ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
ဒီကနေ့ အားလုံးသိတဲ့အတိုင်းပဲ ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် အခမ်းအနား ကျင်းပတဲ့ပွဲမှာ မီဒီယာတွေတော်တော်များများ လာကြတယ်။ ဒီအခမ်းအနားကျင်းပတဲ့အခါမှာ လည်း တွေ့တဲ့လူတွေက အတော်ပေါက်မြောက်အောင်မြင်မယ်လို့ ယူဆတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ မီဒီယာအဖွဲ့အနေနဲ့ သိလိုတာလေးတွေရှိရင်မေးပါ။ အဲ့အတိုင်းပဲ အချိန်က နာရီဝက်ရတဲ့အတွက် အဲဒါကြောင့် မေးချင်တာလေးတွေမေးနိုင်တယ်။ မေးပြီးတဲ့အခါမှာ မှတ်သားစရာလေးတွေ မှတ်သားနိုင်တယ်။ မှတ်သားပြီးတဲ့အခါမှာ ကိုယ်နဲ့သက်ဆိုင်တဲ့ သတင်း မီဒီယာတွေ တွေ့တဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းကွဲစရာ၊ အနာတရဖြစ်စရာတွေ မရေးဖို့ မေတ္တာရပ်ခံပါတယ်၊၊ အဲလိုတွေရေးတဲ့အခါကျရင် ဘယ်သူ့ထိခိုက်မလဲဆိုတဲ့ အခါ နောက်ဆုံးနိုင်ငံ့အတွက် တို့နိုင်ငံငြိမ်းချမ်းရေးအတွက် အစည်းအဝေးမှာ နောက်ဆုံးပြောသလိုပဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးမဖြစ်ဘဲနဲ့ မရှိဘဲနဲ့ တို့နိုင်ငံ ငြိမ်းရေးမရနိုင်သလို ငြိမ်းချမ်းရေးမရဘူးဆိုလို့ရှိရင် တို့တွေရည်မှန်းထားရှိတဲ့ တို့နိုင်ငံကိုငြိမ်းချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့လွယ်မှာမဟုတ်ဘူး။ သတင်းမီဒီယာတွေကို အလေးထားတယ်၊ အားထားတယ်။ ကိုယ့်ရဲ့တာဝန်ကို တာဝန်ယူဖန်တီးတဲ့အခါမှာ ရည်မှန်းချက်ထားမှ သတင်းမီဒီယာကဏ္ဍမှာလည်း ထို့အတူ လွဲမှားနေတဲ့ကိစ္စများရှိလို့ရှိရင်လည်း တည့်မတ်ပေးပြီး တော့ ကိုယ့်နိုင်ငံအကျိုးစီးပွားအတွက် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ စပြီးမေးစရာရှိတာ မေးလို့ရပြီ။
ဦးစွမ်းရဲထွဋ် (ပြည်ထောင်စုနေ့စဉ်သတင်းစာ)
အမျိုးသားပညာရေး ဥပဒေကြမ်းနဲ့ပတ်သက်ပြီးတော့ လွှတ်တော်ကဘယ်လို ဆက်လက် ဆောင်ရွက်မယ်ဆိုတာ သိချင်ပါကြောင်း။ ပြီးတော့ White Card နဲ့ပတ်သက်ပြီးတော့ နယ်ပယ်စုံက ဝေဖန်မှုတွေရှိနေတယ်လို့ သိရပါကြောင်း။ လွှတ်တော်ကရော ဘယ်လိုဆက်လက် ဆောင်ရွက်မယ် ဆိုတာ သိချင်ပါကြောင်း။ ပြီးတော့လက်ရှိနိုင်ငံအတွင်းမှာ ၈၈ က လိုပုံစံမျိုး သပိတ်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကြားရပါကြောင်း။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဘယ်ဘက် ကနေ ရပ်တည်မလဲ၊ အဲဒါလေး ၃ ချက်သိချင် ပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
ပထမတစ်ချက်ကတော့ အမျိုးသားပညာရေး ဥပဒေကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်အနေနဲ့ ဘယ်လိုဆက်လက်ဆောင်ရွက်မလဲဆိုတဲ့မေးခွန်း၊ လွှတ်တော်ဟာ ဥပဒေပြုရေးတာဝန် ကိစ္စရပ်များ ကို ဆောင်ရွက်ရတယ်။ အဲဒါကြောင့် အမျိုးသားပညာရေးဥပဒေ ကို ပြည်ထောင်စုအစိုးရက တာဝန်ယူပြီးတော့ ဆောင်ရွက်ပေးရတဲ့ ပညာရေးဝန်ကြီးဌာနက တြင်ပလာတဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ ပြဋ္ဌာန်း အတည်ပြုပေးခဲ့ပြီးဖြစ်တယ်။ ဒါကြောင့် မို့လို့ ပြဋ္ဌာန်းအတည်ပြုပြီးသား ဥပဒေဟာဆိုရင် တည်ဆဲ ဥပဒေဖြစ်တယ်။ ဒါကြောင့် တည်ဆဲဥပဒေထဲက တစ်ချို့ ဒီနေ့ဒီချိန်ကာလနဲ့ ကိုက်ညီမှုမရှိဘူး။ ဆီလျော်မှုမရှိဘူး။ ပြင်ဆင်စရာလိုတယ်ဆိုလို့ရှိရင် သက်ဆိုင်ရာဝန်ကြီးဌာန ၊ ဒါမှမဟုတ် လို့ရှိရင် ပြည်ထောင်စုအဆင့် အဖွဲ့တွေကနေပြီးတော့ ပြင်ဆင်ဖို့အတွက် ဥပဒေကြမ်းတင်လာမယ်ဆိုလို့ရှိ ရင်တော့ လွှတ်တော်အနေနဲ့ ပြင်ဆင်လိုတဲ့ဥပဒေများကို အမြန်ဆုံး ပြီးမြောက်အောင် ဆောင်ရွက် ပေးဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီအတွက်ပဲ ဒီနေ့အများခေါ် ၄ ပွင့်ဆိုင်ဆွေးနွေးရေးပွဲနဲ့ ပတ်သက်လို့ ဒီနေ့ ဒီမှာပြုလုပ်ကျင်းပတဲ့ အစည်းအဝေးမှာလည်း ပြည်ထောင်စုလွှတ်တော်ဘက်က ကိုယ်စားလှယ်(၂၀)ဦး စေလွှတ်ပြီးတော့(ဒီ)ဆောင်မှာ အစည်းအဝေးလုပ်နေပါတယ်။ ွပည်ထောင်စု လွှတ်တော်ကော်မတီ လွှတ်တော်အခွင့်အရေးကတော့ နိုင်ငံနဲ့နိုင်ငံသားများရဲ့ အကျိုးစီးပွား ဖြစ်ထွန်းစေသော ဥပဒေများအသစ်ပြဋ္ဌာန်းဖို့ ရှိပါတယ်။ အဲဒီပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာ တရား မျှတပြီး အများပြည်သူလိုက်နာနိုင်မယ့် ဥပဒေဖြစ်ရေးအတွက် ရှေးရှုဆောင် ရွက်မယ်။ ဒုတိယ မေးခွန်းကို မဖြေခင် တတိယမေးခွန်းကတော့ အခုဒီနေ့ ဖြစ်ပေါ်နေတဲ့ သပိတ်စစ်ကြောင်း၊ နောက်တစ်ခါ ၈၈ လိုအရေးခင်းမျိုး အဖြစ်ခံနိုင်မလား ၊ ဒီနေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဘယ်လိုရပ်တည်မ လဲဆိုရင် ပြည်ခိုင်ဖြိုး ပါတီက ပြည်သူ့ဘက်ကပဲရပ်တည်မှာပါ။ ပြည်သူ့ဘက်က ရပ်တည်ပြီး ပြည်သူ့အကျိုး စီးပွား၊ နိုင်ငံ့အကျိုးစီးပွားွဖစ်အောင်လုပ်ဖို့ပဲ။ ဒါကြောင့်မို့လို့ ၈၈ခုနှစ် အရေးခင်းမျိုး ဘယ်လိုမှမဖြစ်စေလိုပါဘူး။ အဲလိုမဖြစ်ရေးအတွက်လည်း ပါတီအနေနဲ့ လုပ်ဆောင်သင့် တဲ့ကိစ္စများကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လုပ်ဆောင်ပြီး အဲလိုလုပ်ဆောင်တဲ့ကိစ္စလည်း ပြည်သူ့ဘက်ကပဲ ဖြစ်မယ်လို့ထင်ပါတယ်။ နောက်တစ်ခုကတော့ White Card၊ White Card နဲ့ နောက်မှာ သတင်းတွေအမျိုးမျိုးပေါ့ ၊ White Card ကိုင်ဆောင်တဲ့ သူတွေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရရှိသွားတာနဲ့ ပတ်သက်လို့ ဆန္ဒတွေ ဖော်ထုတ်မယ်၊ ဆန္ဒတွေပြမယ်၊ ဒီပေါ်ကို မူတည်ပြီးတော့ အစိုးရအဖွဲ့က ၊ အချို့ အဖွဲ့အစည်းတွေ က အဲလိုမျိုးမဖြစ်အောင် ညှိနှိုင်းဆောင် ရွက်မယ်။ ဒီဟာကတော့ ဥပဒေ အရ ပြဋ္ဌာန်းလိုက်တဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ဒီဥပဒေဟာလည်း မနေ့ကတုန်းက သမ္မတကြီးက လက်မှတ် ရေးထိုးပြီး ထုြတ်ပန်တဲ့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းဟာလည်း အတည်ဖြစ် ပါတယ်။ ဒါကြောင့်မို့လို့ အတည်ဖြစ်တဲ့အတွက် ဒီပေါ်မှာ မူတည်ပြီးတော့ ပြင်ဆင်ဖို့လိုတယ်၊ ပြင်ဆင်ချင် တယ်ဆိုရင် သက်ဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့ အစည်းကနေပြီးတော့ ပြင်ဆင်ဖို့တင်ပြတဲ့ခါမှာ ဒီပေါ်မှာ မူတည်ပြီးတဲ့အခါ ပြည်ထောင်စု လွှတ်တော်က ဒီဥပဒေနဲ့ပတ်သက်လို့ ပြန်လည် သုံးသပ်ပြီး ဥပဒေနှင့်အညီရေးဆွဲသွားမှာ ဖြစ်ကြောင်း ပြောကြားပါသည်။
ဦးဘုန်းကျော် (The First Weekly ဂျာနယ်)
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းထားသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ရေး ဖြစ်လာမည်ကို ပြည်သူအများစုမှလည်း မျှော်လင့်နေသည်များ လည်းရှိပါကြောင်း၊ ရွေးကောက် ပွဲသည်လည်း လာမည့် ၂၀၁၅ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ လလောက်တွင် သတ်မှတ်ထားသည့် အနေအထားမှာ ဤခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးသည် အစိုးရနှင့် လွှတ်တော်ကြားမှာလည်း ပြဿနာတစ်ရပ်ပုံစံမျိုးများ ကြားသိနေရသည့်အပေါ်မှာ ပြည်သူများက လည်း ဤခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးသည် ဒီရွေးကောက်ပွဲ မတိုင်ခင် မှာ ဖြစ်လာနိုင်ပါ့မလား၊ ဘယ်တော့၊ ဘယ် ကာလ၊ ဘယ်အချိန်မှာဖြစ်လာမလဲ ဆိုသည်ကိုသိချင်နေကြပါကြောင်း၊ ထိုအချက် တစ်ချက် အား ဖြေပေးစေချင်ပါကြောင်း၊ နောက်တစ်ခု အနေဖြင့် ကျောင်းသားများ အရေး အခင်းနှင့် ပတ်သက်ပြီး ထိုကျောင်းသားများ အရေးအခင်း အမြန်ဆုံး ပြေလည်မှုရရှိအောင် ဘယ်လို ထိန်းချုပ်သွားမလဲဆို တာကိုလည်း သိချင်ပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးသည် ရွေးကောက်ပွဲမတိုင်ခင် ဖြစ်မှဖြစ်ပါ့မလားဆိုသည့် မေးခွန်း နှင့်ပတ်သက်ပြီး ပြောရမည်ဆို လျှင် ဖြစ်နိုင်သည်ဟု ဖြေရမည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့နှင့် လွှတ်တော်နှစ်ရပ်ကြားခြောက်ပွင့်ဆိုင်ကိစ္စနှင့်ပတ်သက်၍ အချို့ကိစ္စများက သဘော ထား မတိုက်ဆိုင်မှုတွေရှိသည့်ကိစ္စနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့၏ ခေါင်းဆောင်သမ္မတအနေနှင့် ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာနှင့်ပေးပို့သည့်အခါ ဒီကိစ္စမျိုးကို ဒီလိုယူတယ်ဆိုသည့် အတွက် ကြိုဆိုတယ်၊ ပြီးသည့်အခါမှာ ဘယ်လို ဘယ်နည်း ပြော မည်ဆိုလျှင် Framework များ ချမှတ်ပြီး ဆောင်ရွက်မည်ဆိုသည့် ဒီလိုသဝဏ်လွှာ ပို့ထားသည့်အတွက် ကြိုဆိုကြောင်း၊ ဆောင်ရွက်မယ်၊ ဘယ်လိုဆောင်ရွက်မည်ဆိုသည့် ကိစ္စကို ညှိနှိုင်းပေးနိုင်မည့် ကိစ္စများရှိပါကြောင်း၊ အဲ့ဒီအတိုင်း ဒီလိုပဲဖြစ် မည်လို့ပဲ ပြောချင်ပါကြောင်း၊ ဒုတိ ယမေးခွန်း ပြန်မေးပေးရန် ဖြစ်ကြောင်း၊ အမေးတစ်ခြား အဖြေတစ်ခြား ဖြစ်မှာစိုး၍ ဖြစ်ကြောင်း ပြောကြားပါသည်။
ဦးဘုန်းကျော် (The First Weekly ဂျာနယ်)
အခုလက်တလောဖြစ်ပေါ်နေသည့် ကျောင်းသားများကိစ္စနှင့်ပတ်သတ်၍ တစ်နိုင်ငံလုံးတွင် အုံကြွမှုများဖြစ်ပေါ်နေပါကြောင်း၊ အင်မတန်မှလည်း စိုးရိမ်ဖွယ်ရာကောင်းပါကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်အနေနှင့် ဘယ်လိုများထိန်းချုပ်၍ ရနိုင်မလဲဆိုတာလေး တစ်ချက်သိချင်ပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
အဲဒီတော့ ဒီနေရာမှာလည်း သူက အပိုင်းခွဲွပောရမှာရှိပါတယ်။ ပြည်ထောင်စုလွှတ်တော် ဆိုတာက မူဝါဒချမှတ်ခြင်း၊ တစ်ခါမူဝါဒမှတစ်ဆင့် လိုအပ်မည်ဆိုလျှင် ဥပဒေများပြဋ္ဌာန်းခြင်း ဖြစ်ပါကြောင်း၊ ထိုနည်းတူပင် တစ်ခါတစ်ခါ ပြည်ထောင်စုလွှတ်တော်အနေနှင့် သို့မဟုတ် လွှတ်တော်များအနေနှင့် အဆိုများရှိကြောင်း၊ အရေးကြီးအဆိုတွေရှိကြောင်း၊ အရေးကြီး အဆိုများအပေါ်မူတည်ပြီး ထိုအဆို၏ ရည်ရွယ်ချက်၊ တင်ပြချက်အပေါ်မူတည်ပြီး ထိုအဆို အတည်ဖြစ်သည်ဆိုလျှင် ခုနက ဒီလိုဖြစ်နေသည့် ကိစ္စများကို မဖြစ်ရန် တိုက်တွန်းမည်ဆိုသည့် ကိစ္စများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဒီလိုတိုက်တွန်းမည်၊ ခွဲပြောမည်ဆိုလျှင် ဆန္ဒပြနေသည့်ကျောင်းသားများ၊ ပြီးသည့်အခါတွင် ကျောင်းသားမဟုတ်သော်လည်း ကျောင်းသား ကဲ့သို့ပါဝင်သည့်သူများ၊ အခြားအဖွဲ့အစည်းများ၊ အစိုးရအနေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဝန်ထမ်းများနှင့် ဆောင်ရွက်ပေး နိုင်သလို ပြည်ထောင်စု လွှတ်တော်မှလည်း တိုက်တွန်းလိုကြောင်း၊ ကျောင်းသားများဒါမျိုးများ မလုပ်ကြနှင့်၊ ပြီးသည့်အခါတွင် အားပေးအားမြှောက်ပြုသည့် လူများရှိလျှင်လည်း ဒီလိုမလုပ်ကြ ပါနှင့်၊ လုပ်ချင်လျှင်လည်း မှန်ကန်သည့်နည်းလမ်းကို သုံးသင့်ကြောင်း၊ ဥပမာအားဖြင့် ဒီမိုကရေစီ ယဉ်ကျေးမှုဆိုတာ တွေ့ဆုံညှိနှိုင်း ဆွေးနွေး အွဖေရှာွခင်းွဖစ်ပါတယ်။ သူတို့က တွေ့ချင်တယ်။ တွေ့ဆုံတဲ့အခါမှာ ဆွေးနွေးညှိနှိုင်းပြီ့ ရရှိတဲ့ အပေါ်မှာ ဆက်လုပ်သွားမည်။ ထိုကဲ့သို့ဆိုလျှင် ပြီးသွားမည့် သဘောရှိကြောင်း၊ ဒီမိုကရေစီ နိုင်ငံတွင် ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရှိကြောင်း၊ ဥပဒေနှင့်အညီစုရုံးခွင့် ရှိကြောင်း၊ ဥပဒေနှင့်အညီ စီတန်းလှည့်လည်ခွင့်ရှိကြောင်း၊ အားလုံးသည် ဒီမိုကရေစီနိုင်ငံ ဖြစ်သည့်အတွက် ဥပဒေနှင့်အညီလုပ်မှသာ ဒီမိုကရေစီနိုင်ငံဖြစ်မည်ဖြစ်ကြောင်း၊ ဒါကြောင့်မို့လို့ ခွဲပြောမည်ဆိုလျှင် ပြည်ထောင်စုလွှတ်တော်ကတော့ ဘယ်လိုထိန်းချုပ်မလဲဆိုလျှင် ပြည်ထောင်စု လွှတ်တော်က ထိန်းချုပ်၍မရကြောင်း၊ ဒါတွေဖြစ်နေတယ်၊ ဒီလိုမလုပ်ကြပါနှင့်၊ ဒီလိုလုပ်ကြပါဟု ပြည်သူလူထု ကိုယ်စား တိုက်တွန်းရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ တိုက်တွန်းသည့်အခါတွင် မလိုက်နာဘူးဆိုလျှင် လိုက်နာအောင် အုပ်ချုပ်ရေးအဖွဲ့များက တာဝန်ယူရမည်ဖြစ်ကြောင်း၊ ပြည်သူတွေက ဝိုင်းပါရမည်။ ဒါတွေကို ပြည်ထောင်စု လွှတ်တော်မှ စောင့်ကြည့်ပြီး ထမ်းသိမ်း ညှိနှိုင်းပေးရန်ပဲ ဒါဘဲရှိပါကြောင်း၊ တိုက်ရိုက်ကြီး ပြည်ထောင်စု လွှတ်တော်က တိုက်ရိုက် ထိန်းချုပ်မည်ဆိုတာ မရှိပါကြောင်း ပြောကြားသွားပါတယ်၊
ဒေါ်လှလှဋ္ဌေး (AFP သတင်းဌာန)
ယခုလတ်တလောဖြစ်နေသည့် တိုက်ပွဲများနှင့်ပတ်သတ်ပြီး ပြည်ထောင်စုလွှတ်တော် အနေနှင့် ဘယ်လိုများ သဘောထားပေးလိုပါသလဲရှင်၊ နောက်တစ်ခုမှာ ခုနက နာယက ပြောသွားသည့်အထဲတွင် White Card နှင့်ပတ်သက်ပြီး ပြင်ဆင်ချင်သည်ဆိုလျှင် သက်ဆိုင်ရာ အဖွဲ့အစည်းများက ပြင်ဆင်မည်ဆိုလျှင် ပြေလည်အောင်ဆောင်ရွက်ပေးမည်ဟု ပြောသွားသည် ရှိပါကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းဆိုသည်မှာ ဘာကိုဆိုလိုတာပါလဲ၊ အစိုးရပိုင်းကို ပြောတာလား မိမိတို့တစ်ခုကြားထားသည်မှာ လွှတ်တော်မှာ ရှိသည့် ပြည်သူလွှတ်တော် ကိုယ်စားလှယ်တွေကလည်း အခြေခံဥပဒေဆိုင်ရာ ခုံရုံးကိုလည်း တင်ထားသည်ဟု ကြားပါကြောင်း မေးမြန်းသွားပါသည်။
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
ယနေ့ဖြစ်နေတဲ့ ကိုးကန့်ဒေသမှာဖြစ်နေသည့်တိုက်ပွဲတွေဟာ ပြီးခဲ့သည့် တစ်နေ့ကျော်က ဖြစ်ကြောင်း၊ မနေ့က တိုက်ပွဲဖြစ်နေသည်ဟု သိရကြောင်း၊ ယနေ့ ဖြစ်မဖြစ်မသိရကြောင်း၊ ထို့အတွက် ပြည်ထောင်စုလွှတ်တော်၏ သဘောထား၊ လွှတ်တော်၏ သဘောထားသည် ယခုလို လက်နက်ကိုင် ပဋိပက္ခမျိုးဖြစ်သည်ကို မလိုလားကြောင်း၊ ထို့ကြောင့် ခုနက ပြည်ထောင်စု လွှတ်တော်နှင့် လွှတ်တော်၏ သဘောထားကို ယနေ့လုပ်ဆောင်သည့်နေရာတွင် ဥပဒေပြုရေး အဓိကလုပ်ငန်းအပြင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတိုးမြှင့်မယ်ဆိုလို့ရှိရင် လက်နက်ကိုင်ချုပ်ငြိမ်းရန် အဓိကထားသည့်အတွက် ဒီလိုဖြစ်တာကို လုံးဝမလိုလားကြောင်း၊ မလိုလားသည့်အတွက် လွှတ်တော်ကလည်း လုပ်သင့်သည် များကို ဆက်လက်ပြီး တိုက်တွန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပိုမိုရှင်းလင်းအောင် ပြောရမည် ဆိုလျှင် White Card နှင့်ပတ်သက်၍၊ Referendum ဟုခေါ်သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်က White Card ကိုင်ဆောင်ထားသူများ (သို့မဟုတ်) ယာယီ သက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူများအား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်မရှိဘူးဟု ဆုံးဖြတ်ပြီး ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတထံပေးပို့ကြောင်း၊ နိုင်ငံတော်သမ္မတက ထို White Card နှင့် ကျန်သည့် ကိစ္စများကို မှတ်ချက်ရေးပေးပြီး ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ကြောင်း၊ ပြည်ထောင်စုလွှတ်တော်သို့ရောက်သည့်အခါ ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဒီအပေါ်ကို အလေးထားပြီး ဆွေးနွေးကြကြောင်း၊ ထိုသို့ မဆွေးနွေးခင် ဥပဒေအရ လုပ်ထုံး လုပ်နည်းများ၊ သမ္မတမှတ်ချက်ဖြင့် ပြန်ပို့လာသည့် ဒီဥပဒေကြမ်းကို ဥပဒေကြမ်းပူးပေါင်း ကော်မတီသို့ မိမိနာယကအနေဖြင့် လွှဲပေးကြောင်း၊ ဥပဒေကြမ်းပူးပေါင်းကော်မတီဟု ဆိုသည့် နေရာတွင် ယနေ့ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ဥက္ကဋ္ဌကတော့ ညာဘက်မှာ ထိုင်နေသည့် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌသည် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ဥက္ကဋ္ဌဖြစ်ကြောင်း၊ ဘယ်ဘက်မှာထိုင်နေသည့် ဦးတီခွန်မြတ်ကတော့ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်ကြောင်း၊ ဒီအဖွဲ့ဝင်များက ဒီဥပဒေကြမ်း သမ္မတဆီကလာသည့် မှတ်ချက်ကိုလွှဲပေးကြောင်း၊ ဥပဒေကြမ်းပူးပေါင်းကော်မတီက သမ္မတဆီက လာသည့်မှတ်ချက်ကို လေ့လာသုံးသပ်ပြီးသည့်အခါမှာ ဒီကိစ္စကတော့ သမ္မတ၏ အဆိုပြုမှတ်ချက် အတိုင်း ဆောင်ရွက်သင့်တယ်၊ ဒီကိစ္စကတော့ သမ္မတ၏မှတ်ချက်အတိုင်း မဆောင်ရွက်ပဲ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုဆုံးဖြတ်ချက် အတိုင်းဆောင်ရွက်ကြောင်း၊ တချို့ကျတော့ သမ္မတဆီကလာသည့်မှတ်ချက်ကို ဒီအတိုင်းမထားပဲ ပြင်ရေးကြောင်း၊ ပြင်ရေးပြီး အဲအတိုင်း ဆောင်ရွက်သင့်ပါတယ်ဆိုသည့်ကိစ္စမျိုးကို ဥပဒေကြမ်းပူးပေါင်းကော်မတီက ဆောင်ရွက်ကြောင်း၊ ထို့ကြောင့် သမ္မတဆီကလာသည့်မှတ်ချက်တွေကို ဥပဒေကြမ်းပူးပေါင်းကော်မတီများက ပြည်ထောင်စု လွှတ်တော်ကို အစီရင်ခံစာတင်ပြကြောင်း၊ တင်ပြသည့်အခါမှာ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်တို့ပါဝင်သည့် စာတမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြကြောင်း၊ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည့်အခါ ပြည်ထောင်စုလွှတ်တော်က လွှတ်တော် ကိုယ်စား လှယ်များက တင်ပြလာသည့် ထိုသုံးသပ်ချက်၊ အကြံပြုချက်အပေါ်မူတည်ပြီး ဆွေးနွေးခွင့်ရှိ ကြောင်း၊ ဆွေးနွေးသည့်နေရာမှာ ပြည်ထောင်စုလွှတ်တော်က တင်ပြသည့် အဆိုပြုချက်နှင့် သမ္မတဆီက လာသည့် မှတ်ချက်ပါ အကြောင်းအရာများကို တိုက်ရိုက်သက်ဆိုင် သူများက ဆွေးနွေးနိုင်ခွင့်ရှိကြောင်း၊ ထို့ကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းနှင့် ပတ်သတ်ပြီး ဆွေးနွေးရန် အမည်စာရင်းပေးသည့် သူရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ လွှတ်တော် ကိုယ်စားလှယ်ဆိုတာ ပါတီတစ်ခုက လွှတ်တော်ကိုယ်စားလှယ်(၁)ဦး ဖြစ်ကြောင်း၊ နောက်တစ်ခုက ပါတီတစ်ခုက လွှတ်တော်ကိုယ်စားလှယ်(၄)ဦး၊ နောက်တစ်ခုက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်(၄)ဦး၊ တိုင်းရင်းသားပါတီများက လွှတ်တော်ကိုယ်စားလှယ်(၄)ဦး စုစုပေါင်း (၁၃)ဦး တင်ပြဆွေးနွေးကြောင်း၊ ဆွေးနွေးသည့်အပေါ်မူတည်ပြီး နောက်ဆုံး ပြည်ထောင်စု လွှတ်တော်က မဲခွဲဆုံးဖြတ်တယ်၊ မဲခွဲဆုံးဖြတ်သည့်နေရာမှာ ထူးခြားချက်ကတော့ သိတဲ့အတိုင်းပဲ ဒီဥပဒေကြမ်း အပေါ် ဆွေးနွေးသည့်နေရာမှာ ဘာပါသလဲဆိုသည့်အခါမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ် တယ်၊ မညီညွတ်ဘူး၊ နောက်တစ်ခုက ဒီလို White Card ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ရှိတယ်၊ ဘယ်ဥပဒေတွေ ဘယ်ဥပဒေတွေမှာ ဘယ်လိုပြဋ္ဌာန်းသွားတယ်။ ထို့ကြောင့် မဲပေးခွင့်ရှိတယ်၊ ထို့ကြောင့် သမ္မတ၏ မှတ်ချက်ကို ထောက်ခံသင့်တယ်ဆိုပြီး ဆွေးနွေးတာ ရှိကြောင်း၊ နောက်ဆုံး အဖြေကတော့ ခုနပြောသည့်အတိုင်း မူလ ပြည်ထောင်စု လွှတ်တော်က White Card ခေါ်သည့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေက မဲပေးခွင့်မရှိဘူး ဆိုသော်လည်း ဆွေးနွေး လိုက်သည့်အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရနှင့် အခြားတည်ဆဲဥပဒေများအရ မဲပေးခွင့်ရှိ တယ်လို့ ဒီလို ပေါ်ထွက်လာသည့် အခြေအနေအပေါ်မူတည်ပြီး လွှတ်တော် ကိုယ်စားလှယ်များက ပြန်စဉ်းစားပြီးသည့်အခါမှာ ထိုသို့မဲပေးလိုက်သည့်အခါ ယခုလို အဖြေထွက်တာများလည်း ရှိ ကြောင်း၊ ဒါနှင့်ပတ်သက်၍ ယနေ့ ဒီကိစ္စကို Media များစိတ်ဝင်စားနေပြီး ပြည်သူများလည်း အထူးစိတ်ဝင်စားစရာ ကိစ္စ တစ်ခုဖြစ်ကြောင်း၊ ပြောရမည်ဆိုလျှင် အမျိုးသား ပညာရေးဥပဒေ ထက်ကျော်လွန်ပြီးတော့ ထိုကိစ္စကို စိတ်ဝင်စားနေသည့် သဘောရှိကြောင်း၊ အဲဒီသဘောရှိပါတယ်။ ဒါကြောင့် အများပြည်သူ စိတ်ဝင်စားနေသည့်အတွက် အများပြည်သူ သံသယတွေမဖြစ် ပေါ်လာ အောင်ဆိုပြီး ပြည်ထောင်စုလွှတ်တော် နာယကအနေနှင့် ဆောင်ရွက်ထားတာရှိပါကြောင်း၊ ထို ကိစ္စကို ယခုအမေးနှင့် ကြုံကြိုက်၍ တစ်ခါတည်းပဲ ရှင်းပြသွားမည်ဖြစ်ကြောင်း၊ ယနေ့ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်း အတည်ပြုလိုက်သည့် ဥပဒေနှင့် ထို့နည်းတူစွာပဲ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်တို့က ပြဋ္ဌာန်းလိုက်သည့် ဥပဒေများနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ/မရှိကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကသာ အဆုံး အဖြတ်ပေးနိုင်တယ်၊ အဓိပ္ပါယ်ဖွင့်ဆိုနိုင်တယ်၊ သဘောထားမှတ်ချက်များ ပြုနိုင်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိဆိုသည့် ကိစ္စသည် ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ ဥပဒေထွက်ပေါ်လာသည့် အချိန်မှာ သံသယရှိတယ် သို့မဟုတ် အဓိပ္ပါယ်ဖွင့်ဆိုစေချင်တယ် သို့မဟုတ် သဘောထားမှတ်ချက် ပေးချင်တယ်၊ သို့မဟုတ် ဆုံးဖြတ်ချင်တယ်ဆိုလျှင် (၆)ဦး ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ထိုအတိုင်းပဲ ဟိုထဲမှာမပါပေမယ့် ခုနကပြောသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် များကတော့ ဘယ်ကို ပို့ရသလဲဆိုရင် ခုနက ယနေ့ဆိုလျှင် ပြည်သူ့ လွှတ်တော်ကို ပို့ပေးရကြောင်း၊ အဲ့ဒီအတိုင်းပဲ ဆက်ပြီးပြောမည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးကို မေးခွင့်ရှိတာက ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှာရှိသည့် လွှတ်တော် ကိုယ်စားလှယ် ၁၀% လက်မှတ် ရေးထိုး ပြီးတော့ တင်ပြလာတယ်ဆိုလျှင် သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌက ထပ်ဆင့်ပြီးတော့ ခုံရုံးကို ပေးပို့ရကြောင်း၊ ဒါကြောင့်မို့လို့ ရှေ့ကတစ်ယောက် မေးသွားသည့် White Card မေးခွန်းနှင့် ပတ်သက်၍ မိမိတို့ ပြည်ထောင်စုလွှတ်တော်အနေနှင့် လည်းပဲ မှန်ကန်သည့် ဥပဒေ တစ်ရပ်ဖြစ်ဖို့ လိုအပ်ကြောင်း၊ ထို့ကြောင့် မနေ့က နိုင်ငံတော် သမ္မတကြီးက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာပြီး ဖြစ်ကြောင်း၊ ယနေ့မှာ ပြည်ထောင်စု လွှတ်တော် နာယကအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး စာနှင့်ရေးသား ပြီးသည့်အခါမှာ မေးမြန်း ပေးသွားတာရှိပါကြောင်း၊ ကြုံတုန်းပေါ့၊ ဒါနှင့် ပတ်သက်ပြီးတော့ ဘယ်လိုရေးထား တယ်ဆိုတာကို အားလုံးကြားအောင် ဖတ်ကြားပြောပြလိုကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ပြည်ထောင်စုလွှတ်တော်ရုံး စာအမှတ် ၁/ပထ (အစည်းအဝေး) ၉/ ၂၀၁၅-၁၇ ရက်စွဲ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်၊ သို့/ ဥက္ကဋ္ဌ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အကြောင်း အရာ သဘောထားရယူလိုခြင်းကိစ္စ ရည်ညွှန်းချက် (၁) နိုင်ငံတော်သမ္မတရုံး ၁၅ ရက် ၁၂ လ ၂၀၁၄ ရက်စွဲပါ စာအမှတ် (၁၀၇)၁/၈/ သမ္မတရုံး၊ ရည်ညွှန်းချက်(၂) ပြည်ထောင်စု လွှတ်တော်ရုံး၏ ၄-၂-၂၀၁၅ရက်စွဲပါ စာအမှတ် ၁/ပထ(စည်းဝေး) ၉/၂၀၁၅-၁၄၊ ရည်ညွှန်း ချက်(၃) နိုင်ငံတော်သမ္မတရုံး၏ ၁၀-၂-၂၀၁၅ ရက်စွဲပါ စာအမှတ် (၁၀၇) ၁/၈/ သမ္မတ ရုံး၊ ၁။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည်ဖြစ်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ကို ပြင်ဆင်သည့်ဥပဒေကြမ်း အတည်ပြုရေး၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေသစ် ထုတ်ပြန် ကြေညာနိုင်ရန် ပြည်ထောင်စုလွှတ်တော် နာယကထံမှ နိုင်ငံတော်သမ္မတထံသို့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် ပေးပို့ခဲ့ရာ ဥပဒေကြမ်းအပေါ် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက် များကို ပြည်ထောင်စု လွှတ်တော် နာယကထံသို့ ရည်ညွှန်း(၁)ဖြင့် ပြန်လည်ပေးပို့ခဲ့ပါတယ်။ ၂။ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့၊ ၃ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးသုံးသပ်ခဲ့ပြီး ဥပဒေကြမ်း အပိုဒ် ၁၁ ၊ အပိုဒ်ခွဲ(က)တွင် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်အညီ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို ဆန္ဒမဲပေးခွင့်ရှိသူများအဖြစ် ဖြည့်စွက် ပြင်ဆင်၍ လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြုခဲ့ပါသည်။ (၃) အဆိုပါဥပဒေကြမ်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၀၆ ပုဒ်မခွဲ(ခ) နှင့်အညီ နိုင်ငံတော်သမ္မတထံသို့ ရည်ညွှန်းခြင်းဖြင့် ထပ်မံပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ရည်ညွှန်း(၃)ဖြင့် ပြန်လည် ပေးပို့ခဲ့ သဖြင့် ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် ဥပဒေအဖြစ် ထုတ်ပြန်ကြေညာ ပြီးဖြစ် ပါ သည်။ (၄) အထက်အပိုဒ်(၂)ပါ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို ဆန္ဒမဲ ပေးခွင့်ရှိသူများအဖြစ် သတ်မှတ်ပြဋ္ဌာန်းခြင်း အကြောင်းအရာသည် တည်ဆဲဥပဒေ အချို့အပါ အဝင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ဆက်စပ်လျှက်ရှိသည်ဟု ယူဆရပါသည်။ (၅) သို့ပါ၍ တည်ဆဲဥပဒေအချို့နှင့် ဆက်စပ်မှုအရ ယင်းဥပဒေ ပုဒ်မ ၁၁ ပုဒ်မခွဲ(က)တွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို ဆန္ဒမဲပေးခွင့်ရှိ သူများအဖြစ် အတည်ပြု ပြဋ္ဌာန်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ/မရှိ သဘောထားရယူ လိုပါသဖြင့် ပြန်ကြားပေးနိုင်ပါရန် ပေးပို့အပ်ပါသည်။ ပူးတွဲ ရည်ညွှန်း(၁)(၂)(၃) မိတ္တူတစ်စောင်စီ (၁၀ရွက်) နှင့် အတည်ပြုဥပဒေမိတ္တူတစ်စောင် (၁၈ရွက်) သူရဦးရွှေမန်း နာယကဆိုပြီး ယနေ့ ပေးပို့ထား ပါကြောင်း၊ ဒါဘာကြောင့်လဲ ဒါနှင့်ပတ်သက်ပြီးတော့ ပြည်သူများအတွင်းမှာ ဇဝေဇဝါ ဖြစ်နေသည့် အမျိုးမျိုး မိမိတို့ထင်မြင်ရာများနှင့် ပြောမည်ဆိုလျှင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အပါအဝင် အခြားငြိမ်းချမ်းရေးများကို အနှောင့်အယှက်ဖြစ်မည် ဆိုးသည့်အတွက် ယနေ့ပဲ တာဝန်ရှိသည်ဟု ကိုယ့်ကိုကိုယ်ယူဆသည့် အတွက် ယနေ့ပဲ ပေးပို့ ထားပါကြောင်း၊ ကျန်သည့် အပိုင်းကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ သဘောထား မှတ်ချက်အပေါ်မူတည်ပြီးတော့ ခုနမေးသည့် မေးခွန်းများကို တစ်ခါတည်း ဖြေနိုင် သည်ဟု ထင်ပါကြောင်း၊ ယခုလိုမေးပေးသည့်အတွက်လည်း ကျေးဇူးတင်ပါကြောင်း ပြောကြားပါသည်။
ဦးအောင်ကြီး (DVB သတင်းဌာန)
မိမိတို့ နှစ် ၁၀၀ ပြည့်လုပ်ခဲ့သည့် ဗိုလ်ချုပ်ကလည်း ဒီတိုင်းရင်းသားစည်းလုံးညီညွတ်ရေး နှင့် Federal ပြည်ထောင်စုရဖို့အတွက်ကို အဓိကထားပြီးတော့ လုပ်ခဲ့ပါကြောင်း၊ ယခုလက်ရှိ မှာတော့ လောက်ကိုင်ဒေသမှာ တိုက်ပွဲများဖြစ်နေပါကြောင်း၊ ထို့ကြောင့် ဒီတိုင်းရင်းသားများ တောင်းဆိုသည့် Federal ပြည်ထောင်စုနှင့် အစိုးရက လိုက်လျောမည့် Federal ပြည်ထောင်စု အပေါ်မှာ သဘောထား ကွဲလွဲမှုများ ရှိနေပါကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ မိမိတို့ လွှတ်တော် ရော ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ ဒီလိုသဘောထားကွဲလွဲမှုတွေ ရှိနေသည့် အပေါ်မှာ ဘယ်လိုများ တိုက်တွန်းသွားဖို့ အစီအစဉ်ရှိလဲဆိုသည်ကို သိချင်ပါကြောင်း၊ ဒါလေးကို ဖြေပေးစေ လိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း
ယခုကိစ္စကို ဖြေရမည်ဆိုလျှင် လောက်ကိုင်ဒေသမှာဖြစ်တာသည် ယခုကိစ္စနှင့် သိပ်ပြီး မသက်ဆိုင်ကြောင်း၊ တစ်ခြား နောက်ခံအကြောင်းများရှိကြောင်း၊ ယခုကိစ္စနှင့် အကျုံးဝင်သည့် ကိစ္စကို ပြန်ပြောမည်ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သေချာပြန်ကြည့်လိုက်မည်ဆိုလျှင် Federal ဒီမိုကရေစီစနစ်ကို အဓိက ဦးတည်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ကြောင်း၊ သို့ရာတွင် ဒီထဲမှာ တချို့ကိစ္စတွေပြန်ပြီး ပြင်ဆင်ရမှာရှိပါကြောင်း၊ ညှိနှိုင်းရမည်များလည်း ရှိပါကြောင်း၊ ထို့ကြောင့် Federal ဟုပြောသည့် ပြည်ထောင်စုဆိုလျှင် ယနေ့ တိုင်းရင်းသားများ တောင်းဆိုနေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှအခွင့်အရေး ဒါတွေအဓိက ပြောဆိုဆွေးနွေးရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ခုနက ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် လို့ပြောလို့ရသည့် လွှတ်တော်များ၊ လွှတ်တော်ဆိုသည်မှာ ဥပဒေများပြဋ္ဌာန်း၍ရကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်မှာရှိသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တိုင်းဒေသကြီး လွှတ်တော်၊ ပြည်နယ်လွှတ်တော်ရှိကြောင်း၊ ဒါသည် ဘာလဲဆိုလျှင် ကိုယ့်တိုင်းထဲမှာ ပြဋ္ဌာန်းနိုင်သည့် ဥပဒေပြုအဖွဲ့အစည်းများရှိကြောင်း၊ တိုင်းအသီးသီး ပြည်နယ်အသီးသီးမှာ အစိုးရအဖွဲ့လည်းရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရှမ်းပြည်နယ်အစိုးရ၊ ကချင်ပြည်နယ်အစိုးရ၊ ရခိုင်ပြည်နယ်အစိုးရ ဒါတွေတွင် ဥပဒေပြု အဖွဲ့များရှိကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့များ ရှိကြောင်း၊ တန်းတူညီမျှအခွင့်အရေးအနေနှင့် မိမိတို့ယနေ့ တိုင်းရင်းသားတွေစိတ်ထဲမှာရော လက်တွေ့မှာရော တန်းတူညီမျှအခွင့် အရေး ပေးရန်လိုမည်ထင်၍ တန်းတူညီမျှအခွင့်အရေးပေးရန်အတွက် လွှတ်တော်ကပဲ ကြိုးပမ်းနေ ကြောင်း၊ တိုင်းရင်းသားများကလည်း ဥပဒေကို တောင်းဆိုနေကြကြောင်း၊ ထို့ကြောင့် လွှတ်တော်က ကြိုးပမ်းသည် ဆိုသည့်နေရာမှာ ယနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်လိုက် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ နောက်ဆက်တွဲ ဇယား(၁) ဇယား(၂)။ ဇယား(၁)ဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခွင့်ရှိသည့် ဥပဒေအဆင့်ဖြစ်ကြောင်း၊ ဇယား(၂)သည် တိုင်းဒေသကြီးနှင့် ပြည်နယ် များက ပြဋ္ဌာန်းခွင့်ရှိသည့် ဥပဒေအဆင့်ဖြစ်ကြောင်း၊ ထိုဥပဒေအဆင့်(၂)ခုကို နှိုင်းယှဉ်လိုက်သည့်အခါမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်မှာ ပြဋ္ဌာန်းခွင့်ရှိသည့် ဥပဒေအဆင့်သည် သာမာန်အားဖြင့် လိုနေသေး ကြောင်း၊ နည်းနေသေးကြောင်း၊ ပြည်ထောင်စုအဆင့်မှာ များနေကြောင်း၊ များနေသည်ကို တိုင်းဒေသကြီးကို ခွဲပေးလိုကြောင်း၊ ထိုသို့ခွဲပေးတာကို ဆောင်ရွက်ပေးနိုင်မည်ဆိုလျှင် တိုင်း ဒေသကြီးများက တန်းတူညီမျှအခွင့်အရေးဆိုတာ ရသွားနိုင်ကြောင်း၊ ထို့ကြောင့် အဲ့လို ဆောင်ရွက်သည့်နေရာတွင် ယနေ့စနစ်ကို ပြောမည်ဆိုလျှင် Federal ခေါ်သည့် ပြည်ထောင်စု စနစ်၏သဘောကို Power Sharing ခေါ်သည့် အာဏာခွဲဝေမှု၊ Wealth Sharing ခေါ်သည့် ပိုင်ဆိုင်မှု၊ ဓနဥစ္စာပိုင်ဆိုင်မှု၊ ခွဲဝေမှု ထိုနှစ်ခု မျှမျှတတဖြစ်အောင် လုပ်ရန်လိုကြောင်း၊ သို့ရာတွင် တခြားနည်းလမ်းနှင့် ွပောလျှင် ယနေ့ ဗဟိုဦးစီးမှု တစ်နေရာကနေ ချုပ်ကိုင်သည့် ဗဟိုဦးစီးမှုကို လျော့ပေးရမည်ကို English လို Decentralization လို့ခေါ်ကြောင်း၊ ထိုသို့ ဖြစ်နိုင်ရန်အတွက် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များက ကြိုးစား ဆောင်ရွက်နေ ပါကြောင်း၊ ထိုကိစ္စသည် ဘာနဲ့သက်ဆိုင်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စနှင့် သက်ဆိုင်သည့် အတွက် လွှတ်တော်အတွင်းမှာ ထိုကိစ္စကို အလေးထားပြီး လုပ်နေတာဖြစ်ပါကြောင်း၊ သို့အတွက် ကြောင့် ဖွဲ့စည်းပုံအခြေခံဥ ပဒေ ပြုပြင်ပြောင်းလဲရေးသည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေသည့် မိမိတို့ ပြည်ထောင်စုလွှတ်တော်က အလေးထားပြီး ဆောင်ရွက်နေပါကြောင်း၊ ယခုလောက်ဆို လျှင် မေးသည့်မေးခွန်း ပြေလည်ပြီဟု ထင်ပါကြောင်း၊ အားလုံးကို ကျေးဇူးတင် ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်နှင့် လွှတ်တော်အသီးသီးမှာတော့ ပွင့်လင်းမြင်သာမှုရှိအောင် အမြဲဆောင်ရွက်နေသလို တာဝန်ယူမှု၊ တာဝန်ခံမှုအတွက်လည်း အားလုံးအသင့်ရှိကြောင်း ပြောကြားရင်းနှင့် ယနေ့ ဗိုလ်ချုပ် နှစ်တစ်ရာပြည့် အထိမ်းအမှတ်အခမ်းအနားကို လာရောက်ပြီး သတိရစွာဖြင့် မေးမြန်းသည့် တစ်ဦးစီမပြတ် တွေ့ဆုံပြီး ဆောင်ရွက်သည့်နေရာတွင် မီဒီယာများ၏ စွမ်းအား၊ တို့နိုင်ငံငြိမ်းချမ်း လာသည့် ဖွံ့ဖြိုးတိုးတက်လာသည့် နိုင်ငံဖြစ်အောင် မီဒီယာများ၏ စွမ်းအားဖြင့် တို့တိုင်းရင်းသား အချင်းချင်း ပိုပြီးစည်းလုံးညီညွတ်အောင်၊ သွေးစည်းအောင် အမျိုးသားများ ပြန်လည်သင့်မြတ် အောင် ထိုနည်းတူစွာ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ပေး ကြပါဟု တိုက်တွန်းလိုကြောင်း နိဂုံးချုပ်ပြောကြားသွားပါသည်။
