ပြည်ထောင်စုလွှတ်တော် ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကျင်းပ

တောတောင်တိုင်းတွင် စန္ဒကူးမရှိ၊ ဆင်တိုင်းတွင် အမြုတေမရှိ၊ နေရာတိုင်းတွင် ပညာရှိ အာဇာနည်မရှိနိုင်၊ စန္ဒကူးသစ်သည် သစ်တကာတို့တွင် အဖိုးတန်ဆုံးရတနာဖြစ်သည့်အတွက် တောတောင်တိုင်းတွင် ပေါက်ရောက်ခြင်းမရှိ၊ အမြုတေကျောက်သည် ရတနာစိန်ကျောက်များထဲတွင် အဖိုးတန်ဆုံးရတနာဖြစ်သည့်အတွက် ဆင်တိုင်းတွင်မရှိ၊ ပညာရှိအာဇာနည်ဆိုသည်မှာလည်း နိုင်ငံတော်၏ အဖိုးတန် အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည့် အတွက် ခေတ်တစ်ခေတ်၏သမိုင်းတွင် များစွာ ပေါ်ထွန်းလေ့မရှိပေ။

ပညာရှိအာဇာနည်ဖြစ်သင့်ဖြစ်ထိုက်သည့် ဂုဏ်ထူးဝိသေသတို့ဖြစ်သော ရိုးသားမှု၊ စိတ်ဓာတ် ခိုင်မာမှု၊ ရဲရင့်သတ္တိရှိမှု၊ စွန့်လွှတ်နိုင်စွန့်စားနိုင်မှု၊ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲကင်းစင်မှု၊ ပြည်ထောင်စု စိတ်ဓာတ် ပြင်းထန်မှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ခြင်း၏ အင်အားကို တန်ဖိုးထားတတ်မှု၊ နိုင်ငံရေးအမြော် အမြင်ကြီးမားမှုဆိုသည့် ခေါင်းဆောင်မှုအရည်အသွေးပေါင်းများစွာကို ပိုင်ဆိုင်ခဲ့ သည့် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် အခမ်းအနားများကို ယနေ့အချိန်အခါတွင် နိုင်ငံတစ်ဝှမ်း၌ ကျင်းပလျက်ရှိပေသည်။

လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း(၆၀)ကျော်အကြာတွင် မြန်မာနိုင်ငံ၌ ဒုတိယအကြိမ် ပြန်လည်ပေါ်ပေါက်ခဲ့သည့် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သော ပြည်ထောင်စုလွှတ်တော်တွင်လည်း ဗိုလ်ချုပ် အောင်ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည် တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဒုက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်း ထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)၊ ဒုတိယဝန်ကြီးများ၊ ဗိုလ်ချုပ် အောင်ဆန်း၏သမီး ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့် ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင် စု လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်များမှ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် သမိုင်းဝင် နိုင်ငံရေး ဆောင်ရွက်ချက်များအား ကောက်နုတ်ဖော်ပြထားသည့် ဗွီဒီယိုမှတ်တမ်းကို ဂုဏ်ပြုပြသသည်။

 ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ဖေဖော်ဝါရီ (၁၃)ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ကိုရည်စူးပြီး ဗိုလ်ချုပ်အား ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးခေါင်းဆောင်ဟု တင်စားဂုဏ်ပြုလိုပါကြောင်း။

 ဗိုလ်ချုပ်သည် တက္ကသိုလ်ကျောင်းသားဘဝတွင် စိတ်တူသဘောတူ အပေါင်းအသင်းများနှင့် တွေ့ရှိပြီး လွတ်လပ်ရေးလှုပ်ရှားမှုတွင် စတင်ပါဝင်ခဲ့ပါကြောင်း၊ ထိုအချိန်ကပင် ဒီမိုကရေစီစံနှုန်း စံထားများကို လက်ခံကျင့်သုံးခဲ့သည်ဟုပြောပါက မမှားနိုင်ပါကြောင်း၊ အများ၏ လွတ်လပ်စွာ ရွေးချယ် တင်မြှောက်မှုအရ ကျောင်းသားသမဂ္ဂတွင် တာဝန်အဆင့်ဆင့်ကိုယူခဲ့ပြီး တစ်နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအထိ တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း။

  တက္ကသိုလ်ကျောင်းမှထွက်ပြီးနောက် ဒို့ဗမာအစည်းအရုံးအဖွဲ့ဝင်တစ်ဦးအနေဖြင့် လွတ်လပ် ရေး လှုပ်ရှားမှုများတွင် ဆက်လက်ပါဝင်ခဲ့ပါကြောင်း၊ ထို့နောက် နိုင်ငံရေးပါတီကို အခြေခံသည့် နိုင်ငံရေး လမ်းကို စတင်လျှောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၁၉၄၁ ခုနှစ်တွင် ဖွဲ့စည်းလိုက်သော ဗမာ့လွတ်လပ်ရေး တပ်မတော် (BIဗ)ကို ဦးဆောင်သည့် ဗိုလ်တေဇ(ခေါ်)ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့တပ်မတော်၏ ဖခင်ဖြစ်ပါကြောင်း၊ ဒုတိယကမ္ဘာစစ်မီးပွားများ မြန်မာနိုင်ငံအတွင်းသို့ ပျံ့လွှင့် တောက်လောင်နေစဉ် အတွင်း တပ်မတော်တာဝန်ထမ်းဆောင်နေသည့် ကာလ၌ပင်လျှင် ဗိုလ်ချုပ် အောင်ဆန်း၏ ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးကြိုးပမ်းမှုများ စတင်အကောင်အထည်ဖော် လာသည်ဟုပြောလျှင် အချို့က အံ့ဩကောင်းအံ့ဩ ကြမည်ဖြစ်ပါကြောင်း။

 ဗိုလ်ချုပ်သည် နိုင်ငံအတွင်းရှိ တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်မှုသည် အဓိက ကျကြောင်း သဘောပေါက်လက်ခံသည်နှင့်အမျှ ကရင်-ဗမာချစ်ကြည်ရေးကို ဦးတည်ကြိုးပမ်းခဲ့ ပါကြောင်း၊ ယင်းဖြစ်စဉ်တွင် ဗိုလ်ချုပ်၏ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ပြနေပြီး ဒီမိုကရေစီစံနှုန်း ထားကို ပေါ်လွင်စေခဲ့ပါကြောင်း၊ ဒီမိုကရေစီယဉ်ကျေးမှု၏ကျောရိုးမှာ ပြဿနာများ၊ ပဋိပက္ခ များကို ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းဖြင့် ဖြေဖျောက်နိုင်စွမ်းပင်ဖြစ်ပါကြောင်း၊ စစ်ပြီးကာလတွင် ဗိုလ်ချုပ်၏ ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက် ခေါင်းဆောင်မှုပေးနိုင်သော အရည်အချင်းများသည် ပိုမို ထင်ရှားလာပါကြောင်း၊ လွတ်လပ်ရေးတိုက်ပွဲကို ဦးစီးဦးဆောင်ပြုရာ၌ ပြည်သူ့အင်အားကို အလေးထားသော်လည်း အလွဲသုံးစားမှုမပြုခဲ့ပါကြောင်း၊ တတ်နိုင်သရွေ့ နိုင်ငံနှင့်ပြည်သူ မနာစေမည့် နည်းလမ်းများသုံးပြီး လွတ်လပ်ရေးရယူရန်ကြိုးပမ်းခဲ့ပါကြောင်း။

 လန်ဒန်မြို့သို့သွားရောက်ပြီး လွတ်လပ်ရေးတံခါးကိုဟခဲ့သည့် အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ပါကြောင်း၊ ထို့နောက် ပြည်ထောင်စုလမ်းကိုပွင့်စေခဲ့ပြီး ပင်လုံစာချုပ်ကိုလည်း ချုပ်ဆိုခဲ့ပါကြောင်း၊ ဒီမိုကရေစီ အုတ်မြစ်ချရေးအတွက် တိုင်းပြုပြည်ပြုရွေးကောက်ပွဲတွင် ပါဝင်ခဲ့ပါ ကြောင်း၊ ရွေးကောက်ပွဲပြီးမြောက်သည့်အခါ လွှတ်တော်တွင် လွတ်လပ်သော ပြည်ထောင်စု မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ တင်သွင်းအတည်ပြုရေးကို ဦးဆောင်ခဲ့ပါကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲအတည်ပြုရာ၌ ဗိုလ်ချုပ်၏ ဒီမိုကရေစီပြည်ထောင်စု စိတ်ဓာတ် ထက်သန် မြင့်မားပုံကို ထင်ရှားစေခဲ့ပါကြောင်း၊ ခိုင်မာသော နိုင်ငံရေးမူများကိုအခြေခံပြီး ကျွမ်းကျင် သည့် အဆင့်မြင့်ဥပဒေပညာရှင်များနှင့်တိုင်ပင်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲခဲ့ ပါကြောင်း၊ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ခြင်းခံရသော ကိုယ်စားလှယ်များ၏ သဘော တူညီချက်ကို လွှတ်တော် အတွင်းရယူခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ အဓိကကျသော အပိုဒ်များကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရှင်းလင်းတင်သွင်းခဲ့ပါကြောင်း၊ အဆိုတင်သွင်းချက်ကို တိုင်းရင်းသား ခေါင်းဆောင်ကြီးများဖြစ်သော ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၊ ဝန်ကြီး မန်းဘခိုင်နှင့် ဆမားဒူးဝါး ဆင်ဝါးနောင် တို့က ထောက်ခံ ခဲ့ကြပါကြောင်း၊ ယင်းသည်ပင် ဗိုလ်ချုပ်အောင်ဆန်း၏ ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး ခေါင်းဆောင်မှုအရည်အချင်းကို ပြသလိုက်ခြင်း ပင်ဖြစ်ပါ ကြောင်း။

ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့် သတိရဂုဏ်ပြုသည့်အချိန်ကာလအတွင်း ဗိုလ်ချုပ်၏ ဒီမိုကရေစီ ပြည်ထောင်စု အိပ်မက်များ အကောင်အထည်ဖော်နိုင်ရန်အတွက် မိမိတို့အားလုံးက ကျရာအခန်း ကဏ္ဍက ပါဝင်ထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံရေးပါတီများမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တို့က ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်နှင့် မူဝါဒများအပေါ် ရှုထောင့်စုံမှ သုံးသပ်ထားသည့် စာတမ်း(၁၄)စောင်ကို ဖတ်ကြားခဲ့သည်။

 ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အထိမ်းအမှတ်ဂုဏ်ပြု အမှာစကား ပြောကြားရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် လူ့ဘဝတွင် အသက်ရှင်နေထိုင်ခွင့်ရခဲ့သည်မှာ နှစ်ပေါင်း (၃၀)သာသာရှိပြီး လူ့သက်တမ်းအားဖြင့်ဆိုလျှင် အလွန်တိုတောင်းလှသည့် တစ်သက် တာဟု ဆိုနိုင် ပါကြောင်း၊ သို့သော် ဗိုလ်ချုပ် ဖြတ်သန်းခဲ့သည့် အနှစ်(၃၀)ဆယ်သာသာသည် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းစဉ်ကြီးတစ်ခုလုံးကို ထင်ဟပ်ဖော်ပြနေခြင်းကြောင့် ကြီးကျယ် ခမ်းနားလှသည့် တစ်သက်တာဟု ဆိုရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ကြီးကျယ်ခမ်းနားလှသည့် သမိုင်းမှတ် တိုင်ကြီးကို ဖန်တီးစိုက်ထူနိုင်ခဲ့သည့် ဗိုလ်ချုပ်၏ ထူးခြားဂုဏ်အင်များကို ကျမ်းအစောင်စောင် ပြုစုခဲ့သော်လည်း ကုန်နိုင်ဖွယ်ရာမရှိပါကြောင်း။

  “သမိုင်းမှာ တွင်ကျန်ရစ်တဲ့ ပုဂ္ဂိုလ်ကျော်ဆိုတာ သူဖြတ်သန်းရာ ခေတ်ရဲ့တာဝန်ကို ပြီးမြောက် အောင်မြင်အောင် ထမ်းဆောင်နိုင်သူသာဖြစ်တယ”ဟု “မဟာအင်အားကြီးနိုင်ငံများရဲ့ နေထွက်ချိန်နဲ့ နေဝင်ချိန်” (The Rise and Fall of Great Power) ကျမ်းကြီးကိုပြုစုခဲ့သည့် ခေတ်ပြိုင် သမိုင်း ပညာရှင် ပေါ(လ)ကင်နေဒီက ဖွင့်ဆိုဖူးပါကြောင်း၊ မိမိတို့၏ ဗိုလ်ချုပ်သည် ကင်နေဒီ ဖွင့်ဆိုပြခဲ့သည့် သမိုင်းတွင်ကျန်ရစ်သည့်ပုဂ္ဂိုလ်မျိုး ဖြစ်ပါကြောင်း၊ ထောင့်သုံးရာပြည့်အရေးတော်ပုံကြီးအတွင်းတွင် ဗိုလ်ချုပ်ဦးဆောင်သည့် ခေါင်းဆောင်များက မိမိတို့တိုင်းပြည်အတွက် မဟာဗျူဟာ ရည်မှန်းချက်ကြီး (၃)ရပ်ကို ချမှတ်ခဲ့ပါကြောင်း၊ “လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနှင့် ဆိုရှယ်လစ်ရေး တစ်နည်းဆိုရလျှင် ခေတ်မီနိုင်ငံတော်ထူထောင်ရေး”တို့ဖြစ်ပါကြောင်း။

  ဗိုလ်ချုပ်တို့ခေတ်၏တာဝန်သည် “လွတ်လပ်ရေးကြိုးပမ်းမှု”ဖြစ်ပါကြောင်း၊ ယင်းတာဝန်ကို ဗိုလ်ချုပ်က ပြီးမြောက်အောင်မြင်အောင် ထမ်းဆောင်သွားခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း မိမိတို့ခေတ်၏ တာဝန်ဖြစ်သည့် “ဒီမိုကရေစီရေး”ကို ပြီးမြောက်အောင်မြင်အောင် ထမ်းဆောင်နိုင်ပါမှ ဗိုလ်ချုပ်၏ သားကောင်း၊ သမီး ကောင်းများ ဖြစ်ထိုက်မည်ဟု ယူဆပါကြောင်း။

 “ပျော့လွန်းလျှင် ရစ်တတ်၏။ တင်းလွန်းလျှင် ပြတ်တတ်၏။ နိုင်ငံအရေးဆောင်ရွက်ရာတွင် မလျှော့မတင်း ကျင့်သုံးအပ်၏။” ဟု မုံရွေးဇေတဝန်ဆရာတော်ကြီးက “ရာဇောဝါဒကျမ်း”တွင် မိန့်ကြားခဲ့ဖူးပါကြောင်း၊ ထိုကဲ့သို့ ခေတ်ပြိုင် နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် ဂျိုးဇက်အက် (စ)နိုင်း(ဂျူနီယာ)က “စမတ်ပါဝါ (Smart Power)”ဟု အဓိပ္ပါယ်ဖွင့်ပါကြောင်း၊ စမတ်ပါဝါ ဆိုသည်မှာ ပါဝါအပျော့နှင့် ပါဝါအမာ နှစ်မျိုးပေါင်းကို ဆိုလိုပါကြောင်း၊ မိမိတို့ဗိုလ်ချုပ်သည် စမတ်ပါဝါကို ကျကျနန ကိုင်တွယ်ကျင့်သုံးနိုင်သည့် ခေါင်းဆောင်ကြီးဖြစ်ပါကြောင်း။

   ဗိုလ်ချုပ်ထက် အသက်အရွယ်အရ ပိုကြီးသော်လည်း ဗိုလ်ချုပ်ကို ခေါင်းဆောင်အဖြစ် ကြည်ကြည်ဖြူဖြူ လက်ခံခဲ့သည့် ဗိုလ်ချုပ်၏လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ဦးနုက ဗိုလ်ချုပ်၏ အရည်အချင်းတစ်ရပ်ကို သူ၏ “ငါးနှစ်ရာသီ ဗမာပြည်” စာအုပ်တွင် ယခုလို မှတ်တမ်းတင်ခဲ့ပါကြောင်း၊ “ဗိုလ်ချုပ် အောင်ဆန်းမှာ ကိုယ်တွင်းသံလိုက်ဓာတ် အလွန်ကောင်းသော သူဖြစ်သည်။ သူ့နှင့်တွေ့ရလျှင် အကျကြီးကျသွားသူသာ များလေသည်။ ဂျပန်တော်လှန်ရေး၏ အဓိကဖြစ်သော ကရင်ဗမာချစ်ကြည်ရေး အတော်အတန် ခရီးရောက် ထမြောက်အောင်မြင်ခဲ့သည်မှာ ဤသံလိုက်ဓာတ် ကြောင့်ဟုဆိုလျှင် မမှားနိုင်ပေ” ဟု ဦးနုထောက်ပြသည့် ယင်းအချက်သည် ဗိုလ်ချုပ်၏ ပါဝါအပျော့ကို လှစ်ပြလိုက်သည့်ဖော်ပြချက်ဟု ဆင်ခြင်မိပါကြောင်း၊ ပါဝါအမာ ဘက်ကဆိုလျှင် မြန်မာ့တပ်မတော် ကြီးကို မီးရှုးသန့်စင် ဖွားမြင်စေခဲ့ခြင်း၊ အင်္ဂလိပ်နယ်ချဲ့ တော်လှန်ရေး၊ ဂျပန်ဖက်ဆစ်တော်လှန်ရေးတို့ကို ဦးဆောင်ဆင်နွှဲခဲ့ခြင်းများသည် ပါဝါအမာ၏ ထင်ရှားသည့် သာဓကများဖြစ်ပါကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်သည် ပါဝါအပျော့နှင့်ပါဝါအမာကို ဟန်ချက်ညီညီ ပေါင်းစပ် ကျင့်သုံးတတ်သည့် စမတ်ပါဝါ ပိုင်ရှင်ဟု အခိုင်အမာဆိုချင်ပါကြောင်း။

  မိမိတို့တစ်တွေ တာဝန်ယူထားကြရသည့် ဒီမိုကရေစီအရေးတော်ကြီးသည် အေးဆေး တည်ငြိမ်သည့် ပတ်ဝန်းကျင်အခြေအနေတွင် အစပြုကြရခြင်းမဟုတ်ပါကြောင်း၊ ပြည်တွင်းပြည်ပ စိန်ခေါ်မှုများ ပြည့်လျှမ်း နေသည့် “အကျပ်အတည်းဝန်းကျင်”တွင် တာဝန်ယူကြရခြင်းဖြစ်ပါကြောင်း၊ ထိုသို့ အခင်းအကျင်းမျိုးတွင် ဗိုလ်ချုပ်ကဲ့သို့ စမတ်ပါဝါကို ကျကျနန ကိုင်တွယ်ကျင့်သုံးနိုင်မှသာ ဗိုလ်ချုပ် ကဲ့သို့ ခေတ်၏တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။

  နိုင်ငံရေးဆိုသည်မှာ “နုရာက ရင့်ရာက” အဆင့်ဆင့် တည်ဆောက်သွားကြရသည့်ဖြစ်စဉ်ဟု သဘောရပါကြောင်း၊ နိုင်ငံရေး၏ ပထမဆုံးအဆင့်၊ အခြေခံအဆင့်ကို “လှုံ့ဆော်နိုင်ငံရေး”ဟု နိုင်ငံရေး သိပ္ပံပညာက သတ်မှတ်ပါကြောင်း၊ ယေဘုယျအားဖြင့် ယင်းအဆင့်ကို “တက်ကြွလှုပ်ရှားသူ”အနေဖြင့် အစပြုကြခြင်းများပါကြောင်း၊ ယင်းထက် ပိုရင့်ကျက်သည့်အဆင့်ကို “ ရည်မှန်းချက်နိုင်ငံရေး”ဟု ဆိုပါ ကြောင်း၊ မိမိဘယ်ကိုသွားချင်သည်၊ ဘယ်လိုသွားမည်ဆိုသည်ကို မဟာဗျူဟာကျကျ စဉ်းစား ဆုံးဖြတ်ရသည့်အတွက် “စိတ်လှုပ်ရှားမှု”သက်သက်ဖြင့် နိုင်ငံရေးလုပ်၍ မရတော့ပါကြောင်း၊ “အမြော်အမြင်”က အဓိကဖြစ်လာပါကြောင်း၊ ယင်း အဆင့်ကို အောင်အောင်မြင်မြင်ဖြတ်သန်းနိုင်ရန် အတွက် တက်ကြွလှုပ်ရှားသူအဖြစ်လောက်ဖြင့် မလုံလောက်တော့ပါကြောင်း၊ “ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမား”ဖြစ်ရန်လိုပါကြောင်း၊ နိုင်ငံရေး၏ အမြင့်ဆုံးအဆင့်သည် “ပညာနိုင်ငံရေး”ဟု မှတ်သား ရပါကြောင်း၊ ပညာနှင့်ယှဉ်ပြီး နိုင်ငံရေးလုပ်ကြရသည့် အဆင့်ဖြစ်ပါကြောင်း၊ ယင်းအဆင့်တွင် “နိုင်ငံရေးသမား”သာမက “နိုင်ငံပြုသမား”ဖြစ်ရန်လိုပါကြောင်း၊ တစ်နည်းဆိုလျှင်  “တော်လှန်ရေး သမား” သက်သက်မဟုတ်ဘဲ “တည်ဆောက်ရေးသမား”ပါ ဖြစ်ရန် အရေးကြီးပါကြောင်း။

  ဗိုလ်ချုပ်၏ တစ်သက်တာကို ကြည့်လိုက်ပါက “နုရာက ရင့်ရာကို” ရွေ့လာသည့် သဘောကို အထင်အရှားတွေ့နိုင်ပါကြောင်း၊ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်ခေါင်းဆောင်နေဖြင့် နိုင်ငံရေး ဘဝကိုစခဲ့သည့် ကိုအောင်ဆန်းသည် စစ်ကြိုခေတ်တွင် နိုင်ငံရေးသမား သခင် အောင်ဆန်း ဖြစ်လာ ပါကြောင်း၊ စစ်ပြီးခေတ်ရောက်သည့်အခါ “နိုင်ငံပြုသမားကြီး” ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာခဲ့ပါကြောင်း။

  ယနေ့ မိမိတို့တစ်တွေ မျက်မှောက်ပြုနေကြရသည့် ဒီမိုကရေစီအရေးတော်ကြီးသည် ယခုဆိုလျှင် အခြေခံအဆင့်ကိုကျော်လွန်ပြီး ရည်မှန်းချက်နိုင်ငံရေးနှင့် ပညာနိုင်ငံရေးအဆင့်ကို တက်လှမ်းကြရတော့ မည်ဖြစ်ပါကြောင်း၊ ယင်းတာဝန်ကို ပုခုံးပြောင်းယူကြရမည့် မိမိတို့အနေဖြင့် နိုင်ငံရေးအသိ၊ နိုင်ငံရေး သတိကို ဗိုလ်ချုပ်ကဲ့သို့ နုနယ်ရာက ရင့်ကျက်လာအောင် တည်ဆောက်ကြရန်လိုပြီဟု သဘောရပါကြောင်း။

  ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အာဇာနည်ခေါင်းဆောင်ကြီးများသည် ၎င်းတို့ခေတ်၏ လွတ်လပ်ရေးတာဝန်ကြီးကို အောင်မြင်ပေါက်မြောက်အောင် ထမ်းဆောင်ရင်း အသက်ပေးသွား ခဲ့ကြပါကြောင်း၊ မိမိတို့အနေဖြင့်လည်း မိမိတို့ခေတ်၏တာဝန်ဖြစ်သည့် ဒီမိုကရေစီအရေးတော်ကြီးကို အောင်မြင်ပြီးမြောက်အောင် ထမ်းဆောင်ကြပါစို့၊ မိမိတို့သားသမီး နောင်မျိုးဆက်များကို လက်ဆင့်ကမ်း ပေးကြရမည့် ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးတာဝန်ကြီးအတွက်လည်း အခြေအနေကောင်းများ ဝိုင်းဝန်းဖန်တီးကြရန် ဆန္ဒပြုတိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယက က တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

                           ၂၀၁၅ ခုနှစ်  ဖေဖော်ဝါရီ လ ၁၁ ရက်

Standard (Image)