ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းမှ ၁၃၀၀ ပြည့် ချောက်ရေနံမြေအလုပ်သမား အရေးတော်ပုံ (၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ချစ်ခင်လေးစားရပါသော ချောက်ရေနံမြေရှိ ပြည်သူလူထုကြီးခင်ဗျား

၁။၁၃၀၀ ပြည့် ရေနံမြေအလုပ်သမားအရေးတော်ပုံကြီးသည် ၁၃၀၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၉ ရက်နေ့တွင်   ဖြစ်ပွားခဲ့ပါသည်။ရေနံမြေအလုပ်သမားများ၏ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိနိုင်ရေးအတွက် ရဲဝံ့စွန့်စားစွာ တော်လှန်ခဲ့ကြသည်မှာ  ယခုအခါ (၇၅)နှစ်တာ ကာလရောက်ခဲ့ပြီ ဖြစ်ပါသည်။

<--break->

၂။ အမျိုးသားရေးစိတ်ဓာတ်နှင့် ချောက်ရေနံမြေမှ ရန်ကုန်အထိ မိုင်(၄၀၀)ခရီးကို အဟန့်အတား အခက်အခဲများ ကျော်လွှားပြီး ခြေလျင်ခရီးချီတက် သပိတ်မှောက်ခဲ့ကြပါသည်။ သူတို့၏ ဇွဲ၊ သတ္တိ၊ စိတ်ဓာတ်များသည် အင်္ဂလိပ်အစိုးရကို တုန်လှုပ်စေခဲ့ပြီး အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများပါမကျန် စုစည်း ညီညွတ်ခဲ့ကြသည်မှာ အလွန်ဂုဏ်ယူစရာကောင်းလှပါသည်။ ထိုသို့တိုက်ပွဲဝင်ခဲ့ကြသော သခင်၊ သခင်မကြီး များအား မမေ့မလျော့ဘဲ ဂုဏ်ပြုသည့်အနေဖြင့် စိန်ရတုအခမ်းအနားကို ယခုအခါ ကျင်းပဂုဏ်ပြုနိုင်ခဲ့ကြပြီ ဖြစ်ပါသည်။

၃။ အဆိုပါ စွန့်လွှတ်စွန့်စားပုဂ္ဂိုလ်များ မရှိကြတော့သော်လည်း ၎င်းတို့၏မျိုးဆက်များအား လက်ဆင့်ကမ်း   ပေးခဲ့ကာ လွတ်လပ်ပြီး ငြိမ်းချမ်းသည့် အလုပ်သမားအကျိုး၊ တိုင်းပြည်အကျိုး   ပြုနိုင်ခဲ့ကြပြီ ဖြစ်ပါသည်။

၄။ ယနေ့အချိန်အခါတွင် အမျိုးသားရေးနှင့် နိုင်ငံရေးနိုးကြားတက်ကြွမှုရှိသော ချောက်ရေနံမြေမှ ပြည်သူ လူထုကြီးအား ဂုဏ်ပြုခြင်းနှင့်အတူ မျိုးဆက်သစ်များအနေဖြင့် ဒီမိုကရေစီအနှစ်သာရနှင့်အညီ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် ပွင့်လင်းမြင်သာပြီး လူတိုင်းလူတိုင်းမှ တာဝန်ခံ၊ တာဝန်ယူ၍ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ဖြင့် ငြိမ်းချမ်းသာယာသော ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ်သို့ရောက်ရှိရေး ဆက်လက်ဆောင်ရွက်သွားကြရန်လည်း လိုအပ်ပါမည်။

၅။       ၁၃၀၀ ပြည့် ချောက်ရေနံမြေ အလုပ်သမားအရေးတော်ပုံကြီး၏ (၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားမှ စတင်၍ ပြည်သူအတွက်၊ နိုင်ငံတော်အတွက်၊ ပြည်ထောင်စုအတွက် တစ်မျိုးသားလုံး စိတ်ကောင်း စေတနာ မှန်ဖြင့် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

 

 

                                                                                              သူရရွှေမန်း

                                                                                                နာယက

                                                                                      ပြည်ထောင်စုလွှတ်တော်

Standard (Image)