နေပြည်တော်- နိုဝင်ဘာ ၂၉
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသော ဦးဋ္ဌေးဦး၊ ဦးမောင်မောင်သိမ်း၊ သူရဦးအောင်ကို၊ ဦးလှမြင့်ဦး၊ ဦးဋ္ဌေးမြင့်နှင့် ဂျပန်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သံအမတ်ကြီး ဦးခင်မောင်တင် တို့လိုက်ပါလျှက် နိုဝင်ဘာလ ၂၉ ရက်နေ့ ၁၄း၃၀ နာရီချိန်တွင် ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ် H.E. Mr. Shinzo Abe နှင့် ဂျပန်အစိုးရအိမ်တော် အထူးဧည့်သည်တော်များခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဂျပန်-မြန်မာ ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်ရေး၊ မြန်မာနိုင်ငံ၏ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် ဈေးကွက်စီးပွားရေးစနစ် ဆောင်ရွက်နေမှု အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ODA ရရှိရေး၊ တောင်သူလယ်သမားများအတွက် အတိုးနှုန်းသက်သာ သော ချေးငွေများရရှိရေး၊ နည်းပညာ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာလွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀း၁၅ နာရီချိန်တွင် ဂျပန်နိုင်ငံ၊ Liberal Democratic Party ရုံးချုပ်သို့ ရောက်ရှိခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကသည် ဂျပန်နိုင်ငံ၊ LDP ပါတီဒုတိယဥက္ကဋ္ဌ Mr. Komura ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
၁၆း၀၀ နာရီချိန်တွင် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သော မြန်မာလွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်-မြန်မာလွှတ်တော်ဆိုင်ရာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Hon. Mr. Ichiro Aisawa ဦးဆောင်သော ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်နိုင်ငံ လွှတ်တော်အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂျပန်-မြန်မာ လွှတ်တော်ဆိုင်ရာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Hon. Mr. Ichiro Aisawa က တိုကျိုမြို့ရှိ Capitol Hotel၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အဆိုပါ ညစာစားပွဲ တွင် ပြည်ထောင်စုလွှတ်တော်နာယက နှင့် Hon. Mr. Ichiro Aisawa တို့မှ အသီးသီး နှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့သည်။ (သတင်းစဉ်)
