၁၃၈၀ ပြည့်နှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်၊ နှစ်သစ်မင်္ဂလာအခါတော်နေ့တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံ၌ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်း မင်္ဂလာအခမ်းအနားကျင်းပ

၁၃၈၀ ပြည့်နှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် (C) ဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်၊  ဥတ္တရသီရိမြို့နယ် ရာဇဓာနီသာမဏေကျော် ကျောင်းတိုက် ပဓာနနာယက ဆရာတော်အရှင်တေဇောဘာသ အမှူးပြုသော သံဃာတော် အရှင်မြတ်တို့ ကြွရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ရာဇဓာနီသာမဏေကျော် ကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင်တေဇောဘာသ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် သံဃာတော်အရှင်မြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်တော် မူကြသည်။

ယင်းနောက် ဆရာတော်သံဃာတော် အရှင်မြတ်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီးနောက် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန် နှင့်  ပြည်သူ့လွှတ်တော်ရုံးမှ ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်

Standard (Image)