image)