ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံချစ်ကြည်ရေးခရီးမှ ပြန်လည်ရောက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၃

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံ လွှတ်တော် House Representative ဥက္ကဋ္ဌ Hon. Mr. Bunmei IBUKI ၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး

<--break->

ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ ဇနီးဒေါ်ခင်လေးသက်၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသော ဦးဌေးဦး၊ ဦးမောင်မောင်သိမ်း၊ သူရဦးအောင်ကို၊ ဦးလှမြင့်ဦး၊ ဦးဌေးမြင့်၊ ဦးအောင်ထွန်း၊ ဒေါက်တာခင်ရွှေနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါ လာခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီးနှင့် အဖွဲ့သည် ဒီဇင်ဘာ ၂ ရက် ညနေ ၆ နာရီခွဲတွင် ဂျပန်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ အိမ်တော်၌ ဂျပန်နိုင်ငံလွှတ်တော် House Representative ဥက္ကဋ္ဌ Hon. Mr. Bunmei IBUKI နှင့်ဇနီးတို့က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

အလားတူ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့အား ဒီဇင်ဘာ ၁ ရက်ညပိုင်းတွင် တိုကျိုမြို့ရှိ Hotel New Otani ၌ ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ဇနီး H.E. Mrs. Akie ABE က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အဆိုပါ ညစာစားပွဲအခမ်းအနားသို့ Asia Business Leader Association မှ ဥက္ကဋ္ဌ Mr. Sawada HIDEO နှင့်အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။

ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အဖွဲ့သည် ဂျပန်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး H.E. Mr. Toshimitsu Motegi နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေး ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော် နာယကနှင့်အဖွဲ့သည် ဂျပန်နိုင်ငံ KEIDANREN ဥက္ကဋ္ဌ Mr.Yonekura ဦးဆောင်သော KEIDANREN ကုမ္ပဏီများအုပ်စုမှ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်လည်းကောင်း၊ ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JETRO) မှ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Mr. Hiroyuki ISHIGE ဦးဆောင်သော JETRO အဖွဲ့ဝင် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် လည်းကောင်းတွေ့ဆုံပြီး မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်ရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။(သတင်းစဉ်)

Standard (Image)