ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့သည် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ၁၁း၁၅ နာရီအချိန်တွင် နေပြည်တော်ရှိ ဇမ္ဗူသီရိအဆောင်၌ တွေဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲ မှတ်တမ်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ဒေါ်နန့်အေးအေးကြည်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ပြည်သူ့လွှတ်တော်ရုံး (အခမ်းအနားမှူး)
တက်ရောက်လာကြသူများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။ ယနေ့ ပြုလုပ်သည့် တွေ့ဆုံပွဲက ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံပွဲဖြစ်ပါတယ်။ အခမ်းအနားမှူးအဖြစ် ကျွန်မ ပြည်သူ့လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် နန့်အေးအေးကြည်မှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တွေ့ဆုံပွဲသို့ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းရင်းသားအဖွဲ့များ အားလုံးစုစုပေါင်း (၃၄) ဦးတက်ရောက်ကြောင်း။ ကြိုတင်တင်ပြအပ်ပါတယ်။ အခမ်းအနားအစီအစဉ်ကို ကြိုတင်ဖြန့်ဝေထားသည့်အတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အစီအစဉ် အရ ယနေ့ပြုလုပ်သော တွေ့ဆုံပွဲအခမ်းအနားစတင်ကြောင်း ကြေညာအပ်ပါတယ်။ (လက်ခုပ်သံများ)
အစီအစဉ်အရ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမှာ စကားပြောကြားပေးပါရန် လေးစားစွာတင်ပြအပ်ပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း
အားလုံးမင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီးကောင်းကျိုးလိုရာ ဆန္ဒပြည့်ဝကြပါစေ။ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်က တိုင်းရင်းသားညီအစ်ကိုများကို လှိုက်လှိုက် လှဲလှဲကြိုဆိုပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ယနေ့ တစ်နိုင်ငံလုံးက လိုလားတောင်းတနေတဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်တဲ့နေရာမှာ မိမိတို့ ညီအကိုများဖြစ်ကြသည့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများရဲ့ သဘောဆန္ဒနှင့် လုပ်ဆောင်ချက်တွေဟာ အင်မတန်အရေးကြီးတယ်လို့ ယူဆ ပါတယ်။ အဲဒီနည်းတူပဲ အစိုးရအဖွဲ့အစည်းများဘက်ကလည်း သဘောထားတွေ အရေးကြီးသလို မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များဘက်ကလည်း သဘောထားတွေ မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့ အရေးကြီး တယ်လို့ထင်ပါတယ်။ ဒီနေ့ ဒီအချိန်မှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့ဘက်က နေပြီးတော့ ငြိမ်းချမ်းရေး တံခါးဟပေးထားပါတယ်။ ဒီဟထားတဲ့တံခါးကို ဝင်နိုင်အောင် တိုးဝင်ပြီးဖွင့်ဖို့ လက်နက်ကိုင် ညီအစ်ကို မောင်နှမများ တစ်ဖက်ကလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ထင်ပါတယ်။ ထိုတံခါးကို ဟပြီး ရှေ့ဆက်သွား နိုင်ရန်အတွက်လည်း မိမိတို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ဘက်က တချို့သောကိစ္စရပ်တွေမှာ ဝိုင်းဝန်းပါဝင် ဖြေရှင်းပေး ရမယ်လို့ထင်ပါတယ်။ ဒါ့ကြောင့် ကောင်းမွန်သော အခြေအနေများကို အသုံးပြုအသုံးချနိုင်ရန် အတွက် ဟထားပြီးသော တံခါးကိုပွင့်သွားနိုင်အောင်၊ ပွင့်သွားပြီးသော အခန်းအတွင်းသို့ ဝင်ရောက်နိုင် အောင် ပြည်သူ့ကိုယ်စားလှယ်များကတော့ အသင့်ရှိနေပါတယ်လို့ ဦးစွာတင်ပြလိုပါတယ်။ ဒီနေရာမှာ အခမ်းအနားမှူးပြုလုပ်သွားတဲ့ ပြည်သူ့လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန့်အေးအေး ကြည်က ကရင်အမျိုးသမီးဖြစ်ပါတယ်။ မနေ့ကမှသိပါတယ်။ သူ့ရဲ့အမအရင်း တက္ကသိုလ်က ဆရာမ ကြီးက ကရင် ပြည်သူ့ပါတီမှာ တာဝန်ယူတယ်ဆိုတာကြားသိရပါတယ်။ မနေ့ကပြောခဲ့သလို မိမိတို့ပြည်သူ့ ကိုယ်စား လှယ်များကတော့ ဥပဒေပြုရေးအပြင်ကို ဥပဒေပြုတာနှင့် တစ်တန်းတည်းထားတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးကိစ္စ အင်မတန်မှ အလေးထား ဆောင်ရွက်ပါတယ်။ အဲဒီလိုဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေးရရှိရေးအတွက် ဆိုရင် မိမိတို့ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်က အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွား ရမယ်ဆိုတာ ထပ်လောင်းပြောကြားလိုပါတယ်။ ထူးခြားတာက ပြည်သူ့လွှတ်တော်ရော အမျိုးသား လွှတ်တော်ရော တပ်မတော်သားကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းပါရှိပါတယ်။ ယနေ့တွေ့ဆုံတဲ့နေရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၂) ဦးလည်း အဲဒီထဲမှာပါဝင်နေပါတယ်။ တစ်ဦးကတော့ သိကောင်းလည်း သိပြီးဖြစ်ပါလိမ့်မယ်။ မတ်တပ်ရပ်ပြီး မိတ်ဆက်ပေးပါ။
ဗိုလ်မှူးချုပ်သန်းထွဋ်သိန်း
ကျွန်တော်ကတော့ ဗိုလ်မှူးချုပ်သန်းထွဋ်သိန်းဖြစ်ပါတယ်။ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပါတယ်။ တပ်မတော်မှာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှာ တာဝန်ထမ်းဆောင်ပါ တယ်။ ကျွန်တော်က စ.ရ.ခ မှာ ဒုတိယအရာရှိချုပ်တာဝန် ထမ်းဆောင်ပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်။
ဗိုလ်မှူးချုပ်တင်ဆန်း
ကျွန်တော်ကတော့ ဗိုလ်မှူးချုပ်တင်ဆန်းဖြစ်ပါတယ်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဒုတိယ တိုင်းမှူး တာဝန်ထမ်းဆောင်ပါတယ်။ ဒီမှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင် ပါတယ်။
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
ဒါကြောင့် ငြိမ်းချမ်းရေးရရှိဖို့ဆိုလို့ရှိရင် အစိုးရဘက်ဆိုတဲ့အခါမှာ အစိုးရရဲ့အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ တပ်မတော်နှင့်သက်ဆိုင်ပါတယ်။ တပ်မတော်အနေနဲ့လည်း ပြောပါတယ်။ ငြိမ်းချမ်းရေးရရှိဖို့ အတွက်လိုလားတယ်။ ငြိမ်းချမ်းရေးမရဘူးဆိုလို့ရှိရင် နောက်ဆုံးစပြီး ဒုက္ခပြဿနာ တပ်မတော်သားတွေ ဖြစ်ပါတယ်။ ဒါကြောင့် ယခုလို ငြိမ်းချမ်းရေးအတွက် ဖော်ဆောင်တဲ့နေရာမှာ ဘာပဲဖြစ်ဖြစ် ယခုလို ပွင့်ပွင့် လင်းလင်း ညှိနှိုင်းဆောင်ရွက်ခြင်းဟာ များစွာအကျိုးရှိမှာဖြစ်ပါတယ်။ ပဏာမမှာတော့ ဒီလောက်ပဲ ရှိပါ တယ်။ ထပ်ပြီးတင်ပြချင်တာက ငြိမ်းချမ်းရေးတံခါး ဟထားပြီးပါပြီ။ ဒီဟထားမှုဟာ မနေ့က ပိုပြီးတော့ ပီပြင်ပါတယ်။ ဟထားတဲ့တံခါးကို ပွင့်သွားအောင်ဖွင့်ပြီးတော့ လိုချင်တဲ့နေရာကို လျှောက်လှမ်းဖို့အတွက် မိမိတို့လွှတ်တော်များဘက်က ကူညီဆောင်ရွက်သွားဖို့ရှိကြောင်း နိဂုံးချုပ်ပါတယ်။
အခမ်းအနားမှူး
အစီအစဉ်အရ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးပေးပါရန် လေးစားစွာပန်ကြားအပ်ပါတယ်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်
ယနေ့တွေ့ဆုံပွဲသို့ ကြွရောက်လာကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက ခေါင်ဆောင်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။ သက်တော်ရာကျော်ရှည်ကြပါစေလို့ ဆုမွန်ချွေနှုတ်ခွန်းဆက်ပါတယ်။ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ကတိကဝတ်တွေပြုခဲ့ကြတဲ့ အောင်မြင်မှု များအရ အတိုင်းမသိဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနှင့် လွှတ်တော်ရဲ့ သဘောသဘာဝအရ ယနေ့ ကျွန်တော်တို့ ပြောကြားချင်တာထက်ကို နားထောင်ချင်တာပိုများပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းမှာ လွှတ်တော်၏အခန်းကဏ္ဍနှင့်ပတ်သက်လို့ အနည်းငယ်ရှင်းပြ ချင်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၏ လွှတ်တော်ရုံးဗဟိုကော်မတီဝင်ဖြစ်ပါတယ်။ အမြဲတမ်းအစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးတိုင်ပင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ထို့အပြင် လွှတ်တော်နှစ်ရပ်လုံးမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကော်မတီ ဖွဲ့ထားပါတယ်။ ပြည်သူ့လွှတ်တော်တွင် ဦးသိန်းဇော်၊ အမျိုးသားလွှတ်တော်တွင် ကချင်တိုင်းရင်းသား ဦးခက်ထိန်နန်ခေါင်းဆောင်ပြီး ဒီလုပ်ငန်းများကို စဉ်ဆက်မပြတ် အဓိကဆောင်ရွက်နေတာဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ အရေးကြီးတဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့အထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အတွက် ကြိုးပမ်းနေတာရှိပါတယ်။ ကျွန်တော့်သဘောတရားအရ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ရည်ရွယ်ချက်က ငြိမ်းချမ်းရေးအတွက် အဓိကပါပဲ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်ပါတီအတွက်မှ မစဉ်းစားပါဘူး။ ငြိမ်းချမ်းရေးအတွက်ကို နိုင်ငံတော်အစိုးရအနေနှင့် ဆောင်ရွက်နေတယ်။ ဆောင်ရွက်ပြီး တော့ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်မယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပမယ်။ အဲဒီ ထွက်လာတဲ့အဖြေကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ပေးရန်လိုလာလိမ့်မယ်။ လိုလာတဲ့အတွက် ကျွန်တော်တို့ အဆင့်သင့်လုပ်ထားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာလည်း အခြေခံဥပဒေ ထဲမှာလည်း အဓိကပြဋ္ဌာန်းထားတယ်။ အချို့သောပုဒ်မတွေက လွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်းကျော် သော Majority board အတည်ပြုလို့ရပါတယ်။ တစ်ချို့သောကိစ္စတွေကကြတော့ ၇၅ ရာခိုင်နှုန်းကျော် အပြင်ကို ပြည်သူ့ ဆန္ဒခံယူပွဲကျင်းပပြီးမှ ပြင်ဆင်ရတဲ့ကိစ္စတွေရှိပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲ အစိုးရ ဘက်ကမြန်မြန်ထက်ထက်လေး ပြည်သူ့ဆန္ဒခံယူပွဲဆိုတာ တစ်ကြိမ်၊ ခဏခဏဖြစ်စေချင်တယ်။ မလုပ် နိုင်တဲ့ အနေအထားပေါ့။ အလွန်ကြီးမားသည့် လုပ်ငန်းကြီးဖြစ်ပါတယ်။ တစ်ကြိမ်တည်းတစ်ခါတည်း ပြီးသွားအောင် ငြိမ်းချမ်းရေးအတွက် လိုလားချက်တွေ၊ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေ၊ ဒါတွေကို အကြေ အလည်ဆွေးနွေး။ တစ်ကြိမ်တည်းတစ်ခါတည်း ပြီးသွားအောင်ဖြစ်စေချင်တဲ့ သဘောရှိပါတယ်။ ဒီလိုဖြစ်စေချင်တဲ့အခါ လွှတ်တော်ရဲ့ သဘောသဘာဝအရ ဥပဒေအတိုင်းပဲလုပ်ရတာဖြစ်ပါတယ်။ လွှတ်တော်တွင် ယနေ့ ခွင့်ပန်ကြားသည်ကအစ ဥပဒေအရ၊ အခမ်းအနားအစီအစဉ်ကအစ ဥပဒေအရ အားလုံးကို လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီဥပဒေ၊ နည်း ဥပဒေကလည်း ဘယ်ကလာသလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဆင်းသက်လာပါ တယ်။ ထို့အပြင် မိမိတို့နိုင်ငံ လွတ်လပ်ရေးရပြီးခါစက ကျင့်သုံးခဲ့တဲ့ ပါလီမန်ရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ British ပါလီမန်ရဲ့ လုပ်ထုံးလုပ်နည်းတွေ ကနေဆင်းသက်လာတာဖြစ်လို့ ဒါတွေကို မိမိတို့ လိုက်နာရမှာဖြစ်ပါတယ်။ လွှတ်တော်ကြီးမှာ Majority Board အရ မည်သည့်ကိစ္စမဆို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အခြားနည်း ပြဋ္ဌာန်းထားတာမရှိရင် အများဆန္ဒနဲ့ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ဆိုရင်တော့ ၇၅ ရာခိုင်နှုန်းကျော်နဲ့ ဆုံးဖြတ်ရပါမယ်။
ဒီအထဲမှာ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အများစုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း လွှတ်တော်ထဲမှာ တွက်ကြည့်ရင် (၅၂) ရာခိုင်နှုန်း ပဲရှိတယ်။ ထို့ကြောင့် ဒီပါတီတစ်ခုတည်းနဲ့ ဆောင်ရွက်၍မရပါဘူး။ အားလုံးအဆင်ပြေအောင်လို့ ညှိညှိ နှိုင်းနှိုင်းတိုင်တိုင်ပင်ပင်နှင့် ဖြစ်စေချင်တဲ့အတိုင်းဖြစ်အောင် ကြိုးစားပေးပါမယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဘာရအောင် လုပ်ပေးမယ်ဆိုတဲ့ကိစ္စကြတော့ လွှတ်တော်၏ ဥပဒေ၊ နည်းဥပဒေနဲ့ တာဝန်ခံလို့တော့မရပါ ဘူး။ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်အများစုရဲ့ ဆုံးဖြတ်ချက်အပေါ်မှာမူတည်ပြီး ဖြစ်လာမယ့်ကိစ္စရှိပါ တယ်။ အဲဒီလုပ်ငန်းအပိုင်းတွေက အများကြီးကျန်သေးတယ်။ ဆွေးနွေးဆုံးဖြတ်ချက်အားလုံးကို လွှတ်တော်က အတည်ပြုရမယ်လို့ပြောလို့မရဘူး။ မိမိသည် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သော်လည်း လွှတ်တော်မဟုတ်ပါဘူး။ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးချင်းသည်လည်း လွှတ်တော်မဟုတ်ပါဘူး။ အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်သည့်အချိန်သည်ပင် လွှတ်တော်ဖြစ်ပါတယ်။ လွှတ်တော်ကာလမှာပင် ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် ဒါကဒီလိုဖြစ်သင့်တယ် အားလုံးသဘောတူရမယ်ဟု ပြောလို့မရပါဘူး။ မိမိ တို့သည် ဒိုင်သူကြီးများပင်ဖြစ်ကြောင်း၊ In Proper Order အရ စည်းကမ်းနည်းလမ်းတကျ လွှတ်တော်ရဲ့ အစည်း အဝေးများ အောင်မြင်စွာပြီးမြောက်အောင် ထိန်းကျောင်းပေးရတဲ့သူများပင်ဖြစ်ပါတယ်။
လွှတ်တော်အနေနဲ့ ကြေညာချက်ထုတ်တဲ့အခါဖြစ်စေ၊ ပြောဆိုတဲ့အခါဖြစ်စေ တာဝန်ယူတယ်။ တာဝန်ခံတယ်။ ဘာလုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ်ပေးလို့မရပါဘူး။ ဒါကို အားလုံးနားလည်အောင် ရှင်းပြခြင်း ဖြစ်ပါတယ်။ ကျွန်တော် ဆိုလိုချင်တာကတော့ ကျွန်တော်တို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းကြီးကိုဆောင်ရွက်နေပါပြီ။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပဖို့ဆိုရင်လည်း ဥပဒေ ကြမ်းဆောင် ရွက်ပြီးဖြစ်ပါတယ်။ အဲဒီကိစ္စတွေနဲ့အတူ ငြိမ်းချမ်းရေးကိစ္စမှာ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေ အမြန်ဆုံး လွှတ်တော်ကကြားချင်တယ်။ ရချင်တယ်။ ရတော့မှတစ်ခါတည်း ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပမယ်ဆိုရင်လည်း တစ်ကြိမ်တည်း ပြတ်သွားအောင်၊ လွှတ်တော်ကိုယ်စားလှယ်များ ဆုံးဖြတ်ရမည့် ကိစ္စကိုလည်း တစ်ကြိမ်တည်းနှင့် ပြတ်သွားအောင်၊ အကြိမ်ကြိမ်ဆောင်ရွက်ရမယ်ဆိုရင် ဒီလုပ်ငန်းကြီး ဟာကြီးမား ပါ တယ်။ အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေး ညီလာခံကြီးကျင်းပပြီး တိုင်းရင်းသားတွေရဲ့လိုလား ချက်တွေ ထွက်လာတဲ့အထိ အမြန်ဆုံးပြီးမြောက်စေချင်ကြောင်းနှင့် ဒီနေ့ ဒီအသံတွေကို နားထောင် မှတ်သားချင်ပါကြောင်း နိဂုံးချုပ်ပြောကြားပါသည်။
ဦးသိန်းဇော် (တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ရုံး)
ဒီနေ့ နိုင်ငံတော်သမ္မတကြီး၏ ဖိတ်ကြားချက်အရ (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကိုတက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအားလုံးကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ယခုလို တွေ့ဆုံစကားပြောခွင့်ရအောင် စီမံဆောင်ရွက်ပေးသည့် ဥက္ကဋ္ဌကြီးနှစ်ဦးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ဥက္ကဋ္ဌကြီးကလည်း လိုအပ်သည် များကို ပြောကြားသွားပြီးဖြစ်ပါတယ်။ ကျွန်တော်ဖြင့် လွှတ်တော်အတွင်း ဆောင်ရွက်နေသည့် မိမိကော်မတီ၏ လုပ်ငန်းတာဝန်များကို အနည်းငယ်ရှင်းလင်းတင်ပြလိုပါကြောင်း။ ယနေ့ မိမိတို့နိုင်ငံကြီး သည် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်နေသည်ကို အားလုံးကမလွဲမသွေလက်ခံရမှာဖြစ်ပါ တယ်။ မိမိတို့နိုင်ငံတွင် တစ်ချိန်ကလွှတ်တော်များ မရှိခဲ့သည့်အတွက် ဒီမိုကရေစီဆိုသည့် စကား လုံးနှင့် ဝေးခဲ့ကြရကြောင်း၊ ယနေ့ မိမိတို့နိုင်ငံတွင် လွှတ်တော်အသီးသီး ပေါ်ပေါက်လာပြီဖြစ်တဲ့အတွက် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်လာကြပြီဖြစ်ကြောင်း၊ ရှေ့ဆက် ပိုမိုပီပြင်ခိုင်မာတဲ့ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ကြရမည်ဆိုသည့်ကိစ္စသာ ကျန်တော့ပါတယ်။ လွှတ်တော်များသည် ကော်မတီ၊ ကော်မရှင်များဖြင့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါတယ်။ အခုလိုဆောင်ရွက်ချိန်တွင် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားများဘဝဖွံ့ဖြိုးတိုးတက်ရေးများသည် အလွန်အရေးကြီးတဲ့အတွက် ကျွန်တော်တို့ ပြည်သူ့လွှတ်တော်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားပရိပက္ခများပပျောက် ရေးအတွက် ကော်မတီဖွဲ့စည်းထားပါတယ်။
ထို့အတူ အမျိုးသားလွှတ်တော်တွင်လည်း တိုင်းရင်းသား ရေးရာကော်မတီများ ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါတယ်။ ဒီနေ့ကျွန်တော်တို့နိုင်ငံတွင် အရေးကြီးဆုံးလိုအပ်ချက်မှာ အမျိုးသားပြန်လည်သင့်မြတ် ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များ အချင်းချင်းပြန်လည်သင့်မြတ် ရေးမှာလည်း အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အားလုံးသင့်မြတ်ပြီး နိုင်ငံတော်ရဲ့ ကာကွယ်ရေး အင်အားစုကြီးအဖြစ် ပေါင်းစည်းပြီး ကာကွယ်ရေးအင်အားစုကြီးနှင့် နိုင်ငံတော် ရဲ့အဓိကကဏ္ဍဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိုမည်သို့ပူးတွဲပြီး တာဝန်ထမ်းဆောင်နိုင်ရန် ဆိုသည်မှာ ဒီနေ့နိုင်ငံတော်မှာအရေးကြီးသည့် ကိစ္စဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူ့လွှတ်တော်တွင်လည်း တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီကို လွှတ်တော် တစ်ရပ်အနေဖြင့် ဖွဲ့စည်းပေးထားပါတယ်။ ကော်မတီရဲ့တာဝန်မှာတိုင်းရင်း သားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ချစ်ကြည်ရေးနှင့် ရိုင်းပင်း ကူညီရေး အလေးထားဆောင်ရွက်ပေးရန်၊ တိုင်းရင်းသားများ၏စကား၊ စာပေနှင့်အနုပညာယဉ်ကျေးမှု တို့ကိုဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်စေဖို့ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားများရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည်တို့ ပါဝင်သောလူမှု စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးရန်၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဖိတ်ခေါ်ဆွေးနွေးခြင်း၊ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း၊ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း နည်းလမ်းများဖြင့်ဆောင် ရွက်ခြင်းများအား လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့တင်ပြဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများကကျင့်သုံးလျက်ရှိသည့် ဥပဒေများကိုလေ့လာပြီးပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်ရှိပါက လွှတ်တော်သို့တင်ပြပေးရန်၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ အခါအားလျှော်စွာထုတ်ပြန်နေသည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့် ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်း များသည် တည်ဆဲဥပဒေများနှင့်လည်းကောင်း ညီညွတ်ဆီလျော် မှုမရှိလျှင် ပြင်ဆင်ပေးရန်နှင့် ဆီလျှော်မှုရှိလျှင် လိုက်နာဆောင်ရွက်ပေးရန် စောင်ကြည့်ထိန်းညှိ ပေးရန်အတွက် သက်ဆိုင်ရာနယ်ပယ် အသီးသီးရှိဌာနအဖွဲ့အစည်းများနှင့်ဆက်စပ်၍ တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များအားကြားနာစိစစ်၍ လွှတ်တော်ဥက္ကဋ္ဌကတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရန် ကော်မတီမှ တာဝန်ယူဆောင်ရွက် လျက်ရှိပါတယ်။
ပေးအပ်သောတာဝန်များအရ ကော်မတီဝင်အားလုံး(၁၅)ဦး ရှိပါတယ်။ (၁၅)ဦးလုံးမှာလည်း ပြည်နယ်၊ တိုင်းအသီးသီးမှ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ပါတီအဖွဲ့အစည်းအသီးသီးမှ ပါတီဝင်များ စုပေါင်းပြီးဖွဲ့စည်းပေးထားသည့် ကော်မတီများလည်းဖြစ်ပါကြောင်း၊ တစ်ဖက်တွင် တိုင်းရင်းသားများ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေအတည်ပြုပြဋ္ဌာန်းနိုင်ရန်အတွက် ကြိုးစားပြီးဆောင်ရွက် လျက်ရှိပါတယ်။ ဤဥပဒေကိုလည်း လွှတ်တော်သို့ သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသအသီးသီးမှ တိုင်းရင်းသားရေးရာဝန်ကြီးဌာန အဖွဲ့အစည်းအသီးသီးနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအချင်းချင်း ညှိနှိုင်း တိုင်ပင်ပြီး ရေးဆွဲဆောင်ရွက်လျှက်ရှိပါတယ်။ လွှတ်တော်မှ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဆောင်ရွက်ရန် ရှိသည်များကို ဆောင်ရွက်ပါကြောင်း။ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် လုပ်ငန်းများတွင်လည်း ပြည်ထောင်စုငြိမ်းချမ်းရေး ဗဟိုကော်မတီမှာ ဥက္ကဋ္ဌ (၂) ဦးစလုံးပါဝင်နေသလို အဓိကဖော်ဆောင်နေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ၌ အစိုးရအဖွဲ့မှ ဝန်ကြီးဦးအောင်မင်းနှင့် လွှတ်တော်မှ ဦးသိန်းဇော်၊ တပ်မတော်သားဘက်မှ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဒုတိယဥက္ကဋ္ဌအနေဖြင့် ပူးပေါင်းပါဝင်၍ ဒုတိယသမ္မတကြီး ဒေါက်တာ စိုင်းမောက်ခမ်း၏ လက်အောက်တွင် အားလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်ပါတယ်။ ယခုလို ဆောင်ရွက်နေသည့်အချိန်တွင် ယနေ့နိုင်ငံတော်အတွက် အရေးကြီးဆုံးသောလုပ်ငန်းစဉ် ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၌ ပစ်ခတ်တိုက်ခိုက် မှုများရပ်ဆိုင်းရေးအတွက် NCCTနှင့် UPW တို့ပူးပေါင်း၍ ရေးဆွဲနေသည့် NCA ဆိုသည့် တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုသည့် သဘောတူ စာချုပ်ကို ဆောင်ရွက်နေသည့်အချိန်ဖြစ်ပါတယ်။ ဒီနေရာမှာ လည်း ကျွန်တော်တင်ပြဆွေးနွေးလိုသည်မှာ NCCTနှင့် UPWC ဆိုတာပြောတော့ နာမည်သာ (၂) ဖွဲ့ ဖြစ်တာပါ၊ မိမိတို့ ဒီမှာပါတီစုံ ဟိုဘက်မှာ ဝန်ကြီးခွန်ဥက္ကာတို့ပါတယ်။ ဒီဘက်မှာလည်း ဒေါ်စောမြတ် ရာဇာဟိန်းတို့ပါပါတယ်။
မိမိတို့တစ်တွေဟာ တစ်ဖွဲ့ထဲအနေနှင့် သဘောထားတာဝန်ယူဆောင်ရွက်နေကြောင်း။ NCCTနှင့် UPWC ဆိုတာ နာမည်သာ (၂) ဖွဲ့ဖြစ်တာပါ။ တကယ်တမ်းကျတော့ အဖွဲ့ (၁) ဖွဲ့တည်းပေါင်းပြီးအားလုံး အဆင်ပြေအောင် ဆောင်ရွက်ပေးနေသည့် အဖွဲ့ဖြစ်တယ်ဆိုတာကို တိုင်းရင်းသားခေါင်းဆောင်ကြီးများ ရှေ့သို့ မိမိအနေနှင့်တင်ပြဆွေးနွေးလိုပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တဖက်ကမိမိတို့ဆောင် ရွက်ပြီး တစ်ဖက်မှာ လည်း ပြည်သူ့ဘဝအမှန် အားလုံးသိရှိနိုင်ရန်အတွက် ကွင်းဆင်းပါတယ်။ ပြည်သူများ ၏အသံကိုလည်း နားထောင်ပါ။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားများမှာရှိနေသည့် ပြည်သူများ၏ဘဝ မြှင့်တင်ရေးအတွက် မိမိတို့ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါကြောင်း။ ဒီနေ့ဆိုရင်လည်း နိုင်ငံတော် အတွက် အရေးအကြီးဆုံးဖြစ်သည့် ဘတ်ဂျက်ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးမှာ မိမိတို့ကော်မတီအနေဖြင့် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ပူးပေါင်းပြီး နိုင်ငံတော်၏ဘတ်ဂျက်များကို စိစစ်လျက်ရှိပြီး မိမိတို့နယ်စပ်ရေးရာ ဝန်ကြီးဌာနဆိုတာ တိုင်းရင်းသားများနှင့် အဓိကသက်ဆိုင်နေသည့် တိုင်းရင်းသား များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေသည့်ဝန်ကြီးဌာနဖြစ်ပါတယ်။ ယနေ့ဆိုရင် နယ်စပ်ရေးရာ ဝန်ကြီးဌာနက နေပြီးသုံးစွဲဖို့ရန်အတွက် တင်ပြထားသည့် ငွေကြေးဟာကျပ်ဘီလီယံပေါင်း (၁၃၀.၅) ရှိပြီး မိမိတို့က စိစစ်သည့်အချိန်မှာ ထပ်မံပြီးတော့ဆောင်ရွက်ရန် လုပ်ငန်းတွေကျန်ရှိနေသေးတယ်လို့ ယူဆ တာဖြစ်တဲ့အတွက် (၁၄၅) ဘီလီယံအထိတိုးမြှင့်သုံးစွဲနိုင်ရန်အတွက် ကြိုးပမ်းပြီးတော့ ဆောင်ရွက်ပေး လျက်ရှိနေပါတယ်။ ထို့အတူ မိမိတို့နိုင်ငံမှာ (၇၀) ရာခိုင်နှုန်းသော တိုင်းရင်းသားပြည်သူများဖြစ်ကြသည့် ကျေးလက်နေပြည်သူများရဲ့ ဘဝအတွက်ဆိုရင် ဘီလီယံပေါင်း (၅၀၀)ကျော် သုံးစွဲဖို့ လျာထား သတ်မှတ် ဆောင်ရွက်လျက်ရှိပြီး နည်းပါးသေးသည့်အတွက် (၅၂၆) ဘီလီယံထိကျခံသုံးစွဲရန်အတွက် နိုင်ငံတော် ကနေကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ရန် ကျွန်တော်တို့များ ငြိမ်းချမ်းရေးဆောင်ရွက်မှုများ အောင်မြင်လာသည့်အချိန်မှာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန် လုပ်ငန်းစဉ်များကို ယခုကတည်းကပင် ကျွန်တော်တို့က ကြိုတင်စဉ်းစား တွက်ချက်ပြီးမှ ဆောင်ရွက်လျက်ရှိနေတယ်ဆိုတာ တိုင်းရင်းသားဝန်ကြီးများကို မိမိတို့လွှတ်တော်အနေနှင့်တင်ပြ လိုပါတယ်။
နိဂုံးချုပ်အနေဖြင့် မိမိတို့လွှတ်တော်က တိုင်းရင်းသားများ လိုလားတောင်းတနေသည့် တန်းတူ ညီမျှမှုများ၊ ဒီမိုကရေစီများ၊ နိုင်ငံသားများ၏ ဆန္ဒနှင့်အညီပြဋ္ဌာန်းထားသော ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားအဖွဲ့အစည်းများ အားလုံးကလည်း အတိတ်ကသံသယများကိုပယ်ဖျောက်ပြီး ယုံကြည်မှုအပြည့်အဝနှင့် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်ပေး ကြပါရန်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ကျွန်တော်တို့သင့်သင့်မြတ်မြတ် နှင့်ပြန်လည်ပေါင်းစည်းနိုင်အောင် လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးနဲ့ သင့်သင့်မြတ်မြတ်နှင့် ပြန်လည်ပေါင်းစည်းနိုင်အောင် အားလုံးကဝါယမစိုက်ထုတ်ပြီး ကြိုးပမ်းဆောင်ရွက်ပေးနိုင်ကြပါရန် ကျွန်တော့်အနေဖြင့် ဆန္ဒပြုရင်းနိဂုံးချုပ်အပ်ပါကြောင်း ပြောကြားပါသည်။
ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး
ယခုလို မိမိတို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံခွင့်ရသည့်အတွက် အများကြီးဂုဏ်ယူမိပါတယ်။ တစ်ခါတလေ သင့်တော်သော ဝေါဟာရကိုဘယ်လိုပြောရမယ်ဆိုတာကို ကရင်လိုပြန်စဉ်းစားရသည့် အပိုင်းများရှိတဲ့ အတွက် တစ်မျိုးတော့နည်းနည်းဖြစ်ပြီး မြန်မာစကားပုံမှာလည်း အပြောမတတ်ရင် ဆဲသလိုမျိုးလည်း မဖြစ်ချင်ဘူး။ ကျွန်တော်အနေနှင့် ကျွန်တော် KNU ပါ အခုလိုတွေ့ဆုံရတာ အများကြီးအားထည့်မိတယ်။ လက်ရှိအစိုးရက ကျွန်တော်တို့နာယကကြီး အမိန့်ရှိသွားသလို ငြိမ်းချမ်းရေးအတွက် တံခါးဟထားပေး သည့်အပေါ်မှာ ဟထားသည့် အကျယ်အဝန်းအရ ကျွန်တော်တို့အနေနဲ့ ဝင်လာပါတယ်။ ဆက်ပြီးတော့ ပြောရမယ်ဆိုလျှင် ဒီတံခါး ပြန်ပိတ်မသွားအောင် ပိတ်သွားလျှင်လည်း ကျွန်တော်တို့ ကျွန်တော့်အနေနှင့် သတိမူတယ်၊ ဒီကိစ္စမှာ တိုင်းရင်းသားအဖွဲ့က ဖွဲ့စည်းလိုက်သည့်အဖွဲ့နဲ့ အစိုးရဘက်က DVWC ဆွေးနွေးနိုင်ဖို့ ကျွန်တော်တို့ NCCU ကိုဖွဲ့ခဲ့ပါတယ်။ ကျွန်တော်တို့ ဖွင့်ဟထားသည့်တံခါးကို ကျွန်တော် တို့က ပိုပြီးတော့ကျယ်လာအောင် ကြိုးစားသွားရမှာဖြစ်တဲ့အပေါ်မှာ အစိုးရကကမ်းလှမ်းသည့်အပေါ် ဒီငြိမ်းချမ်းရေးကိုဖော်ဆောင်ဖို့ ဆန္ဒရှိသည့်အပေါ်မှာ ကျွန်တော်တို့က NCCT ကနေစပြီးတော့ KNU ကွန်ဂရက် အဆက်ဆက်က နိုင်ငံရေးပြဿနာ၊ နိုင်ငံရေးဖြစ်မှ ကျွန်တော်တို့က ဖြေရှင်းပေးလို့ရမှာပါ ဆိုသည့် အခြေခံအပေါ်မှာ ကျွန်တော်တို့လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ့ရှိခဲ့တဲ့ခါးသီး တဲ့အတွေ့အကြုံ ဒါလည်းကျွန်တော်ပြောပါတယ်။ နိုင်ငံရေးပြဿနာ ပဋိပက္ခတွေကို လွတ်လပ်ရေးရပြီး တဲ့နောက်ပိုင်းမှာ ပဋိပက္ခတွေဟာ ပြဿနာပေါင်းသောင်းခြောက်ထောင် အဲလိုဖြစ်လာတော့ နိုင်ငံရေးအရ ရှင်းရမည့်အစား အဲဒီအချိန်မှာ သူလည်းသတ္တိရှိ၊ ကိုယ်လည်းသတ္တိရှိ အချင်းချင်းချကြတာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကရင်အနေနဲ့ အနှစ် (၆၀) ကျော်အတွေ့အကြုံအရ အနှစ် (၆၀) ကျော်မနားတမ်း ဒီပဋိပက္ခဝိုင်းထဲမှာပါခဲ့ပါတဲ့ ကျွန်တော်တို့ ကွန်ဂရက်တိုင်းမှာ ခုနသဘောထား နိုင်ငံရေးပြဿနာ၊ နိုင်ငံရေး ဖြစ်လာပြီးရှင်းလို့ရမည်။ ရှင်းရမည်။ ကျွန်တော်တို့တစ်ယောက်နှင့် တစ်ယောက်ပဋိပက္ခပြောရလျှင် လက်နက်ကိုင်၊ လက်နက်နှင့်ရှင်းလို့ကတော့ ဘယ်တော့မှ ပြီးမည်မဟုတ်ကြောင်းကို KNU အနေဖြင့် ခံယူထားပါတယ်။ မိမိတို့ဟာ မူလကတည်းက ဒီနည်းကိုကိုင်စွဲပြီး ကရင်လူမျိုးများရဲ့လိုလားချက်ကို ရယူဖို့ဆိုတာဟာ မူလကတည်းက မရှိပါကြောင်း၊ အထူးသဖြင့် ဥက္က္ကဋ္ဌစောဘဦးအနေဖြင့် လွတ်လပ်ရေးရ ပြီးသည်နှင့် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ကရင်အရေးနှင့်ပတ်သက်၍ လူထုဆန္ဒပြခဲ့ပါတယ်။ လူထုမှဆန္ဒပြပြီးတာနဲ့ ဥက္ကဋ္ဌမှကရင်ပြည်နယ်ရရှိရေးကို ကရင်တွေချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ မိမိတို့မလိုလားတဲ့အခါကြတော့ လူမျိုးရေး အထိကရုဏ်းအလိုမရှိ၊ ပြည်တွင်းစစ်အလိုမရှိဆိုတဲ့ အထောက်အထား(၄)ခုနဲ့ ဆန္ဒပြခဲ့ပါတယ်။ အထူးသဖြင့် လူမျိုးရေး အထိကရုဏ်းအလိုမရှိ ဘာကြောင့်ဖြစ်ရသလဲဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းတွင်ဖြစ်ခဲ့သည့် ကရင်-ဗမာလူသတ်ပွဲမှီခဲ့တဲ့ ပုဂ္ဂိုလ်လည်းရှိရင်ရှိမှာပေါ့။ မိမိသည် ၁၉၃၃ ခုနှစ်တွင် မွေးဖွားခဲ့သည့်ပုဂ္ဂိုလ်ဖြစ် သည့်အတွက် ဒုတိယကမ္ဘာစစ်ကိုမီခဲ့ကြောင်း၊ ထို့ကြောင့် ဥက္ကဋ္ဌစောဘဦးက ကရင်အရေးနှင့်ပတ်သက်၍ ဆန္ဒပြသည့်အပေါ် စောဘဦးကကရင်ပြည်ကို သွေးတစ်စက်မှမကျစေဘဲ အရယူသွားမည်ဆိုသည့် ဥက္ကဋ္ဌ၏ဆန္ဒက ဒီအတိုင်းပဲရှိတယ်။ ထိုအချိန်မှာ နိုင်ငံရေးပဋိပက္ခများ ပြင်းထန်လာသည့် အပေါ်အမျိုးမျိုး ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြစ်လာတော့ အမြင့်ဆုံး အဆင့်ဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်လာတာပေါ့။ နယ်ခံတွေလည်း ထိုကတည်းက တစ်လျှောက်လုံး ယခုချိန်ထိပါလာကြောင်း၊ ယခု ဆိုလျှင် ဒီအတွေ့အကြုံအရ လက်ရှိကျွန်တော်တို့ အစိုးရဖွင့်ထားတဲ့တံခါးကို ကျွန်တော်တို့ကရင်တွေ ကတော့ ချက်ချင်းပဲခေါင်းထိုးပြီးဝင်လာပါတယ်။ ဆက်ပြီးတော့ပြောချင်တာက ငြိမ်းချမ်းရေး အရေးကြီး ပါတယ်။ လုပ်ရမည်ဖြစ်ပါ တယ်။ ပြဿနာကို နိုင်ငံရေး အရရှင်းရမယ် ပြဿနာကိုရှင်းနိုင်ရန်အတွက် ပထမအဆင့်အချင်းချင်း သတ်ဖြတ်သည့်လုပ်ရပ်များကို အတိုင်းဆက်လက်၍ နိုင်ငံရေးအရဖြေရှင်း သွားနိုင်ဖို့ ခံယူခဲ့ပါတယ်။ နိုင်ငံရေးဘက်ကို တက်နိုင်ရန်အတွက် ပထမဦးဆုံး အပစ်အခတ်ရပ်စဲရေးကို မိမိတို့မှ လုပ်ဆောင်သွားရမယ်လို့ခံယူပါတယ်။ Political Dialog တက်နိုင်မယ် (Safety Zone) ဖြစ်ပါ တယ်။ (Safety Zone) ခိုင်မာအောင် (NCCG) နှင့် (UP) ဆက်ပြီး ဆွေးနွေးသွားမယ် ဆွေးနွေးပြီးတော့ (၃) နှစ်ခန့်ကြာလာပြီ။ သုံးနှစ်ကြာပြီးဘယ်လိုမှ ခရီးမပေါက်တဲ့အတွက် နဲနဲကြာလာတဲ့အခါ မိမိတို့ပြည်သူ များမှ စိုးရိမ်ကြောင့်ကျမှုရှိလာတယ်လို့ ထင်ပါတယ်။ KNU က ဤငြိမ်းချမ်ရေးကို တည်ဆောက်မယ်ဆိုတဲ့ ယနေ့အထိ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ပြောပေမယ့် ဒီနေ့ထိမလုပ်ဆောင်နိုင်ခဲ့လို့ မိမိတို့ကရင် ပြည်သူများအနေဖြင့် ယနေ့အထိ ဤအပစ်အခတ် ရပ်စဲရေးနှင့်ပတ်သက်၍ ဖြစ်မလာတဲ့အတွက် ပြည်သူများစိုးရိမ်ကြောင့်ကျမှုများ ရှိလာပါတယ်။ မိမိတို့အနေဖြင့် ဖွင့်နေသည့်တံခါးကို ပိုပြီးဖွင့်လာအောင် ပြန်ပြီးမပိတ်ရေးအတွက် ကြိုးစားရမယ် လုပ်ဆောင်သွားရမယ်။ မိမိတို့ပြည်သူများ စိုးရိမ်မှုဖြစ်နေသည့် ဤအရာကြီးကို သူတို့စိတ်ချမ်းသာရေးအတွက် ယုံကြည်သွားအောင်တိကျသည့် ငြိမ်းချမ်းရေးသဘော ထားဖော်ဆောင်သွားရန် ကျွန်တော်တို့ ကတိကဝတ်ပေးချင်တယ်။ သူတို့မှာ (၃)နှစ် ကြာတဲ့အထိ အပစ်အခတ်ရပ်စဲမှုရှိမလာတဲ့အတွက် အပစ်အခတ်ရှိလာမည်ကို စိုးရိမ်မှုရှိပါတယ်။ မိမိတို့အနေဖြင့် ဖွင့်ထားသည့်တံခါးကို ပိုပြီးကျယ်လာအောင်၊ ပိုပြီးဝင်နိုင်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဖွင့်ထား သည့်တံခါးကို ပြန်မပိတ်ရန်အတွက် ကျွန်တော်တို့ပြန်မပိတ်ဘူးဆိုပြီး လက်မှတ်ရေးထိုးထားကြောင်း၊ ငြိမ်းချမ်းရေးစာချုပ်မဟုတ်ပဲ ပြည်သူများအပေါ် မိမိတို့၏ စိတ်သဘောထားအမှန်ကို ကတိပေးလိုက်တာလို့ ခံယူပါတယ်။ သို့ဖြစ်၍ ဤကတိကို မိမိတို့ ကရင်ပြည်သူများအနေဖြင့်သာမက ကရင်အဖွဲ့အစည်းဖြစ်တဲ့ KNU တွင်မကဘူး၊ ကရင်အဖွဲ့ အစည်း (KNU/KNLA-PC) ပေါင်းစုနှင့် DKBA ပါဝင်တဲ့ ကျွန်တော်တို့ ပြည်သူတွေကို ငြိမ်းချမ်းရေးအတွက် မဆုတ်မနစ်ဆက်ပြီးတော့ ဒီနေ့ရရှိနေတဲ့အထိ ကတိပြုပါတယ်။ နာယကကြီးပြောသလို ဒီတံခါးကြီးပြန်မပိတ်အောင် ကတိပြုလိုက်တာပဲဖြစ်ပါတယ်။ KNU အနေနဲ့က တော့ ဒီအတိုင်းပဲဖြစ်တယ်။ ဒီမနက်တပ်ချုပ်နဲ့လည်းတွေ့ပြီးတော့ ဒီစကားပဲပြောပါတယ်။ ဒီမနက်လည်း ပြောခဲ့သလို ယနေ့ ပါလီမန်မှာလည်း ဒီစကားပဲပြောပါတယ်။ မနေ့ကတော့ လက်မှတ်ထိုးကြပြီးပေါ့နော်။ ပါလီမန်ဘက်က ဘယ်နှစ်ယောက် လက်မှတ်ထိုးလည်း မသိဘူးနော်။ ဥက္ကဋ္ဌကြီးနှင့် အတွင်းရေးမှူးက လက်မှတ်ထိုးသွားပြီလို့ သိရပါတယ်။ ဒီလိုဆွေးနွေးရတာလည်း ကျွန်တော်တို့ အစိုးရရော၊ ပါလီ မန်ရော ကျွန်တော်တို့ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းတွေရော၊ တကယ့်ယနေ့တိုင်းပြည်ရဲ့ လိုအပ်နေတဲ့ လိုလားနေတဲ့ ငြိမ်းချမ်းရေးကို ပြည်သူတွေ စိတ်ချမ်းသာသွားအောင်၊ သူတို့သံသယဖြစ်နေတဲ့ ဒါတွေက တော့ ဖြစ်မှာမဟုတ်တော့ဘူး ဒီပဋိပက္ခတွေပဲ ပြန်ဖြစ်မယ်ဆိုတဲ့ ဒီအတွေးအခေါ်တွေကို ပြည်သူ တွေမတွေးခေါ်ကြဖို့ဆိုပြီး ပြည်သူတွေအတွက် ကျွန်တော်တို့ တိုင်းပြည်ကို ကတိပြုလိုက်ရတာဖြစ်တယ် လို့ဒီလောက်ပဲ ကျွန်တော်ပြောတတ်ပါတယ်နော်လို့ ပြောကြားပါသည်။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း
ပါလီမန်ဘက်ကဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့်၊ ကျွန်တော်ရယ်၊ ဦးသိန်းဇော်၊ ဦးခက်ထိန်နန် ဦးစတီဖန် တာဝန်ပေးထားတဲ့ (၃)ယောက်ပါ။ မိမိတို့ပါ အစည်းအဝေးတက်ရောက်တော့ ဥက္ကဋ္ဌကြီးပါ သွားတော့ (၅) ယောက်လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီကိစ္စသည် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကလည်း ငြိမ်းချမ်းရေးကိုလိုလားတယ်။ မိမိတို့ဘက်က လည်း ဖထီးပြောသလိုပဲ ကတိပြု တယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ မနေ့က Commitment သည် တကယ်တမ်းကျတော့ ပြည်သူကိုကတိပြုလိုက်တာပဲ။ အင်မတန်ကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ ဖထီးဗမာ စကားမပြောတတ်ပေမယ့် ပြောတဲ့စကားတွေက အင်မတန်မှထိရောက်ပါတယ်။ တန်ဖိုးရှိတယ်။ အနှစ်သာရလည်းရှိပါတယ်။ ပြောကြားခဲ့ပါသည်။
ဦးမြစိန် (အတွင်းရေးမှူး၊ ရှမ်းပြည်နယ်ထူထောင်ရေးကောင်စီ)
ကျွန်တော် တွေ့ဆုံပွဲမှာ ပြောခွင့်ရတဲ့အတွက် အများကြီးဂုဏ်ယူပါတယ်။ ဒီတွေ့ဆုံပွဲကိုဖြစ် မြောက်အောင် စီစဉ်ပေးတဲ့ ကျွန်တော်တို့နိုင်ငံတော်မှ တာဝန်ရှိတဲ့အကြီးအကဲများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ အခုဒီဥပဒေပြုလွှတ်တော်မှာ အင်မတန်အရေးပါတဲ့ ဂုဏ်သရေရှိလူကြီးမင်းများနဲ့ ဒီလွှတ်တော်မှာ လာရောက်ပြီးတော့ တွေ့ဆုံဆွေးနွေးခွင့်ရတာကိုပဲ ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့အများကြီး ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ နေပြည်တော်ကို ရောက်ရှိလာရသည့် အကြောင်းအရင်းက နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ဖိတ်ကြား ချက်အရ ပြည်ထောင်စုနေ့မှာ ညစာစားပွဲတက်ရောက်ခွင့်နဲ့ ဒီငြိမ်းချမ်းရေးနှင့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ လက်မှတ်ရေးထိုးရေးအတွက်နဲ့ ရောက်ရှိလာရခြင်းဖြစ်ပါတယ်။ မနေ့ကဆိုရင် ကျွန်တော် တို့ဒီငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး အတည်ပြုချက်မှာ ကျွန်တော်တို့အဖွဲ့အစည်းအနေ နဲ့လက်မှတ်ထိုးခဲ့ပြီးဖြစ်ပါတယ်။ လက်မှတ်ထိုးရသည့် အကြောင်းအရင်းကတော့ မိမိတို့အဖွဲ့အစည်းဟာ ဒီနိုင်ငံတော်ကို အေးချမ်းသာယာစေဖို့စစ်မှန်တဲ့ ဆန္ဒကတစ်ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ စစ်မှန်တဲ့စေတနာနဲ့ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အတွက်ကြောင့်တစ်ကြောင်း၊ ကျွန်တော်တို့ ကတိပြုချက်မှာ လက်မှတ်ရေး ထိုးရခြင်းပဲဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲမှာ ကျွန်တော်အနည်း အကျဉ်းတင်ပြချင်တာကတော့ ကျွန်တော်တို့ ဒီကတိပြုချက် ထဲပါရှိတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးကိုဖော်ဆောင်တဲ့ ကျွန်တော်တို့ လိုလားနေတဲ့အရာ ဟာဘာလဲဆိုရင် တင်ပြလိုတာကတော့ လွတ်လပ်မှု၊ အမျိုးသားတန်းတူညီမျှမှု ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ရှိ တဲ့ပြည်ထောင်စု ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းပြီး ကျင့်သုံးသွားဖို့ အရေးဟာအရေးကြီး ပါတယ်လို့ ဒီဥပဒေပြု လွှတ်တော်မှာ ပါဝင်တဲ့ဂုဏ်သရေရှိ လူကြီးမင်းများကို တင်ပြလိုပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကို ငြိမ်းချမ်းသာယာတဲ့ တိုင်းပြည်ဖြစ်အောင် ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းတဲ့ အချက်တွေနဲ့ ညီမျှမှသာ ကျွန်တော်တို့ပြဋ္ဌာန်းထားတဲ့ အချက်နဲ့အညီ ကျင့်သုံးနိုင်မှသာ ကျွန်တော်တို့တိုင်းပြည်ကို အေးချမ်းတဲ့တိုင်းပြည်ဖြစ်အောင် တည်ဆောက်နိုင်သွားမှာဖြစ်ပါတယ်လို့ ကြုံတောင့်ကြုံခိုက်တင်ပြလိုပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း အဆင့်ဆင့်ဖြစ်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ လက်မှတ်ထိုးနိုင်ဖို့အရေး၊ ကျွန်တော်တို့ ဖေးမော့စ်နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာကိစ္စရပ်တွေ၊ နောက်ပြီးတော့ ကျွန်တော်တို့နိုင်ငံရေးဆွေးနွေးရေး မှာဆိုရင် ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့လည်း အင်တိုက်အားတိုက် စစ်မှန်တဲ့စေတ နာနဲ့ နိုင်ငံတော်အစိုးရနှင့်အတူ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်၊ တပ်မတော်နဲ့အတူပူးပေါင်း ဆောင်ရွက်သွားပါမယ်ဆိုတဲ့အကြောင်း ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ကျွန်တော်ထပ်လောင်း၍ ကတိပြုပြော ကြားလိုပါကြောင်း၊ ပြောကြားပါသည်။
ဦးအောင်မြင့်( ဗဟိုကော်မတီဝင်၊ အထူးဒေသ - ၂ (UWSA)‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်)
အားလုံးမင်္ဂလာပါ။ အားလုံးကိုကျွန်တော်ဂါရဝပြုပါတယ်။ ကျွန်တော်ကတော့ ‘ဝ’အဖွဲ့က ဗဟိုကော်မတီ အဖွဲ့ဝင် ဦးအောင်မြင့်ဖြစ်ပါတယ်။ ဒီတစ်ခါကျွန်တော်တို့ နေပြည်တော်ရောက်လာခြင်း သည် နိုင်ငံတော်သမ္မတ၏ဖိတ်ကြားချက်အရ ပြည်ထောင်စုနေ့အခမ်းအနားတက်ဖို့ ဖိတ်ကြားခြင်းကြောင့် ကျွန်တော်တို့ရောက်ရှိလာခြင်းဖြစ်ပါတယ်။ မနေ့ကလက်မှတ်ထိုးတဲ့စာစောင်မှာဆိုလို့ရှိလျှင် ကျွန်တော် တို့က မထိုးနိုင်တဲ့ အကြောင်းရင်းလေးကို ရှင်းပြချင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လွန်ခဲ့တဲ့လပိုင်းက ဒီကိစ္စလေးကိုကျွန်တော်တို့လေးဖွဲ့ဆွေးနွေးတာရှိပါတယ်။ အထူး ၄ နဲ့ ကျွန်တော်တို့ ဆွေးနွေးတာရှိ ပါတယ်။ ဒီအတွင်းသဘောတွေကို ကျွန်တော်တို့က အားလုံးသဘောပေါက်တယ်။ ဗဟိုကလည်းသဘော ပေါက်တယ်။ နိုင်ငံတော်မှာ ငြိမ်းချမ်းရေးဖော်ဆောင်မှု အဟန့်အတားလေးတစ်ခု ဖြစ်သွားတဲ့ကြားမှာ ဒီကိစ္စလေးတွေ ကို ပြေလည်အောင်၊ တစ်ဘက်ကိုကျော်လွှားနိုင်အောင် ဆောင်ရွက်မယ်ဆိုတဲ့သဘောပါ။ ဒါကြောင့်မို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆွေးနွေးပြီးတဲ့နောက်မှာ (၆)ချက်ကိုအားလုံးလက်ခံနိုင် တယ်။ ဒါပေမယ့် ဒီတစ်ခေါက်လာရခြင်းဟာဆိုရင် ပြည်ထောင်စုအခမ်းအနားတက်ဖို့ လာတဲ့အတွက် ဗဟိုကလည်း တခြားဘာမှမှာကြားခြင်း မရှိသည့်အတွက် မနေ့ကလက်မှတ်ထိုးမယ်။ တနေ့ကမှ ကျွန်တော်တို့တရားဝင် သိရတယ်ဆိုတော့ နည်းနည်းလေး အချိန်ကနောက်ကျသွားတယ်။ ဗဟိုကိုလည်း ပြန်တင်ပြရတယ်။ ဆွေးနွေးရသေးတယ်။ ဗဟိုမှာလည်း ဆွေးနွေးပြီးတော့မှဟိုက ဒီမှာတစ်ခုလောက် တော့ ရှင်းပြလိုပါတယ်။ ကျွန်တော်တို့ ‘ဝ’အဖွဲ့အစည်းဟာဆိုလို့ရှိလျှင် တရုတ်နယ်စပ်မှာဖြစ်တဲ့ အတွက် လွှတ်လပ်ရေးရရှိတာက နှစ်ပေါင်း (၆၀) ကျော်ပြီ။ ဒါပေမယ့် အရင်က ဗ.က.ပ လိုပဲဆိုရင်ပေါ့။ သံလွင်မြစ်ကြီးခြားပြီးတော့ ကားလမ်း မရှိ၊ ဘာမရှိ၊ ညာမရှိ၊ စီးပွားရေးကလည်းမရှိ ဒီတော့နိုင်ငံတော်က ပံ့ပိုးကူညီတာကလည်း အင်မတန်မှကို အားနည်းပါတယ်။ မရောက်သလောက်ပါပဲ။ နောက်တော့ ဗ.က.ပ ဝင်သွားပြီး စည်းရုံးလိုက်တော့ နဂိုက‘ဝ’အမျိုးသားထဲမှာသူက အုပ်စုလိုက် ဂိုဏ်း ၄၀ ကျော်ရှိတယ်။ စပါးစိုက်ခါနီးပြီဆိုရင် သူ့ရိုးရာအရခေါင်းဖြတ်တယ်။ ခေါင်းဖြတ်ပြီးလို့ရှိရင် နတ်ပူဇော်တယ်။ စပါးတွေ ပိုထွက်အောင် ရိက္ခာတွေပိုထွက်အောင်ဆိုပြီး ဒီလိုအကျင့်တွေရှိတယ်။ ဒါပေမယ့် ဗမာပြည်ကွန်မြူနစ်ပါတီ ဝင်ရောက်သွားပြီးတဲ့ နောက်မှာအားလုံးဒီဟာတွေကို ခေါင်းဖြတ်မလုပ်ရ။ တိုင်းရင်းသားတွေကို အားလုံး စည်းရုံးပြီးတော့ မကောင်းတဲ့အကျင့်တွေကို အားလုံးပယ်ဖျက်လိုက်တော့ ခုနကပြောတဲ့ အုပ်စု ၄၀ ကျော် ဟာဆိုလို့ရှိရင် တိုင်းရင်းသားတွေအားလုံး တစ်စုတစ်စည်းတည်းစည်းစည်းလုံးလုံး ဖြစ်လာတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့‘ဝ’အဖွဲ့ အစည်း အနေကနေပြီးတော့ သူ့ရဲ့သမိုင်းပေး အကြောင်းအရင်း ကဒီလိုရှိပါတယ်။ ဒီတော့ မြန်မာစာမတတ်ဘူး။ မြန်မာစကားပြောတဲ့သူက အင်မတန်မှရှား။ တရုတ်လို ပြောတတ်တယ် စာမတတ်ဘူး။ အများကြီးပဲ။ စီးပွားရေးအရ ဝမ်းဗိုက်ကနယ်စပ်မှာဖြစ်နေတော့ သံလွင်မြစ်ကြီးကဒီဘက်ခြား ဒီဘက်ကျလည်း လမ်းပန်းဆက်သွယ်မှုကမရှိဆိုတော့ ဟိုဘက်ကိုပဲ မှီခိုနေရ တော့ တရုတ်စကားလေးတော့ တတ်တယ်။ ဒီလိုအခြေ အနေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ယခုလက်ရှိ ခေါင်းဆောင်တွေဟာဆိုလျှင်လည်း ဒီတိုင်းမြန်မာစကား မြန်မာဘာသာသိပ်မတတ်ဘူး။ တရုတ်စကားပြောတတ်တယ်။ စာပေဆိုလျှင်တချို့ရတယ်။ တချို့မရဘူး။ ဒါကြောင့်မို့ ဒီလိုရုတ်တရက် ကိစ္စလေးတွေပေါ်ပေါက်လာတဲ့အခါမှာ ပြန်တင်ပြရတယ်။ စာတမ်းပြန်ပို့ရတယ်။ ဟိုမှာဘာသာပြန်ရတယ်။ ဗဟိုကိုတင်ပြရတယ်။ ဒါကြောင့်အချိန်က ကြန့်ကြာခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မနေ့က ဆိုလို့ရှိလျှင် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လက်မှတ်မထိုးလိုက်ရဘူး။ ဒါပေမယ့် နိုင်ငံတော်သမ္မတကြီး သဘောကလည်း ဒီစာအုပ်ကို အမြဲတမ်းအချိန်မရွေးဖွင့်ထားပါတယ်။ ဆုံးဖြတ်ချက်ရှိလာတဲ့အခါမှာ တန်းထိုးလို့ရပါတယ် ဆိုပြီးတော့ နိုင်ငံတော်သမ္မတကြီးကပြောပါတယ်။ ကျွန်တော်တို့လည်းတင်ပြပြီး ဆွေးနွေးဆဲဖြစ်ပါတယ်။ ဒီဟာကတော့ တစ်ကြောင်းပေါ့။ နောက်တစ်ခုကတော့ ကျွန်တော်တို့‘ဝ’ဟာ ဆိုလို့ရှိလျှင် ဘာကြောင့်မို့လို့ ဗမာပြည်ကွန်မြူနစ်ပါတီလက်အောက်ကနေ ခွဲထွက်လိုက်ရတာလဲ ဆိုတဲ့အကြောင်းရင်းပေါ့။ ခုဟာက ကျွန်တော်တို့ဒီအခြေအနေလေးက တိုက်ပွဲတွေတော်တော်လေးကို ပြင်းထန်လာတယ်။ ပြင်းထန်လာတော့ ကျွန်တော်တို့ရဲ့ ယခုအတွေ့အကြုံကို ပြန်နိဂုံးချုပ်မယ်ဆိုလို့ ရှိလျှင် တကယ့်တိုင်းရင်းသား လူမျိုးစုကြီးက ပါဝင်မှုမရှိဘူးဆိုလို့ရှိလျှင် အခြားတိုင်းရင်းသားလူမျိုးစုငယ် ကဒီလိုတော်လှန်ရေး ကိုလုပ်ဖို့ရန်ခက်တယ်။ အသေအကြေဒဏ်ရာရမှုကများတယ်။ ကြီးတယ်။ ဒါကြောင့် မို့လို့‘ဝ’ခေါင်းဆောင်တွေကနေ နေပြီးတော့ ဗမာပြည်ကွန်မြူနစ်ပါတီ ဒီလမ်းစဉ်သူတို့က ဘာလဲဆို တော့ စစ်နိုင်ရေး၊ အာဏာသိမ်းရေးပဲ၊ တစ်လျှောက်လုံးကဒီဟာပဲ။ ဒါကြောင့်မို့လို့ဒီကိစ္စကို ခွဲထွက် လိုက်တာ၊ ခွဲထွက်ပြီး ကိုယ့်ရဲ့ ဒီဘာလဲ‘ဝ’တိုင်းရင်းသားတွေဆိုတဲ့ UWSP ဆိုပြီးတော့ပြန်ဖွဲ့လိုက်တာ ဖွဲ့တဲ့အခါမှာလည်း ကျွန်တော်တို့‘ဝ’သွေးစည်းညီညွှတ်ရေးပါတီ‘ဝ’သွေးစည်းညီညွှတ်ရေး တပ်မတော်ဆိုပြီးဖွဲ့တာ‘ဝ’လွှတ်လပ်ရေးယူမယ် ခွဲထွက်မယ်ဆိုတဲ့ဟာလုံးဝမပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း အကြောင်းတစ်ခုရှိတယ်‘ဝ’တိုင်းရင်းသားတွေအပေါ်မှာ ခေါင်းဆောင်တွေအပေါ်မှာ ခွဲထွက်ရေးဆိုတာ လုံးဝမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်ကွန်မြူနစ် ပါတီကစည်းရုံးထားတယ်ဆိုတာ တိုင်းပြည်လွတ်မြောက်ရေးအတွက် ပြည်သူလူထုအကျိုးဆောင် ဒေသ ဖွံ့ဖြိုးရေး ပြည်သူလူထုအကျိုးဆောင်ဆိုတဲ့ ဆောင်ပုဒ်နဲ့အားလုံးဟာလက်ခံထားတော့ ဒါကြောင့်မို့လို့ ခွဲထွက်ရန်ဆိုတဲ့ဟာ စိတ်ထဲကိုမရှိတာ အတွေးထဲကိုမရှိပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပါတီဖွဲ့ခြင်း ဖြစ်စေ၊ တပ်မတော်ဖွဲ့ခြင်းဖြစ်စေ၊ လွတ်လပ်ရေးဆိုတာမရှိဘူး။ ဒီစကားလုံးဟာ နောက်ကျွန်တော်တို့ ခွဲထွက်ပြီးတဲ့နောက် နိုင်ငံတော်အစိုးရကစေ့စပ်ပြီးတော့ ငြိမ်းချမ်းရေးယူပါတယ်။ ယခုဆိုလို့ရှိလျှင် ၁၉၈၉ ခုနှစ်ကစပြီးတော့ ငြိမ်းချမ်းရေးယူပါတယ်။ ယခုဆိုလို့ရှိလျှင် အားလုံးက (၂၆)နှစ်လောက် အသားတင်ရှိပါ တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့စပြီးတော့ ဗ.က.ပ ကနေခွဲထွက်တယ်။ ကြွေးကြော်သံပါတယ်။ ဒေသဖွံ့ဖြိုးရေးတွေအတွက် ပြည်သူလူထုရဲ့ကောင်းကျိုးအတွက် တိုင်းပြည်မှာ ကျွန်တော်တို့‘ဝ’ဒေသ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တယ်။ ဘယ်တော့မှခွဲမထွက်ဘူးဆိုတာ ဆုံးဖြတ်ပြီးသားဖြစ်တယ်။ တပ်မတော်တောင် ဘယ်လိုလဲဆိုတော့ ဟိုအရင်ကဆုံးဖြတ်ချက်က ဒါဘာလဲဆိုတော့ နိုင်ငံတော် ကာကွယ်ရေး လိုအပ်ချက်ရှိလို့ရှိလျှင် ဆိုလိုတာ က အခြားနိုင်ငံက ကျူးကျော်လာခဲ့လို့ရှိလျှင် တပ်မတော်နဲ့ ပူးပေါင်းပြီးကာကွယ်မယ်။ ဒါပေမယ့် သို့သော်ဆိုတာလေးတော့ရှိတယ်။ ကျွန်တော်တို့တပ်ကို တိုင်းရင်း သားတွေ အဖွဲ့အစည်းတွေ သွားတိုက်ခိုက်ဖို့ ညွှန်ကြားမယ်။ တောင်းဆိုမယ်။ တိုက်ခိုင်းမယ်။ ဆိုလို့ရှိလျှင် ကျွန်တော်လက်မခံနိုင်ဘူး ဆိုတာဆုံးဖြတ်ချက်က တစ်ညီတည်း ရှိတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အခုဆိုလို့ရှိလျှင်ပေါ့ဗျာ။ (၂၆) နှစ်တွင်းမှာ မူလက‘ဝ’ဒေသမှာ လမ်းပန်းဆက်သွယ်ရေးမရှိဘူး။ မူလက ‘ဝ’ဒေသမှာ လမ်းပန်းဆက် သွယ်မှုမရှိဘူး။ အားလုံးက မြင်း၊ လားနဲ့ပဲ သွားကြတယ်။ လူထုရဲ့စီးပွားရေးဟာ တော်တော်လေးကိုနောက်ကျတယ်။ စားစရာလည်းမရှိဘူး။ အကောင်းဆုံးဒေသမှာ သူက ရှစ်လစာပဲဖူလုံတယ်။ များသောအားဖြင့် နှစ်ဝက်ပဲဖူလုံတယ်။ ကျန်တဲ့ဟာက ဘိန်းစိုက်ပြီးတော့ စားနေရတယ်။ အဲ့တော့ လူထုကလည်းဒီလိုပဲ။ ဒီဘိန်းစိုက်တယ်ဆို တာကလည်း အားလုံးသိကြတယ်။ အင်္ဂလိပ်က မြန်မာနိုင်ငံကို ကိုလိုနီအဖြစ် ကျူးကျော်ခဲ့ပြီးနောက် သူတို့ပဲယူလာတာဖြစ်တယ်။ ဒါပေမယ့် အခုအချိန်မှာ ကမ္ဘာ့မူးယစ်ဆေးဝါးနှင့် ပတ်သက်လို့ သူတို့ဘယ်တော့မှ သူတို့ဝန်ခံတာမရှိဘူး။ သူများကိုပဲ လက်ညှိုးထိုးတယ်။ ဒီတော့ ကျွန်တော်တို့ငြိမ်းချမ်းရေးရယူပြီးတဲ့နောက် ကျွန်တော်တို့ ၁၀ နှစ်အချိန် ယူပြီးတော့ ပထမ ၅ နှစ်၊ စပြီးတော့ ၉၀ နှစ်ကနေစပြီးတော့ ၅ နှစ်စီမံကိန်းကို လုပ်တယ်။ အခုဆိုလို့ရှိရင် ၅ နှစ်စီမံကိန်းက ၅ ခုရှိသွားပြီ။ နှစ်စဉ် ကျွန်တော်တို့က ဒီ ၅ နှစ်စီမံကိန်းထဲမှာဆိုရင် ပထမ ၅ နှစ်က အားလုံး ပြည်သူလုထုကို ဝါဒဖြန့်ပြီး ဒီမူးယစ်ဆေးဝါးက မကောင်းတဲ့အကြောင်း။ ကိုယ့်ဒေသမှာ စိုက်လို့ ကိုယ့်ဒေသမှာကို ထွန်းကားနေလို့ရှိရင် ကိုယ့်သားသမီးတွေ ကိုယ့်တိုင်းရင်းသားတွေက အရင်တွေ့ ကြုံရမယ်ဆိုတဲ့ အကြောင်း။ တွေ့ကြုံနေစဉ် ဒီမူးယစ်ဆေးဝါးစွဲသွားပြီးဆိုရင် လူမျိုးပြုန်း သွားမှာဖြစ်သည့် အကြောင်း။ ဒါကြောင့်မို့ ဒီကိစ္စတွေကို အချိန်တွေယူပြီးတော့ ဝါဒဖြန့်တယ်။ ပညာပေးတယ်။ ဒီတော့ ဒုတိယ ၅ နှစ် အတွင်းမှာဆိုလို့ရှိရင် ပထမ ၅ နှစ်ကတော့ လမ်းပန်းဆက်သွယ်ရေးပေါ့။ ဒုတိယ ၅နှစ်ဆိုရင် ဒီစပြီးတော့ ဝါဒဆက်ဖြန့်တယ်။ ၇ နှစ်လောက်မှာ ကျွန်တော်တို့စပြီးတော့ အစားထိုးလုပ်ငန်း၊ အစားထိုးလုပ်ငန်း လုပ်တဲ့ဟာဆိုလို့ရှိရင် အခုဆိုလို့ရှိရင် အားလုံးဧကပေါင်း သုံးသိန်းကျော်ရှိခဲ့ပါပြီ။ သုံးသိန်းကျော်ထဲမှာ ရာဘာဆိုလို့ရှိရင် ၂.၇ သိန်းလောက်ရှိတယ်။ သုံးသောင်းလောက်က လက်ဖက် ခြောက်တို့၊ အခြားကော်ဖီတို့၊ အခြားစိုက်ပျိုးရေးသီးနှံများဖြစ်ပါတယ်။ ဒီဒေသရဲ့ဖွံ့ဖြိုးမှုဟာ ဒီလိုစပြီးတော့ ဖြေးဖြေး ဖြေးဖြေး နှစ်စဉ်နှစ်စဉ် စိုက်ပျိုးလာတဲ့အတွက် အခု ဒီအတိုင်းအတာအထိရှိတယ်။ ဒီတော့ ဒေသပြည်သူတွေရဲ့ အခြေအနေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် ဒေသပြည်သူတွေက မူလကဆိုရင် ထမင်းမဝဘူး။ နေတဲ့အိမ် က တဲကုတ်၊ အခုကျွန်တော်တို့‘ဝ’ဒေသမှာတစ်ခုလုံးက တဲကုတ်မရှိတော့ သလောက် ဖြစ်ပါတယ်။ အခုကတော့ အားလုံးဟာသွပ်မိုး၊ အနည်းဆုံးကတော့ ပျဉ်ထောင်အိမ်၊ တချို့ရွာလေးတွေတောင်မှ တိုက်လေးတွေဆောက်နေပြီ။ ပန်ဆန်းလိုမြို့ကြီးကတော့မပြောနဲ့ လုံလုံ လောက်လောက်ကို ပြောင်းလဲသွားပါပြီ။ မူလက လမ်းပန်းဆက်သွယ်မှုမရှိတဲ့ကြားထဲက ကျွန်တော်တို့က တောက်လျောက် လုပ်လာ တယ်။ အခု လမ်းပန်းက ၃ မျိုးဖြစ်မှာပေါ့။ ပထမက အကောင်းဆုံးက ကတ္တရာလမ်းဖြစ်အောင် လမ်းမကြီး ၁၀ မီတာအကျယ် မူလရှိတဲ့လမ်းလေးတွေတောင်မှ အကုန်လုံး မြင့်တာတွေရော ကွေ့တာတွေရော အကုန်လုံး ဖြောင့်ဖြောင့်ပြီးတော့ ၄၀၀ ကျော် ၅၀၀ ကီလိုလောက် ရှိပါတယ်။ ကျန်တဲ့ဟာဆက်လုပ်ပြီးလို့ရှိရင် ၁၂၀၀ လောက်ရှိတယ်။ ပန်ဆန်းကနေ တန်ယန်းဘက်လမ်း၊ ပန်ဆန်းကနေ မိုင်းလားသွားသည့်လမ်း၊ ဒီနှစ်လမ်းကတော့ကျန်သေးတယ်။ ဒီဟာကိုဆက်ပြီးအစီအစဉ်နဲ့ လုပ်နေပါတယ်။ လမ်းတွေကတော့ မြေသားလမ်းအကုန်ချဲ့ပြီးနေပြီ။ ကျောက်လည်းအကုန်ခင်းပြီးပြီ။ တဖြည်းဖြည်းကတ္တရာခင်းတော့မယ်။ ဒါကတော့ အဓိကလမ်း Main လမ်းခေါ်တယ်။ နောက် မြို့နယ်တွေဆက်တဲ့လမ်း၊ ဒါကကျောက်ခင်းလမ်း။ ရွာအထိသွားတဲ့ လမ်းကဆိုရင် ကျွန်တော်တို့ မြေသားလမ်းတစ်ခုရှိသေးတယ်။ ကားလည်းသွား လို့ရတယ်။ မိုးတွင်းတော့ မရဘူးပေါ့။ ဒီလို အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့ ရွာတွေမှာဆိုလို့ချင်ရင်လည်း အဓိကက ရာဘာခြံစိုက်ပျိုးရေး အစားထိုး ဖြစ်နေတဲ့အတွက် ရာဘာခြံက ည တစ်နာရီ နှစ်နာရီမှ သွားခြစ်ရပါတယ်။ ရွာနဲ့ကလည်း တောင်ပေါ်အဝေးကြီးပဲ။
ဒါကြောင့်မို့ ရွာတိုင်းရွာတိုင်းမှာဆိုလို့ချင်ရင် မော်တော်ဆိုင်ကယ်ချည်းပဲ။ နည်းတဲ့ရွာဆိုလျှင် အစီး ၂၀ လောက်၊ များတဲ့ရွာဆိုရင် ၄၀၊ ၅၀၊ ၆၀ လောက်ရှိတယ်။ ဒီတော့ သူတို့က ညမိုးချုပ်တဲ့အခါမှ မော်တော်ဆိုင်ကယ်နဲ့သွား၊ ရာဘာခြံကိုဝင်၊ ခြံပေါ်တက်ပြီးတော့ ရာဘာခြစ်တာပေါ့။ ပြီးတော့ အခုကနည်းနည်းလေး အခက်အခဲဖြစ်သွားတာက ကမ္ဘာ့ဈေးကွက်ကကျနေတာ။ ဒါကြောင့်မို့ သွားခြစ် လို့ချင်ရင် သွားလုပ်လို့ရှိရင် ရှုံးတယ်။ မခြစ်တဲ့ဟာဆိုရင် ဒီတိုင်းပဲထိန်းထား၊ မပျက်မစီးအောင် ထိန်းထားရင် နည်းနည်းကျန်သေးတယ်။ ဝင်ငွေတော့ မရှိဘူးပေါ့။ ဒါပေမယ့် ၄ နှစ်တောင်ရှိသွားပြီ။ ကမ္ဘာ့ဈေးကွက်ကကျနေတာ။ ဒါကတော့ ဖွံ့ဖြိုးရေးအပိုင်းပေါ့။ နောက်တစ်ခုကဆိုရင် ကျွန်တော်တို့ ငြိမ်းချမ်းရေးစယူကတည်းက ကျွန်တော်တို့ ပြောထားတဲ့ ပြင်ပကျူးကျော်မှုရှိလို့ရှိရင် ကျွန်တော်တို့ တပ်မတော်နဲ့လက်တွဲပြီးတော့ ကာကွယ်မယ်ဆိုတဲ့အပိုင်း။ ၂၀၀၁ ခုနှစ်နဲ့တူတယ်။ အစကတော့ အမေရိကန်ပေါ့။ ယိုးဒယားမှာသူတို့ စစ်ဆင်ရေး မူလကဆိုရင် ပင်လယ်ဘက်မှာပဲလေ့ကျင့်တယ်။ နှစ်စဉ် ရွှေမဟောက် ဒီဘာလဲ စစ်ဆင်ရေး။ ဟိုနှစ်ကဆိုရင် အထူးကိုပဲမြောက်ကနေတက်လာပြီးတော့ ဝင်တိုက်တယ်။ ပုံပါချင် တောင်ဘက် ဒီတစ်ကြောကို ဒီအဝိုင်းတစ်ဝိုက် အကုန်လုံးတိုက်တာ။ တပ်မတော်စခန်းတွေလည်း တစ်ရက်တည်းတစ်မနက်တည်းနဲ့ အကုန်ကျကုန်တာ။ ဒီတော့ ကျွန်တော်တို့‘ဝ’စခန်းတောင်မှ ၂ ခုရှိတယ် မကျဘူး။ သူတို့လည်း တင့်ကားနဲ့ ကားလမ်းပေါ်တင်ပြီးတော့ ပစ်တာ။ ဒီတော့ နောက်ဆုံးမှာ တပ်မတော်ဘက်ကနေပြီးတော့‘ဝ’အဖွဲ့ကူညီပါ။ စစ်ကူပေးပါဆိုတော့ ကျွန်တော်တို့မြောက်ပိုင်းကနေပြီး ချက်ခြင်းဆင်းလာတယ်။ ဒီကျသွားတဲ့စခန်းတွေ အကုန်ပြန်သိမ်း တယ်။ အကုန်ပြန်သိမ်းနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ကျွန်တော်တို့ ငြိမ်းချမ်းရေးစယူ ကတည်းက ချထားတဲ့သန္နိဋ္ဌာန်၊ ဆောင်ရွက်ထားတဲ့ ကိစ္စတွေကို ကျွန်တော်တို့ကအကောင်အထည် ဖော်ပါတယ်။ ဒါကြောင့်မို့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက်ဆိုတာ ကျွန်တော်တို့ အခု ၂၆ နှစ်လောက်ရှိပြီ။ ကျွန်တော်တို့က တောက်လျှောက်ပဲကိုင်စွဲထားပါတယ်။ ဒီတံခါးကြီးလည်းပိတ်သွားမယ်လို့ ကျွန်တော်တို့ မစိုးရိမ်ပါဘူး။ ဒါကြောင့်မို့ ဒီအခြားတိုင်းရင်းသားအဖွဲ့အစည်းတွေနှင့်လည်းပဲ ကျွန်တော်တို့ ဆွေးနွေး ပါတယ်။ သူတို့လည်း ကျွန်တော်တို့ဆီဆွေးနွေးပါတယ်။ အထူးသဖြင့် ပြည်ထောင်စုတပ်မတော် ဖက်ဒရယ်တပ်မတော် ခင်ဗျားတို့ကအကြီးဆုံးဗျ။ ခင်ဗျားတို့ပဲတာဝန်ယူ ဦးစီးချုပ်လုပ်ဆိုပြီးတော့ ကျွန်တော်တို့ဆီမှာဆွေးနွေးတယ်။ ဒီကိစ္စကိုကျွန်တော်တို့ကလက်မခံဘူး။ ဒီကိစ္စကအခုချိန် ဆွေးနွေး ရမယ့်ကိစ္စမဟုတ်ဘူး။ အခြေအနေမရောက်သေးဘူး။ နိုင်ငံတော်ရဲ့ နိုင်ငံရေးပြဿနာ ပြေလည်ပြီဆိုလျှင် ဖက်ဒရယ်ပြည်ထောင်စုဆိုပြီး ဖက်ဒရယ်ဆိုပြီး ထွက်လာမှာပေါ့။ ကျွန်တော်တို့က ဒီလိုပဲဆွေးနွေးတယ်။ သူတို့ကိုပြန်လည်ပြီးတော့။ ခင်ဗျားတို့လည်း လက်မခံသေးဘူးလား။ အပစ်အခတ် ရပ်စဲရေးမလုပ် သေးဘူးဆိုလို့ရှိရင် အပစ်အခတ်ရပ်စဲရေးကိုလုပ်လိုက်ပါ။ နိုင်ငံရေးဆွေးနွေးပွဲ အတူဆောင်ရွက်စရာ ရှိတာကိုအတူဆောင်ရွက်သွားကြမယ်ပေါ့လို့ ဒီလိုပဲဆွေးနွေးပါတယ်။ ဒါပေမယ့် တချို့လက်ခံတယ်။ တချို့လက်မခံဘူး။ လက်မခံတဲ့အဖွဲ့တွေကအခုကျန်ရစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီလိုရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော် ဒီမှာနည်းနည်းလေးဆွေးနွေးတင်ပြလာတဲ့ သဘောကတော့ ကျွန်တော်တို့‘ဝ’အဖွဲ့အစည်း အနေနဲ့ သူ့ရဲ့ပင်ကိုသမိုင်းအရ သူ့ရဲ့ပင်ကိုစိတ်ဓါတ်အရ တိုင်းပြည်ကနေခွဲထွက်မယ်ဆိုတဲ့ အတွေးလုံးဝ မရှိပါဘူး။ နောက်ပြီး ကျွန်တော်တို့‘ဝ’တိုင်းရင်းသားတွေဆိုလို့ရှိရင် မြန်မာ့သမိုင်းမှာသူကနှစ်ပေါင်း ၃၀၀၀ ကျော်ရှိတယ်။ ဒီနေရာမှာကိုယ့်ဟာကိုနေ၊ ကိုယ့်ဟာကို ရပ်တည်နေတာ။ ဒါပေမယ့် နှစ်ပေါင်း ၃၀၀၀ ကျော်ရဲ့ သမိုင်းထဲမှာဒီ ၂၅ နှစ်၊ ၂၆ နှစ်ဟာ တကယ့်ကို ခုန်ပျံကျော်လွှားပြီးတော့ ဖွံ့ဖြိုးရေးက တောက်လျှောက်ကို တိုးတက်လာတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ‘ဝ’တိုင်းရင်းသားတွေကလည်း ကိုယ့် ဒေသကိုဆက်လက်ပြီးတော့ ဖွံ့ဖြိုးအောင်ဆောင်ရွက်သွားမယ်။ ဆက်လက်ပြီးတော့လည်းလုပ်နေပါ တယ်။ ဒါကြောင့်မို့ ကိုယ့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရပြည်နယ်ဆိုတဲ့ တောင်းဆိုချက်လေးတော့ရှိပါတယ်။ ဒါကြောင့်မို့ ဒီကိစ္စတစ်ခုလုံးမှာ ကျွန်တော်တင်ပြဆွေးနွေးလိုတာကတော့ ဒါ ဗဟိုရဲ့စိတ်ဓါတ်၊ ကျွန်တော် တို့‘ဝ’ပါတီရဲ့စိတ်ဓါတ်ဖြစ်ပါတယ်။ ခံယူချက်လည်း ဖြစ်ပါတယ်။ ဒါဟာဒါကြောင့်မို့ ခုနဆွေးနွေးတဲ့ အရှေ့ကလူကြီးတွေဆွေးနွေးသွားတဲ့ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးနိုင်ငံရေးကတိခံဝန်ချက် ဒါတွေကတော့ ကျွန်တော်တို့မှာ ပြဿနာမရှိပါဘူး။ ပြဿနာမရှိပါဘူး။ ဒါကြောင့်မို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်နည်းနည်းလေး ရှင်းပြခြင်းဖြစ်ပါတယ်။ ဒီလိုသမိုင်းလေးနဲ့ သွားတော့မှပဲ ဘာဖြစ်လို့ ဒီလိုဖြစ်တယ်ဆိုတာအားလုံးကပိုပြီးတော့ အသေးစိတ်လေးနားလည်သွားနိုင်တယ်လို့ စဉ်းစားမိလို့ ကျွန်တော့်မှာဒီလိုပြောဖို့ စာရွက်လည်းမရှိဘူး။ ပြင်ဆင်ထားတာလည်းမရှိဘူး။ ဒီလိုပြောဖို့ လည်းမရှိဘူး။ ဒါပေမယ့် ခဏဆွေးနွေးလိုက်တဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်ကဒီလိုဆွေးနွေး လိုက်တာ။ ဗဟိုရဲ့ စိတ်ဓါတ်ကို လွှတ်တော်မှာလည်း ဖြစ်နေသည့်အတွက် လူကြီးမင်းများအားလုံးလည်း သိအောင်ပြောပြခြင်းဖြစ်ပါတယ်။ အချိန်ကတော့ နည်းနည်းများသွားတယ်။ ကျေးဇူးတင်ပါတယ်။
ဗိုလ်ချုပ်ကြီး ဆေးထင် (နာယက၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA))
အားလုံးပဲမင်္ဂလာပါ။ ဒီနေ့ ကျွန်တော်တို့ ဒီပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်စကားပြောခွင့်ရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်းပြောထားတယ်။ ကျွန်တော်တို့ရဲ့ ဒီ တိုင်းရင်းသားတွေရဲ့ ဒီစကားကိုကြားချင်တယ်ဆိုလို့ ကျွန်တော်အခု အခွင့်ရလို့နည်းနည်းပြောပြချင်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဟာ နှစ်ပေါင်းတော်တော်များများ ပြဿနာလေးတွေကို နိုင်ငံရေး ပြဿနာလေးတွေ ရှိနေတယ်လို့ ကျွန်တော်တို့ လက်နက်ကိုင်တိုက်လာခဲ့တာ တော်တော်ကြာသွားပါပြီ။ ဒါပေမယ့်လို့ ဒီလိုအခြေအနေ ကျွန်တော်တို့မရခဲ့ဘူးပါဘူး၊ ဆိုတာဆိုလိုတာက ဒီနိုင်ငံရေး ပြဿနာ တွေကိုနိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဒီအခြေအနေ ကျွန်တော်တို့ မရခဲ့ပါဘူး။ ကျွန်တော် ပွင့်ပွင့် လင်းလင်းပြောမယ်ဆိုရင် ၁၉၆၃ ခုနှစ် မှာ ကျွန်တော်တို့ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်ချုပ်ကြီးသိုက်ရယ် ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် သုံးယောက်သွားဆွေးနွေးဖူးပါတယ်။ အဲတုန်းကလည်း ကျွန်တော်တို့ ဒီဖက်ဒရယ်ပြည်ထောင်စုမှာ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ကျွန်တော်တို့ တင်ပြပါတယ်။ နောက်ပိုင်းဗိုလ်မှူးကြီးစောမြင့်နဲ့ ဗိုလ်မှူးကြီး လှဟန်တို့ ကျွန်တော်တို့ (၁၄)အင်အားမှာ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေး ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကိုဒီပူးပေါင်းခိုင်းတဲ့ ကျွန်တော်တို့ရဲ့ အဆိုတွေကိုလက်မခံတဲ့အတွက်ကြောင့် ကျွန်တော်တို့ကတောခိုသွားပါတယ်။ အခုတော့ ဒီနိုင်ငံရေးလူထုမှာ အခုကလည်း ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်ရော၊ ပြည်ထောင်စုလွှတ်တော်ရော ကျွန်တော်တို့ စကားပြောခွင့်ရပါတယ်။ ဒါတင်မကဘူးမနေ့ကဆိုလို့ချင်ရင်လည်း ကျွန်တော်တို့ရဲ့ Political Dialogue ရဲ့ အစဖြစ်တဲ့ ဒီ Commitment တွေကို ကျွန်တော်တို့ လက်မှတ်ရေးထိုးကြပါတယ်။ အဲဒီအထဲမှာ ကျွန်တော်တို့ လက်မှတ်မထိုးရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ Mandate မပါလို့ ကျွန်တော်တို့ မထိုးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနိုင်ငံရေးပြဿနာတွေကိုနိုင်ငံရေးနည်းနဲ့ မဖြေရှင်းချင်လို့ ကျွန်တော်တို့ မထိုးတာမဟုတ်ပါဘူး။ ဒါပေမယ့် နာမည် Mandate မပါလို့ ကျွန်တော်တို့ မထိုးကြတာဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဒီနေ့ဒီအချိန်မှာ ကျွန်တော်တို့ ဒီ လွှတ်တော် ခေါင်းဆောင်များ ရှေ့မှာ ကျွန်တော်တို့ စကားပြောခွင့်ရတဲ့ အတွက်ကြောင့် အခုဗမာပြည်မှာတည်ရှိနေတဲ့ ပြည်တွင်း စစ်ကြီးကို ဘယ်လိုရပ်စဲအောင်လုပ်မလဲဆိုတဲ့ Root Cause ကို ကျွန်တော်တို့အမြင်ကို နည်းနည်း တင်ပြချင်ပါတယ်။ စကားလှလှလေးတွေပြောပြီးတော့မှ ကျွန်တော်တို့ Root Cause ကြီးကို ကျွန်တော်တို့ ဖြေရှင်းလို့ မရဘူးထင်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီ ၆၈ နှစ်ကျော်ကြာ ဖြစ်လာတဲ့ပြည်တွင်းစစ်ကြီးဟာ ကျွန်တော်တို့ မြင်တာကတော့ ဒီတိုင်းရင်းသား လူမျိုးစုအရေးနဲ့ ဒီမိုကရေစီအရေးကြောင့် ဖြစ်လာတဲ့ ပြည်တွင်းစစ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီပြဿနာနှစ်ခုကို ကျွန်တော်တို့ ဒီမှန်မှန်ကန်ကန် ဖြေရှင်းသွားမယ်ဆိုရင် ဒါ ကျွန်တော်တို့ ဗမာပြည်ရဲ့ ပြည်တွင်းစစ် ပြဿနာတွေတော့ ပြေလည်သွားမယ်လို့ထင်တယ်။ ကျွန်တော်တို့ ၂၀၁၁ - ၂၀၁၂ ခုနှစ် က ကျွန်တော်တို့ နိုင်ငံတော်သမ္မတရဲ့ Road Map (၈)ချက် ကျွန်တော်တို့ ဖတ်ရပါတယ်။ အဲဒီထဲမှာပြောထားတဲ့ လွှတ်တော်ထဲမှာလာရောက်ဖြေရှင်းဖို့ဆိုတဲ့ ပြဿနာ၊ အဲဒီထဲမှာလည်း ကျွန်တော်တို့က လွှတ်တော်ထဲမှာ လာရောက်ဖြေရှင်းမယ်ဆိုလို့ချင်ရင်တော့ ဒီပြည်သူ့တပ်မတော်သား ၂၅%၊ အခြားပါတီကြီးတွေကကြည့် ရှုနေတုန်းမှာ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစုတွေ လွှတ်တော်ထဲဝင်လာလို့ရှိရင်လည်းပဲ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးစုတွေအတွက် တင်သွင်းတဲ့ အဆိုတွေဟာရှုံးနိမ့်မှာပဲ။ ဒါကြောင့်မို့ ဒီအတွက် အတားအဆီးဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးကို ကျွန်တော်တို့ ပြင်လာနိုင်လို့ရှိရင်တော့ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစုတွေလိုချင်တဲ့ ကျွန်တော်တို့ရဲ့ အကျိုးပြုနိုင်မယ့် အဆိုတွေ ကျွန်တော်တို့ကို အကျိုးပြုနိုင်မယ့် ဥပဒေတွေ ပြဋ္ဌာန်းနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မြင်တယ်။ ဒါကြောင့်မို့ ဒါအခုဆိုလို့ ချင်ရင်တော့ ဒီနေ့က ကျွန်တော်တို့ ဒါ Political Dialogue ကိုစဖို့ commitment တွေရေးထိုးသွားခဲ့ပြီးနောင်လည်း ကျွန်တော်တို့က Political Dialogue ကိုသွားမယ်။ Political Dialogue သွားတဲ့အခါကျလို့ချင်ရင် အခုလည်းပဲယေဘူယျအားဖြင့် ဒီမှာပြည်ထောင်စုကိုအခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်မယ်ဆိုတဲ့ commitment စာထဲမှာပါထားတယ်။ ဒါကြောင့်မို့ ဒီ Political Dialogue ကနေပြီးတော့မှ ၂၀၀၈ ဖွဲ့စည်းပုံ ကို ပြင်ပြီးတော့မှ ဖက်ဒရယ်ပြည်ထောင်စုနဲ့ အစားထိုးနိုင် လိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ ပြည်တွင်း စစ်က အဆောတလျင်ရပ်စဲသွားနိုင်မယ်လို့ ကျွန်တော်တို့ ထင်တယ်။ ဒီကိစ္စတွေက ကျွန်တော်ပြောရမယ်ဆိုလို့ချင်ရင်တော့ ဒါ လွှတ်တော်ခေါင်းဆောင်ကြီးတွေ ကတော့ အားလုံးသိပါတယ်။ ဒါပေမယ်လို့ လုပ်ချင်တဲ့ဆန္ဒပဲ လိုတယ်လို့ ကျွန်တော် မြင်တယ်။ ဒါကြောင့်မို့ လူ့အဖွဲ့အစည်းကို စကားလုံးလှ လှလေးတွေနဲ့ ပြောပြီးတော့မှ မဖြေရှင်းနိုင်ဘူး။ တကယ့်စေတနာနဲ့ ထားပြီးတော့မှ ဖြေရှင်းကြမယ်ဆိုရင် ကျွန်တော်တို့ ပြည်တွင်းစစ်ကြီးဟာ ရပ်စဲသွားပြီးတော့မှ အားလုံး လိုချင်တဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက်နိုင်လိမ့်မယ်လို့ ကျွန်တော့်အမြင် လေးကို တင်ပြချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဦးစံလူ၊ ဦးခမ်းမောင်၊ (အထူးဒေသ - ၄ (NDAA) ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးအမြဲတမ်းကော်မတီဝင်)
နာယကကြီးနှင့်တကွ လူကြီးမင်းများအားလုံးကို လေးစားဂါရဝပြုအပ်ပါတယ်။ ကျွန်တော်တို့ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)မိုင်းလားအဖွဲ့က ဒုဥက္ကဋ္ဌဦးစံလူဖြစ်ပါတယ်။ ကျွန်တော် ကတော့ အမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးခမ်းမောင်ဖြစ်ပါတယ်။ အခုလို ကြုံတုန်းကြုံခိုက်မှာပေါ့ ဒီလို စကား ပြောခွင့်ရလို့လည်း အလွန်အားရဝမ်းသာမိပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံ တော်ရဲ့ (၆၈)နှစ်မြောက်ပြည်ထောင်စုနေ့ရဲ့အခမ်းအနားကို လာရောက်ပါဝင်ကြဖို့ ကျွန်တော်တို့ သမ္မတကြီးရဲ့ ဖိတ်စာအရ ကျွန်တော်တို့အဖွဲ့အနေနှင့် ကျွန်တော်တို့ နှစ်ဦးအား တာဝန်ပေးလိုက်ပါတယ်။ ကျွန်တော်တို့က ၁၀ရက်နေ့ ဟိုကနေထွက်ပြီးတော့ ၁၁ရက်နေ့ နေပြည်တော်ရောက်ပါတယ်။ အဲ့လိုရောက်လာတဲ့အချိန်မှာ ကျွန်တော်ျတို့ခုနကပြောသလိုပေါ့။ အဲ့ဒီမှာ ငြိမ်းချမ်းရေးနှင့်အမျိုးသား ရင်ကြားစေ့ရေးဆိုင်ရာ ကတိ စာချုပ်၊ ကတိပြုချက်ပေါ့။ အဲ့ဒီဟာကို ကျွန်တော်တို့အဖွဲ့အနေနှင့်လည်း လက်မှတ်မထိုးနိုင်ခဲ့တဲ့ အကြောင်းအရင်းကို အနည်းငယ်တင်ပြရှင်းပြလိုပါတယ်။ တစ်ခုကတော့ ဟိုကထွက်လာတုန်းကလည်း ဘာမှပြင်ဆင်ဖို့မပါလာဘူး။ ဒီရောက်တော့လည်း အချိန်က တိုတိုလေး အတွင်းမှာဒီလို အထက်ကိုလည်းတင်ပြ။ အထက်ကလည်း လူကတစ်ယောက်ရှိ /တစ်ယောက်မရှိနှင့် မစုစည်းနိုင်ဘူးပေါ့။ သဘောထား မပေးနိုင်သေးတော့ လောလောဆယ်တော့ ဒီအတိုင်းပဲ ပြန်လာခဲ့ပါ ဆိုပြီးပြောလို့ စာချုပ်တော့လက်မှတ် မထိုးခဲ့ပါဘူး။ ဒီမူအရတော့ ကျွန်တော်တို့က မိုင်းလားမှာလည်း ခုနက ဦးအောင်မြင့်ပြောသလို ကျွန်တော်တို့က ဒါဟာ ဆွေးနွေးပြီးသားလည်းဖြစ်တယ်။ ဒါဟာ မဖြစ်မနေသွားရမယ့်အလုပ် ခြေလှမ်းတွေလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း လက်ခံထား ပါတယ်။ ဒါဟာဘာလဲဆိုလျှင် ခုနက ကျွန်တော်တို့ နာယကကြီးပြောသလိုပေါ့။ ငြိမ်းချမ်းရေး လမ်းကြောင်းကို ကျွန်တော်တို့မလျှောက်လှမ်းနိုင်ဘူးလားဆိုတာလည်း မဟုတ်ပါဘူး။ အဲ့ဒါနှင့် တစ်ဆက်တည်း ကျွန်တော်တင်ပြချင်တာကတော့ ကျွန်တော်တို့အဖွဲ့ဟာ ဒီတရုတ်-မြန်မာနယ်စပ် အစွန်အဖျားဆုံး နေရာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီ၁၉၈၉ခုနှစ် ဇွန်လ ၃၀ ရက်နေ့ကစပြီး အဲ့ဒီတုန်းကအခေါ် ကျွန်တော်တို့ တပ်မတော်အစိုးရပေါ့ဗျာ။ ယခုကျွန်တော်တို့က အစိုးရနှင့် တပ်မတော်နှင့် လက်တွဲပြီးတော့ ငြိမ်းချမ်းရေးကို ဆွေးနွေးပြီးတော့ အဲ့ဒီ အချိန်ကနေစပြီး ဒီကနေ့ အထိကျွန်တော်တို့ သေနတ် တစ်ချက်မှလည်း မပစ်ဖောက်ခဲ့ဘူး။ အစိုးရနှင့်လည်းအထစ်အငေါ့ ဘာမှတစ်ခါမှမဖြစ်ဘူး။ နိုင်ငံတော်ရဲ့ ဦးဆောင်မှုအောက်မှာ ရှိနေပါတယ်လို့ ကျွန်တော်တို့လည်း ကိုယ့်ဟာကိုယ် အဲ့ဒီလိုပဲခံယူထားပါတယ်။ အဲ့ဒါကြောင့် ဒီငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်လို့ကတော့ ကျွန်တော်တို့ဟာ၂၆နှစ်လည်း တပ်နားလာပြီ။ ငြိမ်းချမ်းရေးရဲ့ အကျိုးရလဒ်အောင်သီးအောင်ပွင့် လည်း ကျွန်တော်တို့ဒေသကို ရောက်ဖူးတဲ့သူ တွေသိမှာပါ။ အဲ့လောက်လည်း ခံစားနေပြီဆိုတော့ ဒီငြိမ်းချမ်းရေးကတော့ ကျွန်တော်တို့က တံခါးလည်း ပိတ်လိမ့်မယ်လို့မထင်ပါဘူး။ ကျွန်တော်တို့အဖွဲ့အနေနှင့်ကတော့ ကျွန်တော်တို့ကငြိမ်းချမ်းနေပြီပဲ။ တိုးလည်းတော်တော်လေးတိုးတက်နေပြီ။ နောက် အဲ့ဒီဟာကတော့ ဒီမှာရှိတဲ့ ကျွန်တော်တို့လူကြီး တွေပေါ့။ ကျွန်တော်တို့အမြင်သဘောထားကတော့ အဲ့ဒီဟာ ဖြစ်ပါတယ်။ နောက်တစ်ခုပြောချင်တာက တင်ပြချင်တာကတော့ ငြိမ်းချမ်းရေးကာလအတွင်းမှာ ကျွန်တော်တို့က ဒေသအဲ့လိုဖွံ့ဖြိုးတိုးတက်သွား တယ်ဆိုတာက ကျွန်တော်တို့အားပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒါကတော့ကျွန်တော်တို့ နိုင်ငံတော်ရဲ့ ဦးဆောင်မှုအောက်မှာ၊ နိုင်ငံတော်ရဲ့ပံ့ပိုးကူညီမှု အောက်မှာ နိုင်ငံတော်ရဲ့ဘတ်ဂျက်ငွေလည်းတချို့ ပါတယ်။ အဲ့ဒါနဲ့ ကျွန်တော်တို့အသုံးပြုပြီးတော့ ကျွန်တော်တို့ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကျွန်တော်တို့ ဒီဒေသကို စည်စည်ကားကားဖွံ့ဖွံ့ဖြိုးဖြိုး ဖြစ်အောင် ကျွန်တော်တို့ တိုးတက်သင့်သလောက် တိုးတက်နေပါပြီ။ တည်ဆောက်ထားပါပြီ။ သို့သော် ဒီထက်မကကျွန်တော်တို့က ဆက်ပြီးဖွံ့ဖြိုးတိုးတက် ဖို့ဆိုရင် ကျွန်တော်တို့ဘာလိုလဲဆိုရင် နိုင်ငံတော်ရဲ့ နွေးထွေးပံ့ပိုးမှုလိုမယ်။ နိုင်ငံတော်ရဲ့ ကူညီပံ့ပိုး မှုလည်းလိုမယ်။ ကျွန်တော်တို့ဒေသခံတွေရဲ့ ဝိုင်းဝန်းကြိုးပမ်းဖို့လိုပါမယ်။ ဒါကြောင့်ဒီဟာကို ဒီ့ထက်မက ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အောင် လူထု၏လူနေမှုဘဝ ဒီထက်မက ပိုပြီးမြင့်တက်လာအောင်ဆိုပြီးတော့ ကျွန်တော်တို့က ဒီနိုင်ငံတော်အစိုးရကိုလည်း ကျွန်တော်တို့ပြောထားပါတယ်။ ဒီဖြတ်သန်းလာခဲ့တဲ့ သမိုင်းနောက်ခံလည်းမတူဘူး။ အချိန်ကလည်း ကျွန်တော်တို့ကနှစ်ပေါင်းလေးဆယ်လောက်ကျော်ပြီ။ အဲ့ဒီ ဗ.က.ပခေတ်ကနေ ကျွန်တော်တို့ဦးစီးသွား တဲ့ ဒီဒေသတွေပေါ့။ အဲ့ဒါကြောင့်ဒီဟာတွေကို ကျွန်တော်တို့ တွေ နောက်နောင်ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချိန်ပေါ့ဗျာ။ ကျွန်တော်တို့ဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးပါဆိုပြီး ကျွန်တော်တို့ ဒါတွေတောင်း ထားတာရှိပါတယ်။ ဒါလည်းကျွန်တော်တို့က မျှော်လင့်ချက် ကြီးကြီးနဲ့ နိုင်ငံတော်နှင့်လက်တွဲပြီးတော့ ကြိုးစားပြီးဆောင်ရွက်သွားပါမယ်။ ဒီထက်မကလည်း ကျွန်တော်တို့က တိုးတက်အောင်လည်း အားထုတ် သွားပါမယ်လို့ ကတိပြုပါတယ်။ လေးစားပါတယ်။
နိုင်ဟံသာဗုန်ခိုင် (မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်)
မင်္ဂလာပါ။ ကျွန်တော်တို့အဖွဲ့ အနေနဲ့လည်း မနေ့တုန်းက ဒီငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို မထိုးဖြစ်ခဲ့ကြောင်းကိုလည်း ရှေ့က ခေါင်းဆောင်တွေ ရှင်းပြသွားသလိုပဲ အတူတူပါပဲ။ ကျွန်တော်တို့ကကြိုတင်မသိထားတော့ ငြိမ်းချမ်းရေးလည်း မရယူ ခဲ့တာ ဖြစ်တာပေါ့။ ကျွန်တော်တို့အကုန်လုံးလည်းပို့ထားပြီးပါပြီ။ သူတို့လည်းအခြေအနေ ဆွေးနွေးပြီး ရင်တော့ အဖြေပေးပါ့မယ်။ ကျွန်တော်အခုလို အခါကောင်းအခွင့်ကောင်းတစ်ခု ကြုံတဲ့အချိန် ကျွန်တော်တို့ ဒီလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် ကျွန်တော်တို့ ဒီပြည်ထောင်စု လွှတ်တော်နာယက တို့၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် လွှတ်တော်ထိပ်သီးတွေနှင့် ပထမဦးဆုံးတွေ့တာလို့ပဲ ကျွန်တော် သိပါတယ်။ အဲ့ဒီတော့ကြုံတဲ့အချိန်မှာ ကျွန်တော်တို့ တိုင်းရင်းသားဘက်က အမြဲတမ်းစိုးရိမ်တာတစ်ခု ရှိပါတယ်။ ခုနကလည်း SSPP က ဗိုလ်ချုပ်ကြီးဆေးထင် ပြောသွားတာရှိပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ စဉ်းစားတိုင်း၊ အဲ့ဒီလိုလုပ်တဲ့အပိုင်းက ကျွန်တော်တို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုဖြစ်ဖြစ်လက်ရှိ အခု(၂၀၀၈)ဖွဲ့စည်းပုံ တချို့ကိုပြင်ဆင်ရမယ်။ ဖြည့်စွက်ရမယ်။ ဒါမှလည်း ကျွန်တော်တို့ တကယ် စစ်မှန်တဲ့ငြိမ်းချမ်းရေး တကယ့်နိုင်ငံတိုးတက်ဖို့ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံပေါ်ထွန်းဖို့ဆိုတာ အဲဒါတော့ မလွှဲမသွေ ဖြတ်သန်းရမယ့်ဖြစ်ရပ်ပဲဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ လက်ရှိအခင်းအကျင်းအရ ဒီဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ အင်မတန်မှ တော်တော်လေး ခက်ခဲသည့်အနေအထားတစ်ခုလို့ ကျွန်တော်တို့ တိုင်းရင်းသားအများစုက ယူဆတယ်။ အဲလိုလည်း ထင်နေကြတာပေါ့။ ဒါပေမယ့် မနက်က ခုနက အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ရှင်းပြသွားသည့် အချို့အချက်တွေရှိတယ်၊ ဒီဥပဒေပြင်ဆင်ရေးအပိုင်း၊ ဘယ်လိုလုပ်နိုင်သည့်အပိုင်း အဲဒါကလည်း ဒါကျွန်တော်တို့ အချက်အလက်နဲ့ အခုတော့ သိနားလည် လာတာပေါ့။ အခုအဲလိုပဲ စိုးရိမ်မှုဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာတော့ ဒါသည် အဓိက key တစ်ခုပဲ၊ သော့ချက်တစ်ခုပဲ၊ အဲဒါကိုတော့ ကျွန်တော်ကတော့ အကြံပြုတင်ပြလိုခြင်း ဖြစ်ပါတယ်။ အဲဒါလေးကို အခင်းအကျင်းကောင်းလေးပေါ့ နည်းနည်းလုပ်လို့ကိုင်လို့လွယ်တဲ့ အခင်းအကျင်းလေးဖြစ်ရင်တော့ ဘယ်လိုဖြစ်ဖြစ် ကျွန်တော်တို့ ရည်မှန်းတဲ့ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဒီမိုကရေစီနိုင်ငံကို ရောက်မယ်လို့တော့ ကျွန်တော် အကြံပြုပါတယ်။
ရဲဘော်မျိုးဝင်း ( ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး)
အားလုံး မင်္ဂလာပါ။ ကျွန်တော်ကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF)ကို တာဝန်ယူပေးနေတဲ့ ရဲဘော်မျိုးဝင်း ဖြစ်ပါတယ်၊ ကျွန်တော့်ဥက္ကဋ္ဌ ရဲဘော်သံခဲကတော့ တာဝန်နှင့်ခရီးထွက်သွားရလို့ ဒီအစည်းအဝေးကို တက်ရောက်နိုင်ခြင်းမရှိပါဘူး၊ အခုလိုမျိုး ကျွန်တော်တို့ တိုင်းပြည်မှာ အရေးကြီးသည့် အဓိကမဏ္ဍိုင်ကြီး သုံးခုထဲမှာ ဥပဒေပြုရေး မဏ္ဍိုင်သည် နာယကကြီးအပါအဝင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသည့် ခေါင်းဆောင်အသီးသီးနှင့် တွေ့ဆုံခွင့် တင်ပြခွင့်ရတဲ့အတွက် အထူးပဲဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အခုလိုမျိုးတင်ပြခွင့်ရအောင် စီစဉ်ပေးသည့်အတွက်လည်း အများကြီးကျေးဇူးတင်ပါတယ်။ ဒီတွေ့ဆုံပွဲ က နေပြီးတော့မှ ကျွန်တော်တို့ မတူကွဲပြားတဲ့ အမြင်တွေ၊ သဘောထားတွေ၊ အသံတွေကို ကြားသိရမှာ ဖြစ်ပါတယ်။ ဒီမတူကွဲပြားတဲ့ အမြင်တွေ အသံတွေကလည်းပဲ ဒီဥပဒေပြုရေးမဏ္ဍိုင်ကနေ ဥပဒေပြု ပြဋ္ဌာန်းသည့်အခါမှာ လိုအပ်သည့် သတင်းအချက်အလက်တွေ၊ တိုင်းပြည်၏ နိုင်ငံရေး ပြဿနာကို အဖြေရှာဖို့အတွက်ကို လိုအပ်နေသည့်အကြောင်းအရာလေးကို ကြားသိခွင့်၊ သိရှိခွင့် ရလိမ့်မည်ဟု ကျွန်တော်တို့မျှော်လင့်ပါတယ်။ ဒီနေ့ ဒီအခမ်းအနားအစမှာပဲဖြစ်ဖြစ် မနေ့ကပဲ ဖြစ်ဖြစ် လွှတ်တော် နာယကကြီးပြောသွားသည့် တိုင်းပြည်ပေါ်မှာထားသည့် အမြင်သဘောထားတွေက ကျွန်တော်တို့နဲ့ တစ်ထပ်ပါပဲ။ ကျွန်တော်တို့ ဒီနေ့ ပြည်တွင်းငြိမ်းချမ်းရေးလိုချင်တယ်၊ အမျိုးသား ပြန်လည်သင့်မြတ် ရေး ပြန်လည်တည်ဆောက်ချင်တယ်၊ နိုင်ငံရေးဆွေးနွေးပွဲကို ကျွန်တော်တို့ ဖြစ်စေချင်တယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ချင်တယ်၊ ဒီမိုကရေစီဖော်ဆောင်ချင်တယ်၊ ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါပဲ။ ကျွန်တော်တို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက်ကို ကမ်းလှမ်းသည့် အခါမှာ ဒီရည်မှန်းချက်တွေကို ကျွန်တော်တို့ ချထားခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်တို့၏ ရည်မှန်းချက်နှင့် လွှတ်တော်၏ ရည်မှန်းချက်နှင့် တစ်ထပ်တည်းဖြစ်ပါတယ်၊ အခုလို ရည်မှန်းချက် တူတယ်ဆိုတာလည်းပဲ ကျွန်တော်တို့နားလည်တာက တိုင်းပြည်ပေါ်မှာထားရှိတဲ့ စေတနာလည်းတူလို့ ပဲဟု ကျွန်တော် ဒီလိုခံယူပါတယ်။ ဒီနေရာမှာတော့ ရည်မှန်းချက်တော့တူတယ်၊ ဒါပေမယ့် ဒီ ရည်မှန်းချက်ကို ဘယ်လို အကောင် အထည်ဖော်မလဲဆိုတဲ့ နည်းလမ်းမှာတော့ အမှန်တိုင်းပြောရင် နည်းနည်းလေးတော့ညှိနှိုင်းရလိမ့်မယ်၊ အဖြေရှာရလိမ့်မယ်လို့ ကျွန်တော်ဒီလိုပဲ ယုံကြည်ပါတယ်။ ဒီလိုပဲ မြင်ပါတယ်။ လွှတ်တော်နာယကကြီးပြောသလိုပေါ့ တံခါးတော့ဟထားတယ်၊ ကျွန်တော်တို့ တွန်းဖွင့်ဝင်လာပေးပါဆိုပြီးတော့ တောင်းဆိုသလို ကျွန်တော် ကလည်းပဲ ဒီဥပဒေပြုရေးမဏ္ဍိုင်ကို တောင်းဆိုချင်တာက ကျွန်တော်တို့ဝင်လာဖို့အတွက် အခင်းအကျင်း တံခါးကို ပိုမိုပြီးတော့ ကျယ်ကျယ် ဖွင့်ပေးဖို့ တောင်းဆိုလိုပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေး ပြဿနာတွေ အဖြေရှာတဲ့နေရာမှာတော့ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်း လုပ်လို့ မရဘူးဆိုသည်ကို ကျွန်တော်တို့ခံယူထားပါတယ်။ ဒီလိုပဲ အမြင်ရှိပါတယ်။ မနေ့က လွှတ်တော်နာယက အနေနှင့် လွှတ်တော်နာယကရဲ့အမြင်သဘောထား ပြောသလို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ တစ်ယောက် အနေနဲ့ ပါတီသဘောထားကို ကြားသိရသည့် အတွက် အများကြီး ကျွန်တော်တို့ဝမ်းသာပါတယ်။ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းလုပ်လို့မရဘူး ဆိုတာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း ခံယူထား သည်ဆိုသည့် သဘောထားကိုသိရသည့်အတွက် အားလုံးနှင့်လက်တွဲဆောင်ရွက်သွားမည်ဆိုသည့် သဘောထားကို သိရသည့်အတွက် တိုင်းပြည်အတွက် ခြေလှမ်းကောင်းတွေလို့ နားလည်ပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးကတော့ ကျွန်တော်တို့၏တွေ့ကြုံဖြတ်သန်းမှုအရ ၈၈ မှာ တော်လှန်းရေး နယ်မြေကို ရောက်တယ်။ ဒီနေရာမှာ ကျွန်တော်တို့ တွေ့ကြုံဖြတ်သန်းရတဲ့မူအရ တိုင်းပြည် နိုင်ငံရေးပြဿနာကို အဖြေရှာတဲ့နေရာမှာ အထောက်အကူပြုနေမယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ဘာကို ကျွန်တော်တို့ တွေ့ခွင့်ရသလဲ ဆိုတော့က မယုံကြည်မှုပါ။ ယနေ့က တိုင်းပြည် ပြဿနာကို အဖြေရှာဖို့ ကြိုးစားနေတဲ့ နိုင်ငံခေါင်းဆောင် အသီးသီးက မယုံကြည်မှုကို ဘယ်လိုတည်ဆောက်မလဲ ဆိုသည်ကို နည်းလမ်းရှာပေးဖို့၊ သဘောထားကြီးဖို့လိုပါလိမ့်မယ်၊ မယုံကြည်မှုဆိုသည့်အထဲမှာ ကျွန်တော် ပွင့်ပွင့်လင်းလင်းတင်ပြပါ့မယ်၊ ဗမာနှင့် ဗမာမဟုတ်သော တိုင်းရင်းသားကြားမှာရှိသည့် မယုံကြည်မှုဟာ အင်မတန်မှ နက်နက် ရှိုင်းရှိုင်းရှိနေပါတယ်၊ ကျွန်တော်တို့ တော်လှန်ရေးနယ်မြေ စရောက်သည့်အခါမှာ တိုင်းရင်းသား အင်အားစု နယ်မြေရောက်သည့်အခါမှာ ၈၈အရေးအခင်း ရောက်သွားသည့် အခါမှာ တိုင်းရင်းသား ပေါင်းစုံပါပါတယ်၊ ကချင်ဘက်ရောက်ရင် ကချင်တွေများတယ်၊ မွန်ဘက်ရောက်သည့် အခါမှာ မွန်တွေများတယ်၊ ကရင်ဘက်ဆိုကရင်တွေများတယ်၊ ထားဝယ်ဘက်ရောက်ရင် ထားဝယ်များ တယ်၊ ဒါပေမယ့်တိုင်းရင်းသားပေါင်းစုံဘယ်လိုပဲ ပါဝင်နေ ပါဝင်နေ ကျွန်တော်တို့ဗမာလို့ပဲမြင်တယ်။ ဒီမယုံကြည်မှုရဲ့ပထမ ဆုံးရင်ဆိုင်ခံရတာကတော့ ဗမာ ဆိုပြီးအခြေခံပေါ်မှာ မယုံကြည်မှု။ ဒီမယုံကြည်မှုကို ကျွန်တော်တို့အတူတကွ လက်တွဲဆောင်ရွက်ရေးနှင့် တိုက်ပွဲဝင်ရေးနဲ့ကျော်လွှားခံရတယ်။ ဗမာဆိုပြီး အဆင့်ကနေဗမာကျောင်းသား ဆိုပြီးဖြစ်လာတယ်။ ဗမာကျောင်းသားဆိုသည့်အဆင့်ကနေ ကျွန်တော်တို့ ယုံကြည်မှုတည်ဆောက်ရေးနှင့် ကျောင်းသားဆိုသည့်အဆင့်ကို လက်ခံနိုင်သည့် အဆင့်ကို ရောက်ရှိခဲ့တာ။ ဆိုလိုတာ ကတော့ ဒီဗမာနှင့် ဗမာမဟုတ်သည့်တိုင်းရင်းသားတွေကြားမှာ ရှိခဲ့သည့် ပဋိပက္ခမယုံကြည်မှုဟာ နက်နက်ရှိုင်းရှိုင်းရှိပါတယ်။ ဒီပြဿနာကြီးကို အမျိုးသားပြန်လည် သင့်မြတ်ရေး တည်ဆောက်သည့်နေရာမှာ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်သည့်နေရာမှာ ဒီမယုံကြည်မှုပြဿနာ ကို အခြေခံပြီးရှိနေသည့် ပြဿနာကိုဘယ်လိုအဖြေရှာမလဲဆိုတာကို ဒီနေ့ကာလအခုပြောနေသည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ အတွက် ဒီလိုမျိုးအခက်အခဲတွေ အကန့်အသတ်တွေရှိနေသည့်အတွက် ဒါလည်းပဲ မယုံကြည်မှုပေါ်မှာ အခြေခံပြီးတော့မှ ဖြေရှင်းနေလို့ ချဉ်းကပ်နေလို့ဖြစ်တဲ့ပြဿနာလို့ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ ခံယူပါတယ်။ ဒီ မယုံကြည်မှုပေါ်မှာအခြေခံပြီးတော့မှ ပဋိကွန်နက်ရှင်တွေ တောင်းဆိုလာကြတယ်။ နှစ်ဖက်စလုံးတောင်းတယ်။ ဒါရိုးရိုးသားသားကျွန်တော်တင်ပြခြင်းနှင့် ဒီနိုင်ငံရေးဆွေးနွေးပွဲ မသွားနိုင် သေးခင်မှာ ကြိုတင်စီမံပြီးနိုင်ငံရေးသဘောထားတွေကို မယုံကြည်မှုပေါ်မှာ ချန်ပြီးတော့မှ တစ်တိုင်း ပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပေးလိုက်ရရင် ဒီလက်မှတ်ရေးထိုးလိုက်ရရင် အစိုးရအဖွဲ့ ကဘာတွေရသွားမလဲ။ အစိုးရကငါတို့ကိုပေးလိုက်ရမှာ ဘာတွေလဲ။ ငါတို့ဘက်ဆုံးရှုံးမှုတွေက ဘာတွေလဲ။တကယ်နိုင်ငံရေးအာမခံချက်ရှိပါ့မလားဆိုတဲ့ မယုံကြည်မှု။ ဒါတပ်မတော်အဖွဲ့ကလည်းပဲ တစ်တိုင်းပြည်လုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးလိုက်ရပြီး ဒီအခွင့်အရေးတွေတော့ ပေးလိုက် ရပြီ။ ဒီအခွင့်အရေးတွေကို ပေးလိုက်ရခြင်းအားဖြင့် ဘာတွေဖြစ်လာမလဲဆိုပြီး စိုးရိမ်စိတ်ပေါ်မူတည်ပြီး တော့ မယုံကြည်မှုအပေါ်မူတည်ပြီးတော့ တပ်မတော်၏မူ (၆) ချက်ဆိုတာ ထွက်လာပါတယ်။ တစ်ဖက်က လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပေါ်မှာ မယုံကြည်မှုပေါ်မှာအခြေခံပြီးတောင်းဆို တယ်။ တပ်မတော်ကလည်း မယုံကြည်မှုပေါ်မှာ အခြေခံပြီးတောင်းဆိုတယ်။ ဒါတွေဟာ ကျွန်တော် တို့မြင်တာတော့ ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေလို့ ကျွန်တော်ဒီလိုနားလည်ထားပါတယ်။ ဒါတွေဟာ စားပွဲဝိုင်းပေါ်မှာတင်ပြီး ဆွေးနွေးရမည့် အကြောင်းအရာတွေလို့ ကျွန်တော်တို့ခံယူထားတယ်။ ဒါပေမယ့် စားပွဲဝိုင်းပေါ်မှာ တင်ပြီးဆွေးနွေးရမယ့် အကြောင်းအရာတွေကို စားပွဲဝိုင်းမဝင်ခင်မီမှာ ကြိုတင်ပြီးတော့ နှစ်ဘက်ကတောင်းဆိုနေတော့ အဲဒါပိုပိုပြီးတော့ ဝေးစေတယ်လို့ အဲဒါဆိုတော့ ဒီနေရာမှာ ကျွန်တော်တို့ ပိုမိုပြီးတောင်းဆိုချင်တာတော့ တာဝန်ရှိတဲ့သူတွေက ပိုပြီးတော့ သဘောထား ကြီးဖို့ ရင်ခွင်ကျယ်ကျယ်ထားပေးဖို့ ဒီမယုံကြည်မှုတွေကို တည်ဆောက်နိုင်ဖို့အတွက်ကို နည်းလမ်းတွေ ရှာဖွေပေးဖို့ ကျွန်တော်ဆိုရင် ကျွန်တော့်အတွေ့ အကြုံအရဆိုရင် ကျွန်တော်နေပြည်တော်ရောက်လာတာ နှစ်ကြိမ်ရှိပါပြီ။ သမ္မတနှင့်တွေ့ဆုံခွင့်ရတယ်။ အခုဆိုရင်လွှတ်တော်နာယကကြီး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်တွေ့ခွင့်ရတယ်။ တွေ့ခွင့်ရသည့်အပေါ်မှာမူတည်ပြီးမှ အမြင်တွေ၊ သဘောထားတွေကို ကြားသိ ရသည့်အတွက် နားလည်မှုတွေရှိလာတယ်။ ဒါပေမယ့်ကျွန်တော်တို့ လိုမကြားသိနိုင်တဲ့အခြေအနေ မရှိသည့်သူတွေကြတော့ ကျွန်တော်တို့လို သိခွင့်ရမှာမဟုတ်ပါဘူး။ ဒါတွေက လည်း ယုံကြည်မှုတည် ဆောက်နိုင်သည့် နည်းလမ်းပေါ့၊ ဥပမာ- ကျွန်တော်လက်တွေ့ မနေ့ကညစာစားပွဲမှာ ဒေါက်တာ စိုင်းမောက်ခမ်း နှုတ်ခွန်းဆက်ကြိုဆိုစကားလေး ပြောကြားသွားပါတယ်၊ ဒေါက်တာစိုင်းမောက်ခမ်း တင်ပြသွားတာသည် တိုင်းပြည်ပေါ်မှာ သုံးသပ်ရာသုံးသပ်ချက်သည် တကယ့်တိုင်းပြည်၏ပကတိအခြေ အနေပါ။ ဒါတွေကို ကြားသိရတာသည် တော်တော်ကိုဝမ်းသာပါတယ်။ အော် ဒုတိယ သမ္မတ တစ်ယောက်အနေနှင့် ကျွန်တော်တို့တိုင်းပြည် ပကတိ အရှိတရားတွေကို လက်ခံသွားတယ်၊ တကယ်လို့သာ ကျွန်တော်တို့တိုင်းပြည်သည် လွန်ခဲ့သည့် နှစ်၂၀ လောက်က တိုင်းပြည်မှာ တာဝန်ရှိသည့် ခေါင်းဆောင်တွေ ဒီခေါင်းဆောင်တွေပါပဲ၊ ဒေါက်တာစိုင်းမောက်ခမ်းပြောသွားသည့် မိန့်ခွန်းတိုင်းကို အရှိတရားအတိုင်းကို လက်ခံပြီး ပြောင်းလဲသွားမယ်ဆိုလို့ရှိလျှင် ကျွန်တော်တို့ တိုင်းပြည် သည် ရှေ့ခရီး ရောက်နေပြီ၊ ကျွန်တော်တို့ ဆိုလိုတာကတော့ နောက်မကျသေးပါဘူး၊ ကျွန်တော်တို့ အားလုံးဝိုင်းဝန်း ကြိုးပမ်းမယ်ဆိုလျှင်တော့ မီနိုင်ပါသေးတယ်၊ ကျွန်တော်တို့တိုင်းပြည်အခြေအနေကို ကျွန်တော်တို့ သိပါတယ်၊ နယ်စပ်ဒေသကိုရောက်တယ်၊ နိုင်ငံတကာ လေ့လာရေးခရီးတွေသွားတယ်၊ သွားလေ သွားလေ သွားလေထိုင်းကို ရောက်လေ ထိုင်းနိုင်ငံအဆင့်အတန်းအများကြီးဝေးတယ်၊ အရှေ့တောင် အာရှနိုင်ငံတွေရောက်တယ်၊ အများကြီးဝေးတယ်၊ ဥရောပကိုရောက်တယ်၊ တော်တော်လေးကို ဝေးသွားပြီ၊ အမေရိကကိုရောက်တယ်၊ တော်တော်လေးကိုကွာသွားတယ်၊ သွားလေ သွားလေ ကျွန်တော်တို့ တိုင်းပြည်အခြေအနေသည် နိုင်ငံတကာနှင့်ယှဉ်လိုက်လျှင် ကျွန်တော်တို့တိုင်းပြည် တော်တော်လေး နောက်ကျနေပြီဟု သိရှိခွင့်ရသည့်အတွက် စိတ်လည်းမကောင်းဘူး။ ဒါကို အမြန်ဆုံး ပြုပြင်ချင်ပါတယ်၊ အမြန်ဆုံးဝိုင်း ဝန်း ဆောင်ရွက်ချင်ပါတယ်၊ ဆောင်ရွက်သည့်နေရာမှာလည်း မှန်မှန် ကန်ကန်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာပြီး အားလုံးအတူတကွ လုပ်ကြရ အောင်ဆိုသည့် စိတ်ထားပေးဖို့၊ ဒီနေရာမှာ နိုင်ငံရေးအခြေအနေကို ကျွန်တော်တို့ လေ့လာနေပါတယ်၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးဖြစ်စဉ်ကို ကျွန်တော်တို့လေ့လာပါတယ်၊ ဒီနေ့က ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးဟာ ဘယ်ကနေစ လဲဆိုတာကျွန်တော်အကြီးတစ်ယောက်အနေနဲ့ လက်ခံပါတယ်၊ ကျွန်တော် တို့ လက်နက်ကိုင်တိုက်ပွဲကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ ဖြစ်လာတာမဟုတ်ပါဘူး။ လူထုတိုက်ပွဲ ကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ ဖြစ်လာတာမဟုတ်ဘူး။ ပြီးခဲ့တဲ့ကာလတာဝန်ယူခဲ့တဲ့ စစ်တပ်ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ပြောင်းလဲ တယ်ဆိုတာ ကျွန်တော်တို့ လက်ခံပါတယ်၊ အဲ့လိုမျိုးပြောင်းလဲလာတဲ့ ဒီမို ကရေစီအသွင်ကူးပြောင်းမှု ဖြစ်စဉ်မှာ ကျွန်တော် လိုချင်တာအားလုံးမရဘူးဆိုတာ ကျွန်တော် အကြီးတစ်ယောက်အနေနဲ့ လက်ခံ ပါတယ်၊ ဒါပေမယ့် အဲ့ဒီအကူးအပြောင်းမှာသေချာနေတာတော့ Follow Me တော့ လုပ်ဖို့ခက်ပါ လိမ့်မယ်။ အားလုံးအားလုံး ငါတို့နောက်လိုက်ခဲ့ပါဆိုရင်တော့ နည်းနည်းခက်ပါလိမ့်မယ်၊ ဒါကလည်း ဒီခေါင်းဆောင်တွေပဲ အမျှော်အမြင်ရှိရှိနဲ့ ဒီအကူးအပြောင်းမူသွားနေတယ် ဆိုတာကို ကျွန်တော်တို့ နားလည်ခဲ့ပါတယ်၊ စိုးရိမ်စိတ်တွေနဲ့ သံသယစိတ်တွေနဲ့ သိပ်မထားဘဲနဲ့ တိုင်းပြည်ကို အတူတကွ ပြန်လည်ပြီးတော့ ဖွံ့ဖြိုးအောင်ကြိုးပမ်းရအောင်ဆိုပြီး ခံယူထားပေးသင့်ပါတယ်၊ ငါတို့ဦးဆောင်မှု နောက် လိုက်ခဲ့ ဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ အတူတကွလုပ်ကြရအောင်ဆိုတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာမှာ ပြုပြင်ပြောင်းလဲပြီးတော့မှ ကျွန်တော်တို့အတူတကွသွားနိုင်ဖို့၊ ဖန်တီးပေးဖို့၊ အခင်းအကျင်းတွေ ဖန်တီး ပေးဖို့၊ ပြင်ဆင်ပေးဖို့၊ ဒါတွေဆောင်ရွက်ခြင်းအားဖြင့် ယုံကြည်မှုကို ကျွန်တော်တို့ တည်ဆောက်နိုင် လိမ့်မယ်လို့ အပြန်အလှန်ယုံကြည်မှုရှိခြင်းအားဖြင့် အမြန်ဆုံးနိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ဆိုလိုတာကတော့ ကျွန်တော်တို့ဒီနေ့ကာလမှာ အဖြစ်ဆိုးနေတဲ့ အပိုင်းတွေကို ဒီဥပဒေပြုရေးမဏ္ဍိုင်ဟာ လည်းပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုမယ့် အဖြစ်နိုင်ဆုံးအချက်တွေကို ချက်ချင်း လက်ငင်း အကောင်အထည်ဖော်ပေးမှ ဆောင်ရွက်ခြင်းအားဖြင့် ယုံကြည်မှုကိုတည်ထောင် နိုင်ပါတယ်လို့ ကျွန်တော်တင်ပြရင်းနဲ့နိဂုံးချုပ်ပါတယ်၊ တင်ပြခွင့်ရသည့် အတွက် ကျေးဇူးတင်ပါတယ်။
ဒေါက်တာရွှေခါးရ် (တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ ချင်းအမျိုးသားတပ်ဦး)
လေးစားအပ်ပါသောနာယကနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအပါအဝင် ကျန်သည့်လူကြီး ခေါင်းဆောင်များ ကျွန်တော်ကတော့ ရွှေခါးရ်ဖြစ်ပါကြောင်း၊ ချင်းအမျိုးသားတပ်ဦးက တွဲဖက်အတွင်း ရေးမှူးချုပ်(၂) ဖြစ်ပါတယ်၊ ကျွန်တော်တို့တိုင်းရင်းသားများဘက်က တော်တော်လည်း အားနည်းသည် များ ရှိပါတယ်၊ မိမိတို့မြန်မာနိုင်ငံ၏အခင်းအကျင်းကို ကျွန်တော်တို့အစိုးရရယ် တပ်မတော်ရယ် လွှတ်တော်ရယ်ကို Basket တစ်ခုမှာထားပြီး Approach ကျွန်တော်တို့ကိုလာလုပ်ပါတယ်။ အဲဒါ မိမိတို့ဖက်ကလည်း မှားပါတယ်။ ဒါဆိုလို့ချင်ရင် သီးသန့် Independent သူတို့ နေကြတာဖြစ်တဲ့ အတွက်ကြောင့် ဒီ Institution သုံးခုကို မိမိတို့ ဒီ Approach တစ်ခုစီနှင့် လာပြီးချဉ်းကပ်သင့်ပါ တယ်ဆိုတာကို ကျွန်တော်တို့ တွေးတောတာလည်း ကြာပါပြီ၊ ဒီနှစ်မှပဲ ကျွန်တော်တို့ အကောင်အထည် ဖော်နိုင်တာပေါ့။ ကျွန်တော်တို့တပ်မတော်ဘက်ကိုလည်း သွားတွေ့တယ်။ ဒီမှာ လွှတ်တော်ဖက်ကို လည်း လာတွေ့ပါတယ်။ ပြီးတော့ အစိုးရနှင့်က တွေ့နေကျဖြစ်ပါတယ်။ ပြီးတော့ မနှစ်က ကျွန်တော် သေချာနားထောင်တော့ ခုနပြောသည့်အတိုင်းပဲ ပကတိရှိနေသည့်အရာများကို ကျွန်တော်တို့ အရှိကိုအရှိတိုင်းအသိအမှတ်ပြုတာဟာ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးအတွက်ကတော့ အဲဒါ အစဖြစ်ပါတယ်၊ တကယ့်ကောင်းတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်၊ မနေ့ ကတော့ပြောနေကြပါတယ်၊ စိုးရိမ်စိတ်များ၊ မယုံကြည်မှုများ၊ သံသယများ ခုနကလည်း ဧည့်ပရိသတ်က တော်တော်များများ ပြောလိုက်တော့ ကျွန်တော် များများစားစား မပြောတော့ပါဘူး၊ ယခု တိုင်းရင်းသားတွေဘက်ကနေ လွှတ်တော်ကို ကျွန်တော်တို့ သံသယရှိတဲ့ဟာတွေကို ပွင့်ပွင့်လင်းလင်းတင်ပြရင်တော့ ကောင်းတာပေါ့၊ ပထမအနေနဲ့ကတော့ နာယကကြီးတို့၊ ဥက္ကဋ္ဌတို့ကလည်း ကြားမိမှာပါ၊ လွှတ်တော်ပြင်ပ၊ လွှတ်တော် တွင်းဆိုတာက နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲက ထွက်လာပါတယ်၊ အဲဒါကိုလည်း နည်းနည်းရှင်းလင်း လိုပါတယ်။ ဒီ ၂၀၁၂ ခုနှစ်၊ မေလမှာ နိုင်ငံတော်သမ္မတရုံးကနေ အချက် (၈) ချက်ပါတဲ့ Road Map တစ်ခုထွက်လိုက်တော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို ပါတီထောင်ပြီးတော့ လွှတ်တော်မှာလုပ်မည် ဆိုသည့်ပုံစံမျိုး ဖြစ်လာတော့ ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်ဘက်ကနေ အဲဒီအပေါ်မှာ တုံ့ပြန်တဲ့ အခါမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဟာ လွှတ်တော်ပြင်ပမှာဖြစ်ရမယ်ဆိုတာ ဖြစ်လာတယ်၊ ဒါပေမယ့် ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ ကျွန်တော်တို့ရဲ့ NCA မှာဆွေးနွေးရင်းဆွေးနွေးရင်းနဲ့ အကုန်လုံးနားလည်လာတာက လွှတ်တော်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်ပဲတက်လို့ရပါတယ်၊ သေနတ်တကားကားကြီးနဲ့ သွားတက်လို့မရဘူးပေါ့ကွာ သူပုန်တွေက၊ လွှတ်တော်အတွင်းမှာ ကျင်းပစရာအကြောင်းကိုမရှိဘူး၊ ပြင်ပတွေ၊ အတွင်းတွေမလုပ်တော့ပါနဲ့ဆိုပြီး ပြောလာပါတယ်၊ ဒုတိယသံသယတစ်ခုဖြစ်သည့်ဟာက အဲဒါတော့ ကျွန်တော်တို့လွှတ်တော်ပြင်ပ၊ လွှတ်တော်တွင်းလို့ ကျွန်တော်တို့ ဘာဖြစ်လို့ပြောရသလဲဆိုတဲ့ဟာက ရှင်းသွားပြီ၊ ဒုတိယ သံသယတစ်ခုဖြစ်တဲ့ဟာက ခုနအကုန်လုံးကလည်းတော်တော်များများ ပြောတယ်၊ ဒီနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကနေ ရလဒ် ဘယ်လိုအကောင်အထည်ဖော်မလဲဆိုသည့်နေရာမှာ တကယ်ချီးကျူးပါတယ်၊ အဲဒီမှာ လွှတ်တော်ဆို လျှင် အရေးအကြီးဆုံးဖြစ်ပါတယ်၊ တကယ်လို့ အဲဒီရလဒ်တွေနှင့်အညီ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင် အခြားဥပဒေတွေပြင်ဆင်မယ်ဆိုလျှင် လွှတ်တော်ကပဲ ပြင်ဆင်ခွင့်ရှိပါတယ်၊ အဲဒီ အပေါ်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်များက သံသယရှိကြပါတယ်၊ ဒါပေမဲ့ တဖက်ကတော့ မိမိတို့ပြောလိုက် ပါတယ်၊ မိမိတို့နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲလုပ်မယ်ဆိုတဲ့ဟာက အကုန်လုံးအပေါ်မှာ Inclusive ဖြစ်ပါလိမ့်မယ်၊ လွှတ်တော်ဆိုတဲ့ဟာက နိုင်ငံကြီးပါတီတွေ အရွေးခံသည့် ပြည်သူ့လွှတ်တော်နှင့် တပ်မတော်ဖက်နေ စေလွှတ်တဲ့ ပြည်သူ့လွှတ်တော် တပ်မတော်ကိုယ်စားလှယ်များ ဖြင့်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်၊ ဒီအကုန်လုံးက နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာလည်း ရှိနေကြမယ်၊ အဲဒီနိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကနေ ကျွန်တော်တို့ လုပ်ထားသည့်ရလဒ်ကြီးကို လွှတ်တော်ကျတော့မှ သဘောမတူပါဘူး ဆိုလို့ကတော့ မလုပ်ပါဘူးကွာလို့ ကျွန်တော်တို့အချင်းချင်းတော့ ဖြေသိမ့်ကြတာပေါ့၊ ကျွန်တော်ငယ်ငယ် တုန်းက ပုံပြင်တစ်ခုကြားဖူးတယ်၊ အိမ်မှာ သူကိုသင်ပေးတာ ဂဏန်းပဲသင်ပေးတာပေါ့၊ သုည၊ တစ်၊ နှစ်၊ သုံး။ ကျောင်းရောက်သည့်အခါကျတော့ က၊ ခ သင်ပေးလိုက်တော့ ဝလုံးဖြစ်လာတယ်၊ ဝလုံးလို့ သူ့ကို ပြောခိုင်းတော့ မရဘူး၊ သုညပဲတဲ့၊ နောက်ဆုံးကျတော့ ဆရာမက မဟုတ်ဘူး၊ ဒါသည် က၊ ခ မှာတော့ ဝလုံးဆိုတော့၊ ကျောင်းမှာ ဝလုံးပြောပြော အိမ်ပြန်သွားရင်းတော့ သုညလို့ပဲ ပြောပါလိမ့်မယ်တဲ့၊ ကျွန်တော်တို့ အဲဒီလောက်တော့ မဟုတ်လောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော်တို့နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးတဲ့ဟာကိုတော့ လွှတ်တော်ရောက်သွားတဲ့အခါမှာတော့ မပြောင်းလဲ လောက်ဘူးဟု ကျွန်တော်တို့ ယူဆပါတယ်၊ အဲဒါမျိုးတွေ ကျွန်တော်တို့ အခု NCA မထိုးနိုင်တဲ့ဟာ ကလည်း ရှင်းရှင်းပြောရလျှင် ခုနတခြား လူကြီးတွေပြောပါတယ်၊ ကျွန်တော်တို့တိုင်းရင်းသားဘက်ကနေ နိုင်ငံရေးအာမခံချက်ကို အကုန်လုံးထည့်ချင်တယ်၊ တပ်မတော်အစိုးရဘက်ကအနေနဲ့လည်း သူတို့ရဲ့စိုးရိမ် နေမှုတွေကို အဲဒီမှာ ထည့်ချင်တယ်၊ ဒီအပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာ တပ်အင်အား၊ လက်နက် အင်အား မတည်ဆောက်နိုင်အောင် သူတို့ကလည်း ထည့်ချင်တယ်၊ ဒါတွေဒါတွေအကုန်လုံးက မယုံကြည်မှု၊ သံသယ၊ စိုးရိမ်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်၊ ဒီလွှတ်တော်ဘက်မှာလည်း တိုင်းရင်းသား တွေက ဒီစိုးရိမ်မှုလေးတွေရှိနေတဲ့ဟာကို ကျွန်တော်ကတော့ ခုနက ကျွန်တော်တို့ နာယကကြီးကနေ လွှတ်တော်ကတော့ ကျွန်တော်တို့ ဖွင့်ထားပြီးပြီ ငြိမ်းချမ်းရေးအတွက်လို့ဆိုတဲ့ဟာ ပြောလိုက်တော့ ကျွန်တော် တော်တော်လေး ဝမ်းသာမိတယ်၊ တစ်ခါတည်းမှာ ကျွန်တော်တို့ ယုံကြည်မှု တည်ဆောက် ရေး ဆိုတဲ့ဟာက ပြောရုံနဲ့ စာရွက်ထဲမှာရေးရုံနဲ့ မပြီးပါဘူး၊ တကယ့်လက်တွေ့ လုပ်ရမှာ ဖြစ်ပါတယ် ဆိုပြီးတော့ မနေ့က သမ္မတကြီးက မှာသွားပါတယ်၊ အခုကျွန်တော်တို့လည်း နှစ်ဦးနှစ်ဖက် သဘောတူညီချက်တွေ ချုပ်ဆိုထားတဲ့ဟာကို ဝန်ကြီးဦးအောင်မင်းကနေ လွှတ်တော်ကို တင်ပြပြီးပြီလို့ သတင်းရရှိပါတယ်၊ အဲ့ဒီတင်ပြတုန်းကလည်း ဒီစာချုပ်တွေအကုန်လုံးဟာ စာချုပ်ချုပ်ဆိုနေတဲ့ အချိန်တုန်းမှာလည်း ဖွဲ့စည်းပုံမူဘောင်တွေကို ကျော်ပြီးတော့ မလုပ် မိဖို့ကို ကျွန်တော်တို့နှစ်ဖက်ကနေ သတိထားမိပါတယ်၊ ဝန်ကြီး ကျွန်တော်တို့ကိုလာဆွေးနွေးတဲ့ အစိုးရအဖွဲ့တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေရယ် ကျွန်တော်တို့ကို အတန်တန်သတိပေးပါတယ်။ ဒီအဆင့်မှာကျွန်တော်တို့ ဖွဲ့စည်းပုံ ဥပဒေကို မူဘောင်တွေကို ကျွန်တော်တို့ကျော်ပြီးတော့မလုပ်နိုင်ဘူး၊ အဲ့ဒီတွင်းမှာပဲ ကျွန်တော်တို့လုပ်နိုင် တဲ့ဟာကို ကျွန်တော်တို့လုပ်ရအောင်ဆိုပြီးတော့မှ ကျွန်တော်တို့ စာချုပ်ထား တာဖြစ် ပါတယ်၊ ဒီစာချုပ် ကလည်း တကယ်အရေးကြီးပါတယ်၊ နှစ်ဦးနှစ်ဖက် Bilateral ကလည်း အတွေ့အမြင်ပဲ ဖြစ်ကြပါတယ်၊ အဖွဲ့ပေါင်း ၁၄ ဖွဲ့နဲ့ အစိုးရက ရေးထိုးပေးထားပြီးဖြစ်ပါတယ်၊ ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့ လွှတ်တော်ကနေ ဒီ Bilateral Arguments တွေကို တကယ်လို့များ အသိအမှတ်ပြု အတည်ပြုပေးတယ်ဆိုတဲ့ စာတစ်ကြောင်းရယ် ပြီးတော့အဲဒီ့ Argumentတွေကို ဆိုင်ရာဆိုင်ရာကနေ အမြန်ဆုံးအကောင်အထည်ဖော်ကြဖို့အတွက် တိုက်တွန်း တယ်ဆိုတဲ့ စာနှစ်ကြောင်းကို ပြည်သူ့လွှတ်တော်ဘက်က လွှတ်တော်ဘက်ကနေ လုပ်ပေးနိုင်မယ် ဆိုရင် အဲ့ဒါက မနေ့ကလို ကျွန်တော်တို့ ဒီ Aggrement ရေးထိုးလိုက်သလို လွှတ်တော်ကနေ ငြိမ်းချမ်းရေးအပေါ်မှာ ဖြစ်စဉ်အပေါ်မှာ ဘယ်လောက်ထိအားပေးလဲ၊ ဘယ်လောက်ထိ Commitment ပေးမယ်ဆိုတဲ့ဟာကို ပြည်သူတွေကို ကြေညာရာကျမယ်လို့ ကျွန်တော်ထင်ပါတယ်၊ တကယ်လို့များဖြစ်နိုင်လို့ရှိရင် ဒီအဲ့ဒါလေးကို ဒီ ရွေးကောက်ပွဲတွေ ဘာတွေ မတိုင်ခင်ပဲ ဒါမျိုးလေး တွေလုပ်ပေးနိုင်မယ်ဆိုရင် NCA အတွက်သော်လည်းကောင်း၊ တခြားနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ တွေသွားဖို့သော်လည်းကောင်း တော်တော့ကို အထောက်အကူပြုမယ့် ယုံကြည်မှု၊ တည်ဆောက်မှု တစ်ခုဖြစ်လာလိမ့်မယ်လို့ ပြောကြားရင်းနဲ့ပဲ ကျွန်တော်နိဂုံးချုပ်ချင်ပါတယ်။
ဦးခွန်မြင့်ထွန်း (ဥက္ကဋ္ဌ၊ ပအိုဝ်းအမျိုးသားလွတ်လပ်ရေး )
ကျွန်တော်ကတော့ ပအိုဝ်းအမျိုးသားလွတ်လပ်ရေးဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရာပြည့်ပွဲနေ့မှာ ပြည်ထောင်စုလွှတ်တော်ကို လာရောက်ပြီးတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအပါအဝင် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့အတွက် လာရောက်ဖြေကြားခွင့်ရတဲ့အတွက် နာယကကြီး ဥက္ကဋ္ဌကြီးနှင့် ဒုတိယ ဥက္ကဋ္ဌကြီး ပြည်ထောင်စု ဝန်ကြီးများ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအား အထူးပဲကျေးဇူး တင်ပါတယ်။
ကျွန်တော်တို့တိုင်းပြည်ရဲ့ လွတ်လပ်ရေး အခြေခံအုတ်မြစ်ဖြစ်တဲ့ ပင်လုံစာချုပ်ကို လက်မှတ်ရေး ထိုးပြီးတော့ လွတ်လပ်ရေးရအောင် စွမ်းဆောင်ပေးခဲ့ကြတဲ့ ပြည်ထောင်စုကြီးကို ထူထောင်ပေးခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေကလဲ ရောက်ရာဘဝအသီးသီးကနေပြီး တော့ ဒီနေ့တွေ့ဆုံပွဲကို ကျွန်တော်တို့ကောင်းချီးပေးနေကြမယ်လို့ ကျွန်တော်တို့ သာဓုခေါ်နေကြမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနာယကကြီးတို့ ဥက္ကဋ္ဌကြီးတို့ကို ကျေးဇူးတင်တဲ့ နောက်တစ်ချက်ကိုတင်ပြချင်ပါတယ်။ ကျွန်တော်ဟာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ သထုံမဲဆန္ဒနယ်က နေပြီးတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ရွေးကောက်တင်မြောက်ခြင်းခံခဲ့ရပါ တယ်။ ပြီးတော့ နိုင်ငံတော်ပြန်တမ်းထုတ်ပြန်ပြီးတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ တရားသူကြီးနေ ရာပေးခဲ့ပါတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်တိုင်းပြည်ရဲ့ ကိုယ့်လွှတ်တော်တွေကို မရောက်ခဲ့ပါဘူး။ ကျွန်တော်တို့ ထောက်လှန်းရေးဘဝမှာ နိုင်ငံတကာမှာရှိတဲ့ အချို့သော လွှတ်တော်တွေထဲကို ကျွန်တော်တို့ ဝင်ရောက်ခွင့်ရတယ်။ အချို့သောလွှတ်တော်တွေထဲမှာ ဆွေးနွေးခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ လွှတ်တော်ကိုကျွန်တော်တို့ မရောက်ခဲ့ဘူး။ ဆွေးနွေး ခွင့်မရခဲ့ပါဘူး။ အခုဒီကနေ့ မှာတော့ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တရားဝင် ကြေညာခံရတဲ့နေ့မှာ ၂၅ နှစ်ပြည့်တဲ့နေ့မှာ ပြီးတော့ ကျွန်တော်တို့အမျိုးသား ခေါင်းဆောင်ကြီးရဲ့ ရာပြည့်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုလာရောက်ပြီးတော့ ကိုယ့်ပြည်ထောင်စု ကိုယ့်လွှတ်တော်ထဲကို လာရောက်ပြီးတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ အရေးကြီးဆုံးဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး အပါအ ဝင် နိုင်ငံရေးပြဿနာတွေ ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက် လာရောက်တင်ပြခွင့်ရတာကို ကျွန်တော်တို့ အထူးပဲကျေးဇူးတင်တဲ့ အကြောင်းပြောကြားလိုပါတယ်။
ဗိုလ်မှူးကြီးဇော်ဦး
ကျွန်တော်တို့ ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ကိုယ်စား ကျွန်တော်တို့နာယကကြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာက တင်ပြပေးမှာဖြစ်ပါတယ်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ (နာယက၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ )
ကျွန်တော်တိုတိုပဲပြောပါမယ်။ နံပါတ်(၁)ကတော့ လွှတ်တော်များနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ရဲ့သဘောထား၊ နံပါတ်(၂)ကတော့ လက်ရှိဆွေးနွေးနေတဲ့ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲဖြစ်စဉ်တိုတိုပါပဲ။ လွှတ်တော်ရဲ့သဘောထားကတော့ ကျွန်တော်တို့အားလုံးသိပြီးသားပဲ။ အချုပ်အခြာအာဏာရဲ့မဏ္ဍိုင်သုံးရပ်မှာ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာအပြင် ဥပဒေပြုရေး အာဏာက အဓိက အကျဆုံးမဏ္ဍိုင်ဖြစ် တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါကြောင့်မိုလို့ပဲ ဥပဒေပြုရေး ကနေပြီးတော့ တရားဝင်ရေးဆွဲထားတဲ့ ဥပဒေတွေအပေါ်မှာ အုပ်ချုပ်ရေးတော့မကောင်းဘူး။ တရားစီ ရင်ရေးတော့မကောင်းဘူး။ လိုက်နာရမှာဖြစ်ပါတယ်။
ဒါကြောင့်တရားစီရင်ရေး ဒီမဏ္ဍိုင်သုံးရပ်မှာ ဥပဒေပြုရေးမဏ္ဍိုင်က အထွတ်အထိပ်မှာရှိတယ်။ အရေးကြီးဆုံးဖြစ်တယ်လို့ နံပါတ်(၁) ကျွန်တော်သတ်မှတ်ပါတယ်။ နံပါတ်(၂)ကတော့ လွှတ်တော်စနစ် ကျင့်သုံးခြင်းဟာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအကျဆုံးအုတ်မြစ်ဖြစ်တယ်။ ဒီမိုကရေစီကို ကူးပြောင်းမယ် ဆိုရင် ဒီစနစ်ကိုသွားတဲ့ လွှတ်တော်စနစ်မရှိလို့မဖြစ်ပါဘူး။ ဒါကြောင့် လွှတ်တော်စနစ်ကို ပီပီပြင်ပြင် ဖော်ထုတ်ခြင်းဟာ ဒီမိုကရေစီရဲ့ အခြေခံကျတဲ့ ကျောရိုးဒေါက်တိုင်ဖြစ်ပါတယ်။ ထို့အတူပဲ ကျွန်တော်တို့ တစ်ပြည်ထောင် တိုင်းပြည်တွေမှာ ကျွန်တော်တို့ လွှတ်တော်တစ်ရပ်ထဲ ထားချင်လည်းထားမယ်။ တစ်ပြည်ထောင်တိုင်းပြည်နဲ့ ဖြစ်လင့်စကား လွှတ်တော်နှစ်ရပ်ထားတဲ့ တိုင်းပြည်တွေရှိတယ်။
သို့သော် ကျွန်တော်တို့ ပြည်ထောင်စုတိုင်းပြည်ဆိုရင်တော့ လွှတ်တော်ဆိုတာ နှစ်ရပ်ထားကို ထားရမယ်ဆိုတဲ့ သဘောတွေ့ရှိရပါတယ်။ အထူးသဖြင့် လူမျိုးပေါင်းစုံနေတဲ့ ပြည်ထောင်စုတိုင်းပြည်တွေ မှာလူတစ်ဦးချင်းရဲ့ ဒီမိုကရေစီအခွင့်အရေးကို အာမခံဖို့ မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့ လူတွေရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေထိုင်ဖို့အတွက် အောက်လွှတ်တော်ပဲခေါ်ခေါ် ပြည်သူ့လွှတ်တော်လို့ပဲ ခေါ်ခေါ် ကျွန်တော်တို့ လွှတ်တော်နှစ်ရပ် ဒီမိုကရေစီကို ကိုယ်စားပြုတယ်။ ထို့အတူပဲ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တွေရဲ့ တန်းတူအရေးကို အာမခံသလား။ အထက်လွှတ်တော်ခေါ်၊ အမျိုးသားလွှတ်တော်ခေါ် တခြားတိုင်းပြည်မှာ သူ့နာမည်နဲ့သူခေါ်ကြတာ။ သို့သော် အထက်လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော်လား။ ပြည်နယ်များရဲ့ တန်းတူရေးကို အာမခံတဲ့ လွှတ်တော်ဖြစ်တယ်။ အထက်လွှတ်တော်မှာ ကျွန်တော်တို့က အမျိုးသားတန်းတူအခွင့်အရေးကို ရှာဖွေတွေ့ရှိနိုင်သလို၊ အောက်လွှတ်တော်မှာလဲ ဒီမိုကရေစီအခွင့်ရေးကို ရှာဖွေတွေ့ရှိလို့ရပါတယ်။ ဒါကြောင့်မိုလို့ ကျွန်တော်တို့ တိုင်းပြည်မှာ လွှတ်တော် နှစ်ရပ်ကျင့်သုံးခြင်းဟာ ပြုပြင်ပြောင်းလဲရေးရဲ့ အခြေခံဖြစ်လာတယ်ဆိုသော်လည်းပဲ လက်ရှိ ကျွန်တော် တို့လွှတ်တော်စနစ်ဟာ စတင်ကျင့်သုံးလာတာ ၄ နှစ်လောက်ဝန်းကျင်ရှိလာတဲ့အချိန်မှာ ကျွန်တော်တို့ အောင်မြင်မှုအချို့ရှိသလိုပဲ နည်းနည်းလေး ပြုပြင်ပြောင်းလဲဖို့လိုတာလဲ ရှိကောင်းရှိလာနိုင်တယ်။ သို့သော်လည်းပဲ ဒါတွေက ဖြစ်စဉ်က ရှေ့ကိုဆက်လက်ချီတက် တိုးတက်နေတဲ့အပေါ်မှာ ကျွန်တော်က ဒီလွှတ်တော်နဲ့ပတ်သက်ပြီးတော့ ထောက်ခံမှုနဲ့ ကျွန်တော်တို့ လွှတ်တော်ရဲ့လုပ်ငန်းကို အားပေးထောက် ခံမှုမူအားဖြင့်တော့ရှိပါတယ်၊ ဒါက တစ်နေ့တစ်ချိန်မှာ ကျွန်တော်တို့ ပြည်ထောင်စုပြည်နယ်တွေကို အာမခံချက် အမျိုးသားတန်းတူရေးကို အားမခံချက်ရှိတဲ့ ပီပြင်တဲ့လွှတ်တော်တွေဖြစ်လာမယ်လို့ ယူဆပါ တယ်။ လွှတ်တော်နှစ်ရပ်ပေါင်းလိုက်တဲ့ ပြည်ထောင်စုလွှတ်တော် ကျွန်တော်စိတ်ထဲမှာ နှစ်ရပ်ပူးတွဲပြီး တော့လုပ်ဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုကျတော့ အထူးသဖြင့် ကျွန်တော်တို့ကို ကြည့်တာက လွှတ်တော်နှစ်ရပ်ရဲ့ သီးခြားအာဏာ အခွင့်အာဏာတူညီမှုအပေါ်မှာ အခြေခံပြီးတော့ လွှတ်တော်နှစ်ရပ် ပူးပေါင်းတဲ့ ပြည်ထောင်စု လွှတ်တော် မှာ ဆွေးနွေးငြင်း ခုန်တဲ့ Debrte လုပ်တာကလွဲလို့ ဆန္ဒမဲပေးတဲ့ အချိန်မှာတော့ သီးခြားပေးတဲ့နည်းကတော့ အကောင်းဆုံးဖြစ်တယ်။ လွှတ်တော်တစ်ရပ်ကနေ လွှတ်တော်တစ်ရပ်ကိုလွှမ်းမိုးခြင်းမရှိစေရ။ မူလည်းကျင့်သုံးသင့်တယ်လို့ ယူဆပါတယ်။ အခုလက်ရှိ လွှတ်တော် သုံးရပ်။
နောက် နံပါတ်(၂)က လက်ရှိသွားနေတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ကျွန်တော်တို့ဒီနိုင်ငံရေး ဆွေးနွေး ပွဲ၊ ကျွန်တော်တို့လွတ်လပ်ရေးနေ့တုန်းက ပြည်ထောင်စုသမ္မတကြီး ကိုယ်တိုင်က ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုလိုပါတယ်လို့ မိန့်ကြားခဲ့ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုအကြီးအကဲ ပြည်ထောင်စုရဲ့ဥသျောင် ကျွန်တော်တို့တစ်တွေဟာ အတတ်နိုင်ဆုံးလိုက်နာ လုပ်ဆောင်ဖို့လိုပါတယ်။ ဒါကြောင့် ပြည်ထောင်စုနေ့မှာ NCA ထိုးဖို့အခက်အခဲရှိနေရင်တောင်မှ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတဦးဆောင်ပြီးတော့ ကတိခံဝန်ချက်တစ်ဆောင် ထိုးသင့်တယ်လို့ ကျွန်တော်တို့အဆိုပြုခဲ့တယ်။
ကျွန်တော်တို့တစ်ဖွဲ့ချင်းအဆိုပြုတာကို ကျွန်တော်တို့ တပ်ပေါင်းစုကလည်းပဲ ဥက္ကဋ္ဌကြီးဗိုလ်ချုပ် ကြီးအင်မလကိုယ်တိုင် ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့ ကတိကဝတ်တစ်ခုလောက် လုပ်ရအောင်ဆိုပြီး တော့ တောင်းဆိုတာရှိခဲ့ပါတယ်၊ အဲသလိုရှိခဲ့တဲ့အပေါ်မှာ ပြည်ထောင်စုနေ့မှာ ကတိကဝတ်တစ်ခုရရှိ လာတာကို ကျွန်တော်တို့တွေ့ရပါတယ်၊ အဲဒီလိုရရှိလာဖို့ကြိုးစားမှုမှာ ကျွန်တော်တို့ပါခဲ့သလို ဒီကတိ ကဝတ်မှာ ပါဝင်လတ်မှတ်ရေးထိုးတဲ့ အပြီးအပြတ်လတ်မှတ်ရေးထိုးပေးတဲ့ ကျွန်တော်တို့တပ်ပေါင်းစု ဦးဆောင် KNU နောက်ပြီးတော့ ကျွန်တော်တို့ တပ်ပေါင်းစု မဟာမိတ်ပေါ့ ဒီအဖွဲ့အစည်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သို့သော် မင်းတို့တပ်ပေါင်းစုက ကမကထလုပ်နေတဲ့ကိစ္စ ဘာကြောင့် တပ်ပေါင်းစု အဖွဲ့ဝင်တွေ မထိုးတဲ့ဲ့မေးခွန်းက ကျွန်တော်နည်းနည်းလေးဖြေချင်ပါတယ်၊ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့တပ်ပေါင်းစုအဖွဲ့ဝင်ထဲမှာ ၁၂ ဖွဲ့ရှိပါတယ်။ ၁၂ ဖွဲ့မှာ ဖိတ်ကြားခြင်းခံရတဲ့အဖွဲ့က ၇ ဖွဲ့ ရှိပါတယ်။ အဲ့ဒီ ၇ ဖွဲ့မှာ ၈ ဖွဲ့ရှိပါတယ်။ ၈ ဖွဲ့မှာ ကျွန်တော်တို့ ဒီမတက်ရောက်နိုင်တာက အဖွဲ့ကြီး ၃ ဖွဲ့ရှိပါတယ်။ အဲ့ဒါ ကတော့ KIO ရယ်၊ KNPP ရယ်၊ နောက်ပြီးတော့ ကျွန်တော်တို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးပဲဖြစ်ပါတယ်။ PSLF လို့ခေါ်ပါတယ်။ အဲ့ဒီ ၃ ဖွဲ့ကတော့ ကိုယ်စားလှယ်မရောက် လာပါဘူး။ ကိုယ်စားလှယ်ရောက်လာတာကတော့ ကျွန်တော်တို့ တပ်ပေါင်းစုကနေပြီးတော့ ယာယီ၊ ခေတ္တယာယီ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းထားတဲ့ KNU ဖြစ်ပါတယ်။ ဦးဆောင်ပြီးတော့လာပါတယ်။ ပြီးတော့ SFPP ၊ ပြီးတော့ မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကျွန်တော်တို့ PNLO ဖြစ်ပါတယ်။ ဒီ ၄ ဖွဲ့ကတော့ ကျွန်တော်တို့ ကိုယ်စားလှယ်တော်များရောက်ရှိပါတယ်။ သို့သော် ရောက်ရှိ တဲ့နေရာမှာ ယာယီရပ်ဆိုင်းထားတဲ့ KNU အဖွဲ့အစည်းကတော့ စံပြရှေ့ဆောင်လက်မှတ်ထိုးသွားတယ် ဆိုပေမယ့် SFPP ၊ ကျွန်တော်တို့ MNSP ၊ CNF သုံးဖွဲ့က ကိုယ်စားလှယ်များကတော့ မိမိတို့သက်ဆိုင်ရာ ခေါင်းဆောင်များရဲ့ အခွင့်အာဏာလွှဲအပ်မှု Mandate မပါလာတဲ့အတွက် သူတို့မထိုးဖြစ်သေးပါဘူး။ မထိုးဖြစ်တဲ့ကိစ္စက သဘောမတူလို့မဟုတ်တဲ့ အကြောင်းလည်း သူတို့ကိုယ်စားလှယ်ကိုယ်တိုင်ပြောပြီး ပါပြီ။ အဲ့ဒီနေရာမှာ UNFC အဖွဲ့ဝင်လည်းဖြစ်၊ Mandate လည်း အပြည့်ပါတာက ကျွန်တော်တို့ PNLO ပဲဖြစ်ပါတယ်။ PNLO က ကျွန်တော်တို့ ဥက္ကဋ္ဌ ကိုမြတ်ထွန်းလည်းပါတယ်။ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးအောင်ကျော်ပါတယ်။ ဥက္ကဋ္ဌရော အထွေထွေအတွင်းရေးမှူးရောပါပြီးတော့ Mandate အပြည့်နဲ့လာပါတယ်။ ကျွန်တော်အနေနဲ့ နာယကအနေနဲကလည်း အကြံဉာဏ်ပြုပါတယ်။ သို့သော် ကျွန်တော်တို့ Mandate အပြည့်နဲ့ရှိပေမယ့် လတ်တလော မနေ့က ချက်ချင်းလက်မှတ်မထိုးနိုင်တာက တပ်ပေါင်းစုရဲ့ အခြားသောမူတစ်ခုဖြစ်တဲ့ အတူတကွလက်မှတ်ရေးထိုးရေးဆိုတဲ့မူက ချထားတာဖြစ်ပါ တယ်။ ဒါ့ကြောင့်မို့လို့ အတူတကွ လက်မှတ်ရေးထိုးခြင်းသည် ကျွန်တော်တို့ စုစည်းညီညွတ်မှုလည်း မပျက်ဘူး၊ နောက် ပြည်ထောင်စုအတွက်ထားရမယ့် ကတိကဝတ်လည်းမပျက်ဘူး။ ဒါ့ကြောင့် အချိန်အနည်းငယ်စောင့်ပြီးတော့ ကျွန်တော်တို့ အတူတကွလက်မှတ်ရေးထိုးနိုင်ရေးကို ပြန်ကြိုးစားဖို့ ပြန်ပြင်ဆင်တဲ့အနေနဲ့ မနေ့က မထိုးဖြစ်တာဖြစ်ပါတယ်။ Mandate ကတော့ အပြည့်ပါထားကြပါတယ်။ ဒါကြောင့် အတူတကွလက်မှတ်ရေးထိုးနိုင်ရေးကို ပြန်ကြိုးစားဖို့ လိုတဲ့အခါကြတော့ ကျွန်တော်တို့ရဲ့ လောလောဆယ်ဆယ် တပ်ပေါင်းစုမှာ ဦးဆောင်နေတာ KIO ၊ မွန်ပြည်သစ်ပါတီ၊ KNPP ဒီခေါင်းဆောင်တွေနဲ့ ဒီအဖွဲ့အစည်းတွေက ဦးဆောင်တယ်။ ဒါ့ကြောင့် ဒီခေါင်းဆောင်တွေ၊ ဒီအဖွဲ့ အစည်းတွေကိုယ်တိုင် တက်တက်ကြွကြွနဲ့ ပါဝင်ပြီးတော့ ကတိကဝတ်ထားတဲ့ ဝန်ခံကတိပြုလွှာကိုပါဝင် ထိုးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ ဒီဝန်ခံကတိပြုလွှာပေါ်လာရတာကလည်း ကျွန်တော် တို့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီး မူဖူးဆေးဖိုးပြောသလိုပါပဲ၊ ဒီ NCA ကို တကယ်ထိုးဖို့လိုတာက NCA ဖြစ်ပါတယ်။ NCA မထိုးနိုင်သေးတဲ့ အကြပ်အတည်းကြားကာလက ပေါင်းကူးတံတားအဖြစ် ပြည်ထောင်စု အတွက်၊ ငြိမ်းချမ်းရေးအတွက် အဓိဋ္ဌာန်ပြုကြဖို့ ဒါက ကြားဖြတ်အစီအစဉ်တစ်ခုအနေနဲ့ တိုင်းသူပြည်သား တွေ ကျွန်တော်တို့ ပြည်ထောင်စုသားတွေ အားလုံးကို စိတ်ချယုံကြည်မှုရှိစေဖို့ နှစ်ဖက်ဝန်ခံကတိပြုတဲ့ စာတမ်းကို သမ္မတကြီးအနေနဲ့လည်း ပြောထားတဲ့ မိန့်မှာချက်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်အောင် ကျွန်တော်တို့ဘက်ကလည်း နိုင်ငံသားတွေကို ပြည်ထောင်စုသားတွေကို သူတို့ရဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေကို ဆက်လက်ပြီးတော့ ရှင်သန်နိုင်အောင် ဒီကြားဖြတ်အစီအစဉ် တစ်ခုအနေနဲ့ ဖော်ထုတ်တာဖြစ်ပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ကလည်းပဲ ကျွန်တော့်အမြင်ပေါ့ ကျွန်တော်တို့ PNLO အဖွဲ့အစည်းအမြင်၊ တပ်ပေါင်းစုရဲ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အမြင်ပြောရရင်တော့ ဒီကိစ္စကလည်း အမြန်ဆုံး ဆက်လက်အကောင်အထည်ဖော် သွားနိုင်မယ်လို့ ကျွန်တော် ပြောပြချင်ပါတယ်။
နောက်ဆုံးတစ်ချက် ကတော့ NCCT မှာ ကျွန်တော် အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ အဖွဲ့ဝင်တစ်ဦး ဖြစ်တော့ NCCT မှာ ကျွန်တော်တို့ ရေးထားတဲ့ NCA က အခန်း ၇ ခန်းပါပါတယ်။ ပုဒ်မ ၃၀ ရှိပါတယ်။ ပုဒ်မ ၃၀ နဲ့ အခန်း ၇ ခန်းမှာ တချို့အခန်းတွေက လွှတ်တော်နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ လွှတ်တော် ရဲ့ဥပဒေပြုရေးမဏ္ဍိုင်ကို အဓိကထားပြီးတော့ အပစ်အခတ်ရပ်စဲရေး စာချုပ်လို့ခေါ်ပေမယ့် အပစ်အခတ် ရပ်စဲရေးစာချုပ်က တကယ့်လက်တွေ့ အပစ်အခတ်ရပ်စဲရေးနဲ့ဆိုင်တာ ပုဒ်မ ၂ ခု၊ အဲ အခန်း (၂) ခန်း လောက်ပဲရှိပါတယ်။ ကျန်တာ အားလုံး ကျန်တဲ့အခန်း ၅ ခန်းက နိုင်ငံရေးအာမခံချက်တွေ ထည့်ထားတာ ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံရေး အာမခံချက်တွေကိုရော၊ အပစ်အခတ်ရပ်စဲရေးအတွက် လိုအပ်တဲ့ပုဒ်မ တွေကို ထည့်ထားတဲ့ အခန်း ၇ ခန်းမှာ လွှတ်တော်အခန်းမှာကျတော့ ကျွန်တော်တို့က လွှတ်တော်၌ အတည်ပြုခြင်းဆိုတဲ့ စကားလုံးကို သုံးပါတယ်။ အဲ့ဒီ လွှတ်တော်၌ အတည်ပြုခြင်းဆိုတဲ့ ပြဋ္ဌာန်းချက်ကို စာအုပ်ထဲထည့်တာက ဒီလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကိုထိပါးစော်ကားတဲ့ သဘောမျိုးမဟုတ်ဘူးလို့ ကျွန်တော်တို့က အဲဒီလိုခံယူတယ်။ ဘာကြောင့်လည်းဆိုတော့ စာချုပ်ရဲ့ခေါင်းစဉ်ကိုကြည့်ပါ၊ ပြည်ထောင် စု မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြားဆိုတာပါတယ်။ ချုပ်ဆိုသော ဟုတ်လား တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ဆိုတော့ ဒီလက်မှတ်ရေးထိုးမယ့် Partaner က နှစ်ခုရှိပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရရယ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရယ် အဲဒီနှစ်ခုအကြားမှာ ချုပ်ဆိုတဲ့ စာချုပ် ဖြစ်နေတော့ ဒီစာချုပ်မှာ လက်မှတ်ရေးထိုးမယ့် Partaner နှစ်ဦးက သူ့ရဲ့ ရည်မှန်းချက်က ဘာလဲ၊ ဒါကြောင့် အဲဒီဟာကို စာချုပ်ထဲမှာ ထည့်တာဖြစ်ပါတယ်။ စာချုပ်ထဲမှာ ထည့်တဲ့အခါကျတော့ ဒီရရှိလာတဲ့ သဘောတူချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ တင်ပြပြီးတော့ အတည်ပြုချက်ရယူဖို့ဆိုတာ ထည့်လိုက်တာဖြစ်ပါတယ်။ အဲဒါက ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုနိုင်တဲ့ အတည်ပြုဖို့ ရည်မှန်းချက်ကို ထည့်ပြီး ပြည်ထောင်စုလွှတ်တော်က လုပ်ထုံးလုပ်နည်းတွေနဲ့ သူရဲ့အစဉ်အလာတွေကို ချိုးဖောက်ရာမရောက်ဘူး၊ ပြည်ထောင်စုလွှတ်တော် သို့တည်းမဟုတ် ကျွန်တော်တို့ ဒီလွှတ်တော်ကို ရောက်ရှိလာတဲ့ ကျွန်တော်တို့ရဲ့ စာချုပ်စာတမ်းတွေ၊ အခြားသော သဘောတူချက်တွေကို လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆွေးနွေးလိမ့်မယ်။ ငြင်းခုံလိမ့်မယ်၊ Ratify လုပ်လို့ရတဲ့ဟာကို လုပ်လိမ့်မယ်၊ ကျွန်တော်က အဲ့ဒီလိုယုံကြည့်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ စာချုပ်ထဲမှာကျတော့ တိုတိုရှင်းရှင်းနဲ့ လွှတ်တော်သို့ တင်သွင်းခြင်းဆိုရင် စိတ်မချရဘူး၊ တင်သွင်းပြီး ဘာဆက်လုပ်မလဲ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီပြောရင်လည်း ရှည်သွားမယ်၊ လွှတ်တော်၌ အတည်ပြုခြင်း၊ အတည်စေလိုတဲ့ စာချုပ်လက်မှတ် ရေးထိုးမယ့် အဖွဲ့ ၂ ဖွဲ့ရဲ့ ဆန္ဒကို ထည့်လိုက်တာဖြစ်တယ်။ လွှတ်တော်၌ အတည်ပြုခြင်း၊ အတည်ပြုဖို့လိုတယ်၊ အတည်ပြုဖို့ တောင်းဆိုတယ်ဆိုတဲ့ သဘောမျိုးပါတယ်။ အတည်ပြုခြင်း၊ မပြုခြင်းက လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ စီရင်ပိုင်ခွင့်ပဲဖြစ်ပါတယ်။ လွှတ်တော်ရဲ့ စီရင်ပိုင်ခွင့်ထဲမှာ ရှိတဲ့ဟာက လွှတ်တော်ကပဲ စီရင်ရမှာဖြစ်ပါတယ်။ သို့သော် စာချုပ်ရေးတဲ့သူတွေကတော့ အတည်ပြုစေချင်တယ်ဆိုတဲ့ဟာကို ပေါ်အောင်ရေးတာဖြစ်ပါတယ်။ သို့သော်လည်းပဲ အဲ့ဒီမှာ ကျွန်တော်တို့ ဦးသိန်းဇော်တို့က ၆ ကြိမ်လောက် အကြိတ်အနယ် ငြင်းပြီးပါပြီ၊ ဆွေးနွေးပြီးပါပြီ။ သို့သော်လည်းပဲ နောက်ဆုံး အဆင်ပြေတယ် လွှတ်တော်ကလည်း လက်ခံနိုင်တယ်၊ နောက် ကျွန်တော်တို့ လက်မှတ်ရေးထိုးတဲ့ ပါတီနဲ့ နှစ်ဖက်ပေါ့လေ နှစ်ဦးနှစ်ဖက်ကလည်း လက်ခံနိုင်တဲ့ စာသားတော့ ရရှိလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါ့ကြောင့် NCA လက်မှတ်ရေးထိုးရေး အပြီးသက်နိုင်ရေးကလည်း သိပ်မကြန့်ကြာတော့ဘူးလို့ ကျွန်တော် တင်ပြလိုပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။
ဒေါ်စောမြရာဇာလင်း (ဗဟိုကော်မတီဝင်၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (APL))
နည်းနည်းတော့ အခက်အခဲရှိတယ်နဲ့တူပါတယ်။ လွှတ်တော်နာယကကြီး၊ လွှတ်တော်ဥက္ကဋ္ဌကြီး နဲ့တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်ကြီးများ၊ ဒီကိုကြွရောက်လာကြတဲ့ အားလုံးသော ခေါင်းဆောင်ကြီးများကို ဂါရဝပြုကြောင်း ဦးစွာပထမ ပြောကြားချင်ပါတယ်။ ကျွန်မကတော့ နောက်ဆုံး အဆင့်ကို ရောက်လာပြီပေါ့လေ၊ အားလုံးကတော့ ပြောပြီးသွားကြပြီလို့လည်း ကျွန်မ ခံယူပါတယ်။ ဒါပေမယ့် Detail မှာ တစ်ဦးတည်းပါလာတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘာမှလည်း မပြောဘူးဆိုရင် Women Decision Making Level နဲ့ ရောက်နိုင်ဖို့ရာနဲ့ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချတဲ့အဆင့်ကို ရောက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘာထူးမှာလဲဆိုတဲ့ စဉ်းစားချက်ကတော့ ကျွန်မမှာရှိပါတယ်။ အဲ့ဒါကြောင့်မို့ ကျွန်မပြောချင်တာကို နည်းနည်းပြောသွားမှာဖြစ်ပါတယ်။ ပထမဆုံး ပြောချင်တာကတော့ ဒီနေ့ဟာဆိုလို့ရှိရင် နေပြည်တော်ကို လာရောက်ပြီးတော့မှ အစိုးရခေါင်းဆောင် များနဲ့ ဆွေးနွေးရတဲ့ ဆွေးနွေးချက်ဟာ အင်မတန်မှ ထူးခြားချက်ဖြစ်တယ်၊ ထူးခြားမှုရှိတယ်ဆိုတာကို ကျွန်မအနေနဲ့ လက်ခံကြောင်း ပြောချင်ပါတယ်။ ပထမဆုံး ပြည်ထောင်စုနေ့ အခမ်းအနားကို ကျွန်မတို့ လာရောက်ရောက်ခွင့် ရတယ်။ သမ္မတကြီးနဲ့လည်း ကျွန်မတို့တွေ့ဆုံပြီးတော့မှ နိုင်ငံရေးကိစ္စတွေကို ကျွန်မတို့ ဆွေးနွေးခဲ့ကြတယ်။ ထိုနည်းလည်းကောင်းပဲ နိုင်ငံတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ လည်း ကျွန်မတို့ တွေ့ခဲ့ရတယ်။ ဒီမှာလာပြီးတော့မှ လွှတ်တော်ရဲ့ နာယကကြီး၊ လွှတ်တော်ရဲ့ ဥက္ကဋ္ဌကြီးနဲ့ ကျွန်မတို့ ဒီနေရာမှာ တွေ့ဆုံခွင့် ရလာတယ်။ ဒါဟာဆိုလို့ရှိရင် ကံ၊ ကံ၏အကျိုး ၊ ကျွန်မတို့ ဘာကံကို လုပ်သလဲဆိုရင် ကောင်းသောကံကို လုပ်တဲ့အတွက် ကျွန်မတို့ကို ကောင်းသော အကျိုးတွေပေးလာ ပြီးတော့မှ ကျွန်မတို့ကံရဲ့ စေခိုင်းရာ ဒီနေရာကို ရောက်လာခွင့်ရတယ်လို့ ကျွန်မအနေနဲ့ ယုံကြည်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဆရာခွန်မြင့်ထွန်းကလည်း ဗိုလ်ချုပ်အောင်ဆန်းကို အသိအမှတ်ပြု ပြီးတော့မှ ပြောသွားတာကို ကျွန်မအားရတယ်။ ကျွန်မဒီနေရာမှာ ပြောချင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိပါတယ်။ အဲ့ဒီပုဂ္ဂိုလ်ကဘာလဲဆိုလို့ရှိရင် ကျွန်မကိုမွေးဖွားပေးလိုက်တဲ့ ကျေးဇူးရှင်ဖခင်ကြီးဖြစ်တယ်။ အဖေက ကျွန်မကို အမြဲတမ်းပြောခဲ့တယ်။ အဖေမသေသေးဘူး၊ သမီးကို ဘယ်လိုဖြစ်နေတာမြင်ချင်တယ်။ ကျွန်မကို အမြဲတမ်း အဖေပြောခဲ့တယ်။ အဲ့ဒီစကားကို သတိရပြီးတော့ ကျွန်မဒီနေရာမှာ ထိုင်ခွင့်ရလာတဲ့ အချိန်မှာ တရားဝင်လွှတ်တော်ကြီးရဲ့ ခန်းမကြီးမှာ စကားပြောရမယ့် လွှတ်တော်အမတ်တွေနဲ့ စကားပြောတဲ့နေရာမှာ မရရှိသေးပေမယ်လို့လွှတ်တော်ရဲ့ ဒီခန်းမတစ်ခုမှာတော့ ဒီနေ့ ရလာခွင့်ရပါတယ်။ နိုင်ငံတကာကို သွားရောက်ပြီးတော့မှ မြန်မာနို င်ငံပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်အသီးသီးကို လေ့လာတယ်။
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်အသီးသီးကို လေ့လာတယ် လွှတ်တော်ရဲ့ အကြောင်းတွေကို လေ့လာပြီးတော့မှ အမျိုးသမီးတွေဘယ်လို ပါဝင်ရမလည်း မြန်မာနိုင်ငံပြုပြင် ပြောင်းလဲမှု အတွက် ဘယ်လိုပါဝင်ရမလည်း ဘယ်လိုစဉ်းစားရမလည်း ကိစ္စတွေကိုသွားရောက်ပြီး တော့မှ အနယ်နယ်အရပ်ရပ်ကို သွားရောက်လေ့လာပြီးတဲ့အခါမှာ နိုင်ငံပြုပြင်ပြောင်းလဲမှုတွေကို ကျွန်မတို့စကားပြောဖို့အတွက် အင်မတန်မှကျွန်မတို့စိတ်အား ထက်သန်ခဲ့တာတွေရှိပါတယ်။ ဒီလိုနဲ့ ကျွန်မတို့ကြိုးစားလာရင်းနဲ့ ကျွန်မဆိုလို့ရှိ ရင် NCCT လို့ခေါ်တဲ့အဖွဲ့မှာ ကျွန်မပါဝင်ပြီးတော့မှ နိုင်ငံအတွက် ကျွန်မတို့အစိုးရဘက်မှ ခေါင်းဆောင်ကြီးများ နှင့်အတူ အလုပ်လုပ်ခွင့်ရလာခဲ့ပါတယ် ဒီနေရာမှာလွှတ်တော်ကို တင်ပြဖို့အတွက် လွှတ်တော်မှာအတည်ပြုခြင်းဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့မှ ကျွန်မတို့ကအတည်ပြုခြင်းဆိုတဲ့စကားကို ကျွန်မတို့တင်တဲ့အခါမှာ လွှတ်တော်ကနေပြီး တော့မှ ဒီမှာရှိနေတဲ့ ဒုတိယဥက္ကဋ္ဌကြီး ဦးသိန်းဇော်နှင့် ကျွန်မတို့ခုလာပြောခဲ့သိလိုပါပဲ အများကြီးဖြစ်ပြီးတော့ အငြင်းအခုန်တွေဖြစ်ကြတယ်။ နောက် SSRB ကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်မတို့တွေအငြင်းပွားမှု တွေဖြစ်လာပြီး တစ်ဦးကိုတစ်ဦး အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စကို သွားနေရင်းနဲ့လည်း တစ်ဦးကိုတစ်ဦး မသင်္ကာမှုတွေတိုးပွားလာခဲ့ရတာတွေရှိပါတယ်။ ဒီနေ့တော့လွှတ်တော် နာယကကြီးက ပြောသွားတဲ့ စကားတွေကို ကျွန်မတို့ ကြားလိုက်ရတဲ့အခါမှာ ကျွန်မတို့သွားနေ တဲ့အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းဟာဆိုလို့ရှိရင် ပိုပြီးတော့မှ တံခါးပွင့်မှုဟာ ပိုမိုမြန်ဆန်လာနိုင်ဖို့အတွက် အင်မတန်မှခွန်အားကြီး တဲ့အရာလို့လည်း ကျွန်မဂုဏ်ယူပါတယ် ဒီစကားတွေကိုကြားရလို့လည်း အင်မတန်မှဝမ်းမြောက်ပါတယ်။ ဒီလိုအမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စကိုသွားနေတဲ့အချိန်မှာ တစ်ခါတစ်ခါမှ အင်မတန်မှစိတ်ရှည်ပြီးတော့မှ အင်မတန်မှကြိုးစားပေးတဲ့ ဝန်ကြီးဦးအောင်မင်းရဲ့ကြိုးစားမှု တွေကိုလည်း ဒီနေရာမှာကျွန်မ အများကြီးအသိအမှတ်ပြု ကြောင်းပြောချင်ပါတယ်။ ကျွန်မတို့ အချင်းချင်းကြားမှာ အငြင်းပွားမှုတွေများလာတဲ့နေ့တွေမှာဆိုရင် ဝန်ကြီးဦးအောင်မင်းခင်ဗျာ။ မျက်နှာတွေနီမြန်းပြီးတော့မှ ဟိုဘက်ကိုလာညှိဒီဘက်ကိုလာညှိပြီး သူရဲ့လုပ်ငန်းတွေဟာလည်း နိုင်ငံတော်အတွက် အင်မတန်မှတန်ဖိုးမဖြတ်နိုင်တဲ့ ကြိုးစားမှုတွေဖြစ်တယ်ဆိုတာကိုလည်း ကျွန်မအနေနဲ့ အသိအမှတ်ပြုကြောင်း ဒီနေရာမှာပြောချင်ပါတယ်။ ကျွန်မတို့ကအတ္တသမားတွေပါ၊ ကျွန်မတို့ဘာကြောင့် လက်နက်ကိုင် တော်လှန်ပြီးတော့မှ ကြိုးစားခဲ့ရသလည်းဆိုရင် အတ္တကြောင့်ပဲ အတ္တဆိုတာဘာလည်း ကျွန်မလည်း လူတစ်ယောက်မို့လို့ အတ္တရှိတယ်၊ ကိုယ့်တိုင်းပြည်ကိုကိုယ်စီမံခန့်ခွဲချင်တယ်၊ ကိုယ့်ရဲ့ ရတနာတွေကို ပိုင်ဆိုင်ခွင့်ရချင်တယ်။ ကိုယ့်ရဲ့အမွေအနှစ်တွေကို ပြန်လည်ထိန်းသိမ်းချင်တယ်။ ကျွန်မတို့ရိုးရာယဉ်ကျေးမှု စာပေတွေကို ကျွန်မတို့ဖော်ထုတ်ချင်တယ်။ ဒီလိုအတ္တတွေ၊ အဲ့လိုအတ္တတွေ ကြောင့်ပဲ ဖြစ်လာရတာပါ။ စားပွဲပေါ်မှာထိုင်ပြီးတော့ပြောခွင့်မရတဲ့ ကာလမှာ ကျွန်မတို့တွေဟာ ရရာနည်းလမ်းတွေနဲ့ ကျွန်မတို့အဖြေရှာဖို့ ကြိုးစားရင်းနဲ့ပဲ လက်နက်ကိုင်တော်လှန်ရေးဆိုတာ ပေါ်ပေါက်လာတယ်လိုပဲ ပြောချင်ပါတယ်။ ကျွန်မဆိုလို့ရှိရင် ၁၉၈၈ ရဲ့နောက်ပိုင်းမှာ ပြည်ကိုထွက်ခွာ ပြီးတော့မှ ကျွန်မနိုင်ငံရပ်ခြားမှာ ခိုလုံပြီးတော့ အလုပ်လုပ်တယ်။ အဲ့လိုလုပ်ဖို့အတွက် ထွက်ခွာတဲ့နှစ်မှာပဲ ဘင်္ဂလားပင်လယ်အော်ကိုဖြတ်လို့ International ရေလမ်းကြောင်းကိုရောက်တဲ့အခါမှာ ကျွန်မဇာတိမြေ ဖြစ်တဲ့ မယူတန်တောင်တန်းကြီးကို လက်တစ်လုံးခန့်မြင်တဲ့အချိန်မှာ ကျွန်မရင်ထဲမှာ မဖော်ပြနိုင် တဲ့ခံစားချက်တွေ ရှိခဲ့တယ်။ အို! ငါကတော့ဖြင့် တခဏတာခွဲခွာခြင်းဟာဆိုလို့ရှိရင် ငါရဲ့တိုင်းပြည်ကို ထာဝရပိုင်ဆိုင်ဖို့အရေး ဖြစ်တယ်ဆိုပြီးတော့မှ ကျွန်မကိုယ့်စိတ်ကိုယ် ထိ်န်းပြီးတော့မှ တစ်ဖက်နိုင်ငံကိုရောက်အောင် ကြိုးစားခဲ့ရတယ်။ ဒီနေ့ကတော့နိုင်ငံတော် သမ္မတကြီးရဲ့ ခွင့်ပြုချက်၊ ဝန်ကြီးဦးအောင်မင်းရဲ့ ကူညီပံံ့ပိုးမှုတွေကြောင့် ကျွန်မကိုယ့်တိုင်းပြည်ကို လာခွင့်ရတာပါ။ အဲဒီအသိတရား တွေကို ကျွန်မထုတ်ဖော်ပြောကြားချင်ပါတယ် ဒီလိုကြိုးစားလာရင်နဲ့ပဲ ကျွန်မ မနေ့ကဘာကြောင့် လက်မှတ် မထိုးခဲ့သလည်းဆိုတဲ့ ကိစ္စတွေကိုလည်းတစ်ဆက်တည်းပြောချင်ပါတယ်။ အဲ့ဒါကတော့ ကျွန်မဟာဆိုလို့ရင် ဝန်ကြီးဦးအောင်မင်းနဲ့တွေ့ပြီးတော့မှ အမြန်ဆုံးလက်မှတ်ထိုးနိုင်ရေး ကိစ္စတွေ ကိုကြိုးစားပြီးတော့မှ ဆောင်ရွက်ခဲ့တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး တို့နဲ့အနီးကပ်တိုင်ပင်တာတွေရှိတယ်။ မနေ့ကတော့ ကျွန်မအင်မတန်မှဂုဏ်ယူတယ်။ ဘာကိုဂုဏ်ယူ သလည်းဆိုလို့ရှိရင် ငြိမ်းချမ်းရေးကိုသွားလိုတဲ့ စံပြပုဂ္ဂိုလ်များအနေနဲ့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဟာဆိုလို့ရှိရင် သံချောင်းခလောက်ပြီးဖြစ်ပါတယ်။ တစ်ဆက်တည်းမှာဆိုလို့ရှိရင်လည်း NCSS ကကျွန်မတို့ကိုသက်သေပြ လိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ မဝေးတော့သော အနာဂတ်မှာ ဆိုလို့ရှိရင် ကျွန်မတို့အားလုံးဟာ ငြိမ်းချမ်းရေးတံခါးကြီးကို ပိုမိုပွင့်လာနိုင်ဖို့အတွက် အားလုံးအလုပ်လုပ် နိုင်တဲ့အနေအထား တစ်ခုကိုရောက်လာနိုင်လိမ့်မယ်လို့ ကျွန်မအနေနဲ့မျှော်လင့်ကြောင်း ပြောချင်ပါတယ်။ ကျွန်မအနေနဲ့ဆိုလို့ရှိရင် တစ်ညလုံးကြိုးစားတယ်။ ကျွန်မတို့ရဲ့ပါတီက ထူူးခြားချက်ဘာရှိလည်းဆိုရင် အရှေ့ဘက်မှာတချို့ရှိတယ် ဘင်္ဂလားဘက်မှာတချို့ရှိတယ်။ အိန္ဒိယနယ်စပ်မှာဆိုရင် တချို့ရှိတာ ကြောင့်မို့ အဆက်အသွယ်ကပြတ်တည်းတဲ့အချိန်မှာ ပါတီကဆုံးဖြတ်ချက်တွေကို မရနိုင်သေးတဲ့အတွက် အကြောင့်ပဲ ကျွန်မတို့ရဲ့ပါတီက လက်မှတ်မထိုး နိုင်သေးတာဖြစ်ပါတယ်။ ဆိုတဲ့အကြောင်းကို ကျွန်မအနေနဲ့ နာယကကြီးကို ကျွန်မအနေနဲ့ဒီနေရာမှာပွင့်ပွင့်လင်းလင်းပဲ ပြောချင်ပါတယ်။ ကျွန်မတို့ဒီနေရာမှာတော့ ကျွန်မတို့ငြိမ်းချမ်းရေးအတွက် အားလုံးဟာဆိုလို့ရှိရင်သန္နိဋ္ဌာန်ရှိရှိနဲ့ မနေ့က ကျွန်မပြောခဲ့ကြတာ ကျွန်မတို့ရှေ့ကိုသွားဖို့အတွက် အင်မတန်မှ အားလုံးဟာဆိုရင် စိတ်ဓါတ်အားဖြင့် အဆင်သင့် ဖြစ်ကြပြီလို့လည်း ကျွန်မအနေနဲ့အများကြီး သုံးသပ်မိပါတယ်။ ကျွန်မမနေ့ကလက်မှတ်ထိုးဖို့ စာရွက်ကိုကြည့်တဲ့အခါမှာ ကျွန်မတို့ ၂၀၁၃ ခုနှစ်ကနေပြီးတော့ ဒီနေ့ထိကြိုးစားလာခဲ့တာ NCCT ကရေးဆွဲနေတဲ့ NCA ပေါ့နော် NCA ကနေပြီးတော့ မပြောပလောက်တဲ့စာသား တချို့ကိုယူပြီးတော့မှပဲ လက်မှတ်ထိုးဖို့အတွက် ကျွန်မတို့ကိုအစိုးရကနေပြီးတော့ မေတ္တာရပ်ခံတာဖြစ်ပါတယ်။ NCCT မှာပါဝင်ပြီးတော့မှ ကြိုးစားဆောင်ရွက်နေတဲ့ ကျွန်မတစ်ယောက်ထဲနဲ့ဆိုရင် ဘာမှမခဲယဉ်းဘူး။ အဲဒါ အဲ့ဒီငြိမ်းချမ်းရေးကို ရအောင်သွားဖို့ရာအတွက် ကတိကဝတ်ပြုတာပဲဖြစ်ပါတယ်။ အဲ့ဒါတွေကို ကျွန်မတို့ တိုင်းရင်းသားတွေဘက်က မထိုးနိုင်စရာအကြောင်းလုံးဝမရှိပါဘူးလို့ ကျွန်မအနေနဲ့ယုံကြည်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မဒီနေရာမှာ အားလုံးကိုခြုံပြီး ပြောရမယ်ဆိုလို့ရှိရင် ဒီကပြည်ထောင်စုနေ့ကို လာရောက် ဆွေးနွေးခွင့်ရတဲ့ ကျွန်မတို့တွေရဲ့ ဆွေးနွေးချက်တွေဟာဆိုလို့ရှိရင် ထူးခြားမှုရှိတယ်။ အဲ့ဒါဘာဖြစ်လည်း ဆိုလို့ရှိရင် အစိုးရဘက်နဲ့တွေ့ရတယ်။ တပ်မတော်ဘက်နဲ့တွေ့ရတယ်။ လွှတ်တော် ဘက်နဲ့တွေ့ရတယ်။ ဒီထက်ကြီးလေးတာလည်း မရှိတော့ပါဘူး။ အဲ့ဒါကြောင့်မို့လို့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို သွားတဲ့အချိန်မှာ ကျွန်မတို့တွေအားလုံးဝိုင်းပြီး စိတ်တူကိုယ်တူနဲ့ သွားဖို့အဆင်သင့် ဖြစ်နေတာ ကိုလည်း တွေ့ရပါတယ်။ ကျွန်မနေနဲ့အင်မတန်မှ ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ကျွန်မအနေနဲ့ အားရပါကြောင်း၊ မမျှော်လင့်သောကာလမှာတော့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ပိုမိုခံစားရမှာ ဖြစ်ကြောင်းကိုလဲ ကျွန်မအနေနဲ့ပြောချင်ပါတယ်။ နောက်တစ်ချက်ဖြစ်တဲ့ ၁၉၈၈ နောက်ပိုင်းမှာ တိုင်းပြည် ကနေပြီးတော့မှ ခွဲခွာသွားကြတဲ့ ကျွန်မတို့နဲ့ဘက်တော်သားတွေ အားလုံးဟာဆိုလို့ရှိရင် တိုင်းပြည်ပြုပြင် ပြောင်းလဲရေးတွေကို အဓိကထားပြီး လုပ်ဆောင်ဖို့အတွက်ပဲ နိုင်ငံခြားကိုထွက်သွားကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံမှာ အထစ်အငေါ့တွေရှိပါတယ်။ ကျွန်မဆိုလို့ရှိရင် ၅၉ (စ) နဲ့ ၄၃၆ ကိုပြင်ဆင်ဖို့အတွက်ကျွန်မစိတ်မဝင်စားဘူး။ အဲ့ဒါတွေလည်း ပြင်ဆင်ရမယ့် ပုဒ်မတွေဖြစ်တယ်ဆိုတာ တော့ လက်ခံပါတယ်။ ဒါပေမယ့်ကျွန်မဘာတစ်ခုကို ထည့်ပြောစေချင်သလည်းဆိုရင် လွှတ်တော်ရဲ့ အုပ်ချုပ်ရေးဆိုတဲ့ အခန်းကဏ္ဍမှာ အမတ်များဖြစ်ပိုင်ခွင့် အခွင့်အရေးကိုအဟန့်အတားတွေပြုထားတဲ့ ပုဒ်မ ၂ ခုပါတယ်။ အဲ့ဒါဘာလည်းဆိုရင် အမတ်လောင်းတစ်ယောက်သည် အမတ်လောင်းအဖြစ်အရွေးခံမယ် ဆိုရင် တိုင်းပြည်မှာ ဆယ်နှစ်ဆက်တိုက် နေရမယ်ဆိုပြီးတော့ ပုဒ်မနဲ့ ကန့်သတ်ထားတာတွေရှိတာမိုလို့ အဲဒီပုဒ်မကို ပြန်လည်ပြင်ဆင်ပေးဖို့လည်း နာယကကြီးနဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးကို ကျွန်မအနေနဲ့ မေတ္တာရပ်ခံ ပါတယ်။ နောက်ပြီးလို့ရှိရင် နိုင်ငံတကာကအထောက်အပံ့ယူနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ယောက်သည်လည်းကောင်း၊ နိုင်ငံတကာက အထောက်အပံ့နဲ့ သွယ်ဝိုက်သောနည်းနှင့် ဆက်စပ်နေ တဲ့သူတစ်ဦးတစ်ယောက် အနေနဲ့သော်လည်းကောင်း၊ အမတ်ဖြစ်ပိုင်ခွင့်မရဘူး စသည်အားဖြင့် အဲလိုငြိစွန်းနေတဲ့ ပုဒ်မတွေကိုတော့ ဖယ်ရှားပစ်ဖို့လိုပါလိမ့်မယ်လို့ ကျွန်မအနေနဲ့ထင်ပါတယ်။ တိုက်ရိုက်သြဇာသက်ရောက်မှုမရှိသော ပုဒ်မတွေကတော့ရှိနေလို့ရတယ်လို့ ကျွန်မအနေနဲ့မြင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေရာကို လွှတ်တော်ကိုလာရောက်ခွင့်ရတဲ့အချိန်မှာ အဲ့ဒီပုဒ်မတွေကိုပြင်ဆင်ပေးပါ။ ကျွန်မတို့လွှတ်တော်မှာ နိုင်ငံတကာရဲ့ဗဟုသုတတွေကို လေ့လာပြီးတော့မှ မြန်မာနိုင်ငံကြီးကို ပြုပြင်ပြောင်းလဲဖို့ရာအတွက် အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်များလွှတ်တော်ကိုရောက်လာဖို့ရာအတွက် ကန့်သတ်မထားပါနဲ့လို့ အဲဒါကို မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။
ဦးကျော်ဝမ်းစိန် (နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (ကပ္ပလန်)(NSCN-K) ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်)
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌနှင့် ကျွန်တော်တို့ တိုင်းရင်းသား ရေးရာကနဲ့ တက်ရောက်တဲ့ ကျွန်တော်တို့ ဒီ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဥက္ကဋ္ဌ အားလုံးကျွန်တော်တို့ ဒီမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များ ဒီကနေ့ ကျွန်တော်တို့ (၆၈) ကြိမ်မြောက် အခမ်းအနားကို ကျွန်တော်တို့ နိုင်ငံတော်သမ္မတကြီးက နေပြည်တော်မှာ ညစာစားပွဲ ကျွန်တော်တို့ကို ဖိတ်တဲ့အခါမှာ ကျွန်တော်တို့လည်းပဲ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကြီး SS (ကပ္ပလန်) ကနေပြီး စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ NSCN က ဒီ ပြည်ထောင်စုပွဲမှာ ပါဝင်တာဆိုရင် ဒီတစ်ခေါက်နဲ့ဆိုရင် နှစ်ကြိမ်ရှိသွားပါပြီ။ အရှေ့က ၂၀၁၃ ခုနှစ်မှာလည်း တက်ရောက်ဖြစ်ပါတယ်။ ဒီတစ်ခေါက်လည်း မနေ့ကလည်းတက်ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒါဆိုတော့ ဒီကနေ့ ကျွန်တော်တို့ ဒီလိုတွေ့ဆုံကြတဲ့အခါမှာ အများကြီး ဂုဏ်ယူ ဝမ်းသာပါတယ်။ ကျွန်တော်တို့ နာဂတွေလည်းပဲ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးတစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့ ဒီမှာ လွှတ်တော်နာယကကြီးတို့ကလည်း အားလုံးကသိပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့ နာဂတွေကတော့ တချို့တွေက အိန္ဒိယနိုင်ငံမှာရှိတယ် တချို့တွေက မြန်မာနိုင်ငံမှာရှိတယ်။ ဒီလိုနှစ်နိုင်ငံမှာ မှီတင်းပြီးတော့ နေထိုင်ကြတဲ့ လူမျိုးတစ်ခုဖြစ်ပါတယ်။ အဲလိုဖြစ်တဲ့ခါကြတော့ ကျွန်တော်တို့ ဖွံံ့ဖြိုးရေး လုပ်ငန်းပိုင်းဆိုင်ရာမှာဆိုရင်လည်းပဲ အခုကျွန်တော်တို့ အိန္ဒိယဘက်မှာ ကျရောက်တဲ့ နာဂတွေ အသီး သီးဖွံ့ဖြိုးမှုရရှိပြီးတော့မှ သွားနေကြပါတယ်။ နောက်ကျွန်တော့်တို့ ပညာတတ်တွေလည်း အနည်းအကျဉ်းတော့ ရှိလာကြပါတယ်။ နာဂဘက်မှာ၊ အိန္ဒိယဘက်မှာက ဒါပေမယ့် ကျွန်တော်တို့ မြန်မာပြည်ဘက်မှာကျတော့ ဘယ်လိုဖြစ်ခဲ့သလဲဆိုတော့ ကျွန်တော်တို့ တစ်ချိန်တစ်ခါတုန်းက ပစ်ခတ်ရပ်စဲရေး မရှိတဲ့အခါကျတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မယုံမကြည်မှုကြောင့် ဒီလိုမျိုး ဖွံ့ဖြိုးမှုတိုးတက်မှုတွေကို မြန်မာနိုင်ငံတော် အစိုးရကလည်း မပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်း ကျတော့ အခု ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေးလုပ်လာတဲ့ နောက်ပိုင်းမှာကျတော့ ကျွန်တော့်တို့ ဒေသကို နိုင်ငံတော်အစိုးရကနေပြီးတော့မှလည်း အတတ်နိုင်ဆုံး ကူညီပံ့ပိုးနေတဲ့ဟာတွေ ကျွန်တော်တို့ အများကြီး တွေ့မြင်နေရပါတယ်။ အဲဒါဆိုတော့ အခုဆက်ပြီးတော့ တစ်ခုပြောချင်တာကတော့ ကျွန်တော်တို့ ဒီမြန်မာနိုင်ငံအတွင်းမှာ ကျရောက်တဲ့ နာဂလူထုတွေလည်းပဲ ကျွန်တော်တို့ လွှတ်တော်မှာ ကျွန်တော်တို့ NSCN အဖွဲ့အစည်းကို ထောက်ခံအားပေးတဲ့ ဒီလူထုကနေပြီးတော့မှပဲ မဲဆန္ဒကိုပေးပြီး တော့မှ ကျွန်တော်တို့ ဒီလွှတ်တော်ကို အမျိုးသားလွှတ်တော်ကို ရောက်လာတာရှိတယ်။ နောက် ပြည်သူ့လွှတ်တော်ကို ရောက်လာတာရှိပါတယ်။ ပြီးတော့ တိုင်းလွှတ်တော်ကို ရောက်လာတာရှိပါတယ်။
ကျွန်တော်တို့ နာဂအမျိုးသားတွေလည်းပဲ အဲလိုဆိုတော့ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်မှာ ဆွေးနွေးရမယ့် အပိုင်းတွေကတော့ အစိုးရပိုင်းဆိုင်ရာနဲ့ပဲ ပတ်သက်ပါတယ်လို့ ကျွန်တော်ဆိုလိုချင်ပါတယ်။ အဓိကတော့ ဒီဒေသ ကျွန်တော်တို့ဒေသက မဖွံ့ဖြိုးမတိုးတက်သေးတဲ့အခါကျတော့ လိုအပ်တဲ့ကိစ္စရပ်များတွေလည်းပဲ ပိုမို ထည့်သွင်းစဉ်းစားပေးဖို့ရန်အတွက်လည်း လိုအပ်ပါတယ်။ အခုအထိလည်းပဲ ကျွန်တော်တို့ ဒီ နတလ ဝန်ကြီးဌာနကနေပြီးတော့ အတတ်နိုင်ဆုံးတော့ သူဆောင်ရွက်ပေးနေပါတယ်။ ဒါလည်းပြောချင်ပါတယ်။ ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာမှာ။ နောက်တစ်ခုက ကျွန်တော် နောက်ဆုံးအနေနဲ့ တစ်ခုပြောချင်တာကတော့ ကျွန်တော်တို့ မနေ့ကကျွန်တော်တို့ ကတိကဝတ်ပြုတဲ့ ဒီလက်မှတ်ရေးထိုးပွဲမှာ ကျွန်တော်တို့ လက်မှတ် ရေးထိုးနိုင်ခြင်းမရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် တို့ နာဂတွေကဆိုရင်တော့ ဒါ အခုနက ပြောသလိုပါပဲ နာဂနိုင်ငံရေးက အမျိုးမျိုးရှိပါတယ်။ ကျွန်တော်တို့ အတွင်းရေးမှာခက်ခဲနက်နဲတာတွေ အများကြီးရှိသေးတဲ့ အတွက်ကြောင့်မို့လို့ ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံတော် ပြည်ထောင်စုရဲ့ ကတိကဝတ်ထဲမှာ ကျွန်တော်တို့ ပါဝင်ပြီးတော့ လက်မှတ်မရေးထိုးနိုင်သေးပါဘူး။ ဘာကြောင့် မရေးထိုးနိုင်သလဲ ဆိုတာတော့ ကျွန်တော်တို့ နာဂနိုင်ငံရေး၊ နာဂအတွင်းရေးဟာဆိုလို့ရှိရင် ဒီကိစ္စထဲမှာ မဝင်ဆံံ့နိုင်တဲ့ အပိုင်းလေးတွေ အများကြီးရှိသေးတဲ့ အခါကျတော့ ဒီလိုမထိုးနိုင်သေးတဲ့ အပိုင်းတွေ ရှိပါတယ်။ ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်။ အဲဒီနောက် ဒီလိုမထိုးနိုင်ခြင်းအားဖြင့် ဒီလို ပြည်ထောင်စု မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ကျရောက်တဲ့ နာဂတွေပြီးတော့မှ အခုလက်ရှိသွားနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကိစ္စဝိစ္စတွေကို ကျွန်တော် ဖျက်ဆီးမှာတော့ မဟုတ်ပါဘူး။ အဲဒါ ကျွန်တော်တို့ ဘယ်တော့မှ မဖျက်ဆီးပါဘူး ။
ကျွန်တော်တို့လည်း ဒီမြန်မာနိုင်ငံအတွင်းမှာ ကျရောက်တဲ့ နာဂရဲ့နယ်မြေဒေသပေါ့ နာဂရဲ့ ဌာနေကို ကျွန်တော်တို့ကလည်း စောင့်ရှောက်တယ်။ အဲဒီမှာ နေထိုင်တယ်။ အဲလိုဆိုတော့ ကျွန်တော်တို့ ဒေသကို ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်နဲ့လည်း လက်တွဲမယ်။ အဲဒီနောက် လုံခြုံရေးဘက်မှာ ဆိုရင်လည်း ကျွန်တော်တို့ ပူးပေါင်းလက်တွဲပြီးတော့မှ အပစ်အခတ်ရပ်စဲရေးကိစ္စကို ခိုင်ခံ့ ခိုင်မြဲအောင် ထားရှိပြီးတော့မှ ဖွံ့ဖြိုးရေးလုပ်ငန်းကိုလည်း ကောင်းမွန်စွာဖြင့် လက်တွဲပြီးတော့မှ သွားဖို့ရန်ရှိတဲ့ အကြောင်းကို ဒီကနေ့ လွှတ်တော်ခန်းမထဲမှာ အစည်းအဝေးခန်းမထဲမှာ ရောက်တဲ့အခါမှာ တင်ပြချင်တာကတော့ ဒီလောက်ပါပဲ။ ကျေးဇူးအများကြီးတင်ပါတယ်။
အခမ်းအနားမှူး
အစီအစဉ်အရ ပြည်ထောင်စုလွှတ်တော်နာယကမှ နိဂုံးချုပ်အမှာစကား ပြောကြားပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ရှင်။
ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း
ကျွန်တော်တို့ ဒီတွေ့ဆုံပွဲကို နားထောင်လိုက်တဲ့အခါမှာ ကျွန်တော့်အမြင် ပြောရမယ်ဆိုရင် အခုဒီနေ့အခန်းထဲကိုရောက်ရှိနေကြတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေဟာ နိုင်ငံရေးကို နားလည်သလို အမျိုးသားရေးကိုလည်း အင်မတန်မှ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်များဖြစ်တယ်။ ပြောရမယ်ဆိုရင် ကိုယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံသား၊ ကိုယ့်လူမျိုးကို ချစ်ခင်လေးစားပြီးတဲ့အခါမှာ ကျွန်တော်တို့ မြန်မာနိုင်ငံကို တခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ တန်းတူညီတူဖြစ်စေချင်တဲ့ ဆန္ဒတွေ ရှိနေတယ်ဆိုတာ ဒီလိုပဲ တွေ့ရပါတယ်။ ဒီနေရာမှ အဓိကထား ဆွေးနွေးသွားတဲ့နေရာမှာ အချင်းအချင်း သံသယနဲ့ မယုံကြည်စိတ်တွေရှိနေသရွေ့ ဒါကြောင်မ့ိုလို့ ရှေ့ဆက်သွားမယ့်ခရီးမှာ မယုံကြည် စိတ်တွေ သံသယစိတ်တွေကို အတတ်နိုင်ဆုံးလျှော့ချ ဆောင်ရွက်နိုင်မှသာလျှင် ကျွန်တော်တို့လိုချင်တဲ့ ငြိမ်းချမ်းရေးအောင်မြင်မယ်လို့ အဓိပ္ပာယ်ကို ဒီလိုပဲ ကျွန်တော်အနေနဲ့ ဖော်ဆောင်မိပါတယ်။ အဲလိုဆောင်ရွက်တဲ့နေရာမှာ ခုနက အချင်းအချင်း တစ်ဦးနှင့်တစ်ဦး Mutual Understanding နှစ်ဦးနှစ်ဖက်နားလည်မှုရှိဖို့ လိုတယ်ဆိုတဲ့ အချက်တွေ့ပါတယ်။ နောက်တစ်ခုက Mutual Respect အချင်းချင်း အပြန်အလှန် တစ်ဖွဲ့နဲ့တစ်ဖွဲ့ လေးလေးစားစားရှိဖို့ဆိုတဲ့အချက် တွေ့ပါတယ်။
နောက်တစ်ခုကတော့ Mutual Trust တစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှုရှိဖို့ လိုတယ်ဆိုတာ တွေ့ပါတယ်။ အဲလိုဆိုရင် ဒီအချက် (၃) ချက်ကို ဘယ်လိုပြည့်အောင်လုပ်ရမလဲဆိုတဲ့အခါမှာ ကျွန်တော်အမြင် ပြောရရင် (၁) ကတော့ ရိုးသားရမယ်။ ရိုးသားရမယ်ဆိုတဲ့နေရာမှာ ကျွန်တော် အမြင်ပြောရရင် Sincerity ဖြစ်ဖို့လိုတယ်။ နောက်တစ်ချက်ကတော့ ပွင့်လင်းဖို့လိုတာပေါ့။ အဲဒီ ရိုးသားမှုနဲ့ ပွင့်လင်းမှုကို ကျွန်တော်တို့ မှန်မှန် ကန်ကန်ဆောင်ရွက်မယ်ဆိုရင် ခုနပြောတဲ့ Mutual Understanding ခေါ်တဲ့ နှစ်ဦးနှစ်ဖက်နားလည်မှုတွေတိုးလာမယ်။ အဲအတိုင်းပဲ Mutual Respect တွေက ပိုပြီးရလာမယ်။ အဲဒီကမှ Mutual Trust ဖြစ်လာမယ်။ အဲဒီလိုဖြစ်သွားတော့မှ ကျွန်တော်တို့ရှေ့သွားမယ့်ခရီးဟာ ပိုပြီးတော့ အဆင်ပြေနိုင်မယ်လ့ို ကျွန်တော်ထင်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဒီနေ့ ခုနကျွန်တော်တင်ပြလိုတဲ့ တော်တော် ကို ကောင်းမွန်တဲ့ တွေးတောဆောင်ရွက်ရမယ့် ကိစ္စတွေ ပေါ်လာတာဖြစ်ပါ တယ်။ အခုကျွန်တော်တို့ ဒီနေ့မှာ ကျွန်တော်တို့ ဥပဒေပြုရေးအဖွဲ့နဲ့ စတင်ပြီးတော့ တိုင်းရင်းသားညီအစ်ကို လက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့တွေ့တာ အချိန်တို ပါတယ်။ လူအများကြီးနဲ့ ဒီလောက်ဟာ အချိန်တိုပါတယ်။ (၂) နာရီကျော်ကျော် နားထောင်လိုက်တဲ့အခါမှာ ရင်ထဲမှာဘယ်လို ခံစားနေတယ်။ ရင်ထဲမှာ ဘယ်လိုစေတနာ တွေရှိတယ်။ အဲဒီခံစားမှုနဲ့ ဒီစေတနာတွေကို အကောင်အထည် ဖော်မယ်ဆို အခုလိုသာ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း အရှိကိုအရှိအတိုင်း တင်ပြကြမယ်ဆိုရင် အောင်မြင်တဲ့ ခရီးကို ရောက်မယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။ ခုနက လူကြီးတစ်ဦးပြောသွားပါတယ်။ စကားလုံးလေးတွေ လှလှသုံးပြီးတော့ တကယ့်လက်တွေ့ မှာဖြစ်နေတဲ့ ဖြစ်ရပ်တွေ အခြေအနေတွေကို မဖော်ပြနိုင်ဘူးဆိုရင် အဲဒီလို မုသားပါသော သို့မဟုတ်လို့ရှိရင် ခုနက မပွင့် လင်းသော၊ မရိုးသားသော ကိစ္စများကြောင့် ကျွန်တော်တို့ ဘယ်လိုမှ အောင်မြင်နိုင် မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ဒါလေးကို ကျွန်တော်တို့ဘက်က လက်ခံပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ ဆက်သွားဖို့လိုမယ်လို့ ထင်ပါတယ်။ ဒီလိုပြောတဲ့နေရာမှာ ခုနက ငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားသင့်မြတ်ရေးရရှိဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေနဲ့ပတ်သက်ပြီးတော့ ပြင်သင့်နေတာ ပြင်ရမယ် ဆိုတာလည်း အမှန်ပါ။
ဒါကြောင့်မို့လို့ ကျွန်တော်လွှတ်တော်ထဲမှာလည်းပြောပါတယ်။ တချို့နေရာမှာလည်း ပြောပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးအတွက် ဆိုရင် ဖွဲ့စည်းပုံအခြခံဥပဒေ ပြုပြင်ပြောင်းလဲရေးဟာ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေတယ် ပတ်သက်နေတယ်လို့ ကျွန်တော်ထင်တယ်။ အဲလိုပြောတဲ့အတွက် အများစုက လက်ခံနိုင်ပေမဲ့ တချို့ကြတော့ ဒီလိုကျွန်တော်ပြောတာကို လက်မခံနိုင်ဘဲနဲ့ သံသယရှိတာတွေလည်းရှိပါတယ်။ ဒါအမှန် အတိုင်း အပွင့်လင်းဆုံး ပြောတာပါ။ အဲဒီအခါမှာ ဒီနေ့ခုနက လွှတ်တော်ရဲ့ လွှတ်တော်က အတည်ပြုဖို့ ကိစ္စတွေဆိုတာက ကျွန်တော်တို့ပြောရမယ်ဆိုရင် ဒီကိစ္စက ကျွန်တော်တို့အတွက် အဓိကမဟုတ်သေး ပါဘူး။ ဒီအချိန်မှာ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ရဲ့ အဓိကပြဿနာ အဓိကအခက်အခဲဟာ ပြည်ထောင်စုလွှတ်တော်မှာ ဆောင်ရွက်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးမှုများပင် ဖြစ်ပါတယ်။ ဒါဟာဘာလဲဆိုရလျှင် ကျွန်တော်တို့ (၂)နှစ်ရှိနေပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့လိုရင် ပြင်ရမယ်။ ပြင်တဲ့အခါမှာ ဘာကိုဦးတည်ရမလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင် ပြောင်းလဲလိုက်လို့ ကျွန်တော်တို့နိုင်ငံတော် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဟာ ပိုကောင်းလာတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲလိုက်တဲ့အခါမှာ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးအတွက်ပိုကောင်းလာတယ်။ ဒီဥပဒေကြောင့် အဲဒီအတွက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်တဲ့ အခါမှာ ကျွန်တော်တို့ ဒီနေ့ လိုချင်တဲ့ ဒီမိုကရေစီ ဒီထက်ပိုပြောမယ်ဆိုလျှင် ကျွန်တော် အမြဲပြောနေတာပေါ့။ မှန်ရင်မှန်မယ်။ မှားရင်မှားမယ် Federal Democracy ပိုပြီးတော့ ရှင်သန်နိုင်တယ်။ ဒီဦးတည်ချက် (၃)ရပ်ကို မူတည်ပြီးတော့ ကျွန်တော်တို့ဟာ ပြုပြင်ကြပါ။ ပြောင်းလဲကြပါ။ ဒါလည်း ခုနက ကျွန်တော်တို့ လွှတ်တော်က ချမှတ်တယ်ဆိုပေမယ့် ကျွန်တော်တို့ ပါတီက ခေါင်းဆောင်များနဲ့ညှိပြီးတော၊့ ဒီဦးတည်ချက်ချပြီးတော့ ကျွန်တော်တို့လုပ်ရပါမယ်။ အဲလိုဆောင်ရွက်တဲ့အခါမှာ ကျွန်တော် ပြောခဲ့တာရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုတာ မကြာသေးဘူး။ ကျင့်သုံးတာ မကြာသေးဘူး။ ဒါကြောင့်မို့လို့ ပြောင်းစရာမလိုဘူးဆိုပြီးတော့ မျက်စိမှိတ်ပြောနေလို့ ရှိရင်လည်း အမှားတစ်ခုဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းဖို့လိုတယ်။ ပြင်ဖို့လိုတယ်။ ကျန်တဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ လူ့အခွင့်အရေးစံနှုန်းတွေ တခြားနိုင်ငံတွေ လိုလုပ်မယ်ဆိုရင်လည်း ကျွန်တော်တို့ အမှားတစ်ရပ်ဖြစ်သွားမယ်။ ဒီနှစ်ကိုယ်ကြားမှာ သေချာချင့်ချိန်ပြီး လုပ်ဖို့လိုတယ်။
ချင့်ချိန်ပြီး လုပ်တယ်ဆိုတဲ့နေရာမှာလည်း ကျွန်တော်တို့ ရဲရဲတင်းတင်း သတ္တိရှိရှိ လုပ်သင့်တာ လုပ်ဖို့ လိုဆိုတာ ကျွန်တော်ဒီလိုပဲ တင်ပြခဲ့တယ်။ ဒါကျွန်တော်တို့ အရှိတရားပေါ်မှာ အခြေခံပြီး စဉ်းစားတဲ့ကိစ္စ။ အဲလိုလုပ်ရင်းလုပ်ရင်းနဲ့ ပထမနာယကကြီးအဖြစ် တာဝန်ထမ်းဆောင်တဲ့ ဦးခင်အောင်မြင့် လက်ထက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ (၁၀၈) ဦးနဲ့ဖွဲ့တယ်။ အဲဒီက ပြီးတဲ့အခါမှာ ကျွန်တော်တို့ (၁၀၈) ဦးနဲ့ ဖွဲ့ပြီးတဲ့အခါမှာ ကျွန်တော်တို့ ပူးပေါင်းကော်မတီက ထွက်ပေါ်လာတဲ့ရလဒ်တွေကို လွှတ်တော်တင်ပြတယ်။ အဲဒီမှာထပ်ပြီး ဖွဲ့စည်းတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကော်မတီကို ဖွဲ့ပါတယ်။ (၃၁)ဦး ကော်မတီကို ဖွဲ့ပါတယ်။ ဖွဲ့ပြီးတဲ့အခါမှာလည်းဆက်လုပ်တယ်။ ရတဲ့ရလဒ် အဲဒီကော်မတီအားလုံးက (၄၆) ကြိမ် အစည်းအဝေးထိုင်တယ်။ အစည်းအဝေး ထိုင်ခဲ့တဲ့အခါမှာ လွှတ်တော်ထဲမှာ ဆက်ပြီးတော့ တင်သွင်းတယ်။ လူပေါင်း (၁၆၅) ယောက်စာရင်းပေးတယ်။ (၁၄၀) ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို့ဘက်က ဘာတွေပေါ်လာလဲဆိုရင် ခုန ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင်ပြောင်းလဲတဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ဆင်ရေးအခန်း (၁၂) မှာပါတဲ့အတိုင်း ကျွန်တော်တို့ဆောင်ရွက်တယ်။ အဲဒီဆောင်ရွက်တဲ့အခါမှာ အင်မတန်မှ စနစ်ကျပြီးတော့ အသေးစိတ်လည်း ဆန်ပြီးတဲ့အခါမှာ အဲဒီလို Procedure ဘက်မှာအများကြီးအခက်အခဲတွေရှိတယ်။
ဘယ်လိုပဲ အခက်အခဲတွေရှိပါစေ လေ့လာ သုံးသပ် ဆွေးနွေးလိုက်တဲ့ အပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့ အဖြေကောင်းတွေရတယ်။ ဒီနေရာမှာ ခုနပြောသွားတာရှိတယ်။ နားလည်ပါတယ်။ ကျွန်တော်တို့တွေက ခေါင်းဆောင်တွေ ခေါင်းဆောင်တွေဆိုတာအရမ်းတော့ ခေါ်လို့မရဘူး။ ကိုယ်စားပြုရမယ် ပြည်သူ့ကိုယ်စားပြုရမယ်။ အဲဒီနေရာမှာ ခေါင်းဆောင်များရဲ့ အခန်းကဏ္ဍက သိပ်ကိုအရေးကြီးပါ တယ်။ ခေါင်းဆောင် များ အမြင်ကျယ်ဖို့ ပြီးတဲ့အခါမှာ အမြင်ကျယ်သလို တစ်ဖက်ကလည်း သူတို့ရဲ့ ဆင်ခြင်တုံတရား ကသိပ်အရေးကြီးပါတယ်။ တစ်ခါတစ်ခါမှာ ပြည်သူ့ကိုလွဲချပြီးတဲ့အခါမှာ ခေါင်းဆောင်တွေ တာဝန်ယူ ရတဲ့နေရာမှာ ခေါင်းဆောင်တွေက တာဝန်မယူဘူးဆိုလိုရှိရင် အပိတ်အဆို့အတားအဆီးတွေက အများကြီးဖြစ်နိုင်တယ်။ ဒီနေ့ဘာပဲပြောပြော ဒီအဖွဲ့အစည်းတွေမှာ ပါဝင်ပြီးတော့လာ တဲ့ ခေါင်းဆောင်တွေရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်နဲ့ပဲ အခုလိုဒီလိုဖြစ်လာတာ။ အဖွဲ့အစည်းကတော့ရှိတယ်။ အဲဒီတော့ ကျွန်တော် ပြည်သူတွေရှိတယ် ဆိုပေမယ့်လို့ ပြည်သူတွေထဲကခေါင်းဆောင်လို့ သတ်မှတ် ထားတဲ့ လူတွေ့ရဲ့ အဆုံးအဖြတ်က သိပ်အရေးကြီးတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ထဲမှာ ဆွေးနွေးကြတယ်။ အတိုချုံးပြောမယ်ဆိုရင် လွှတ်တော်ထဲ ဆွေးနွေးတဲ့အခါမှာ ပထမ လွှတ်တော်ထဲမှာ ပြောတဲ့ စကားတွေ လေးပွင့်ဆိုင်၊ လေးပွင့်ဆိုင်ဆိုတာ ဟိုတုန်းက သမ္မတကြီးရယ်၊ ကျွန်တော်ရယ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ် ပြီးတဲ့အခါမှာ လေးပွင့်ဆိုင် ဆွေးနွေးတယ်။
အဲဒီမှာ လွှတ်တော်ထဲမှာ ဆွေးနွေးတယ်။ လေးပွင့်ဆိုင်ဆိုရင် မလုံလောက်သေးဘူး။ ငါးပွင့်ဆိုင်လုပ်ပေးပါ။ ဒါလွှတ်တော်ကိုယ်စားလှယ်တွေဆွေးနွေးတာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး သူလည်းဘာပဲဖြစ်ဖြစ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်တဲ့အတွက် ခေါင်းဆောင်တစ်ယောက်ပဲ။ သူလည်းပါဖို့လိုတယ်။ ငါးပွင့်ဆိုင်ဆွေးနွေးခိုင်းတယ်။ ဒါလွှတ်တော်ထဲမှာ ဖြစ်တာ။ နောက်တစ်ခါကြ ဘာပြောလဲ ငါးပွင့်ဆိုင်ကောင်းပါတယ်။ ဒီထက်ပိုပြီး ကောင်းအောင် တိုင်းရင်းသား လူနည်းစု အစုအဖွဲ့များထဲက ကိုယ်စားလှယ်တစ်ဦးထည့်ပြီးတော့ ဆွေးနွေးပေးပါ။ ဒီလိုတင်ပြတယ်။ အဲလို တင်ပြလိုက်တဲ့အခါ နောက်ဆုံးကျတော့ ဒီတင်ပြချက်ပေါ်မူတည်ပြီးတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နာမည်မပြောတော့ပါဘူး။ သူကနေပြီးတော့ တင်ပြတယ်။ တင်ပြတဲ့အခါမှာ ဘာလဲဆိုတဲ့နေရာမှာ သူစိတ်ဝင်စားတာက သူပြောတဲ့စကားအတိုင်းပဲ အများစိတ် ဝင်စားတဲ့ ပုဒ်မ (၄၃၆)ကို စိတ်ဝင်စားတယ်။ အများစု ဒါကိုကျွန်တော်တို့က စဉ်းစားတဲ့အခါမှာ သူပြောတဲ့စကား အတိုင်းပါ။ ကျွန်တော်ခေါင်းဆောင်တွေက မညံ့ပါဘူး။ ခေါင်းဆောင်တွေက သေချာ စဉ်းစားပြီးတော့ ဆုံးဖြတ်ပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံလည်း တိုးတက်သွားသလို ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြောင်းလဲရေး အတွက်လည်း အများကြီးအဆင်ပြေသွားနိုင်တယ်။
ဒါကြောင့်မို့လို့ သူက ခုနက နောက်ရက်ကြတော့ အဆိုတင်တယ်။ အဆိုတင်တဲ့အခါမှာ ဒီခြောက်ဦးတွေ့ပြီးတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ဒီနေ့ပစ္စုပ္ပန်နဲ့ အနာဂတ်နိုင်ငံ တည်ဆောက်ရေးအတွက် ဝိုင်းဝန်းအဖြေရှာ ဆောင်ရွက်ပါဆိုတဲ့အဆို။ ပြန်ပြီးတော့ ပြောရမယ် ဆိုလို့ရှိရင် ဒီနေ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ဆိုတဲ့ ကိစ္စတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တစ်နည်းမဟုတ် တစ်နည်းပတ်သက်နေတယ်။ ဒီလိုဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးတည်ချက် (၃) ရပ်အတိုင်း ပြောင်းသင့်တာပြောင်း။ ထားသင့်တာထားမယ်။ အကုန်လုံးလည်း ပြောင်းလို့မရဘူး။ အဲဒီဟာက ကျွန်တော်တို့ လွှတ်တော်ထဲမှာ ကျွန်တော်တို့ဘက်မှာ တာဝန်ရှိတယ်။ လွှတ်တော်မှာ တာဝန်ရှိလို့ ဒီနေ့ကျွန်တော် ဘာပဲဖြစ်ဖြစ် အလှည့်ကျ လွှတ်တော်ရဲ့ အနာဂတ်အဖြစ် ကျွန်တော့်မှာ တာဝန်ရှိ တယ်။ ဒီဟာကြီး ကျွန်တော်ပိုက်ထားရတယ်။ အဲဒီတော့ ဒီဟာကြီး ကျွန်တော်ပိုက်ထားရတဲ့ အခါမှာ အခုပြောသလိုပဲ တိုင်းရင်းသားတွေက ဖွဲ့စည်းအခြေခံ ဥပဒေနဲ့ပတ်သက်ပြီးတော့ ပြင်စရာရှိတာပြင်ပေးဖို့လိုတယ်။ ခုနကပြောသွားတဲ့အတိုင်း ဘေးမှာ လောလောဆယ်ပြင်လို့မရဘူး။ ပြည်ထောင်စုလွှတ်တော်မှာပဲ ပြင်မယ်။
ဒါကြောင့်မို့လို့ ပြည်ထောင်စုလွှတ်တော်မှာ ပြင်တဲ့အခါမှာ ဟောဒီ (၁၂) ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်မှာ ဒါတွေကို ပြင်သင့်တာတွေကို ပြင်နိုင်ကာမှ ရှေ့သွားရမယ့် ငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပါတယ်။ အချိန်တော့ ကုန်သွားပါတယ်။ ဟိုမှာလည်း လူကြီးတွေ စောင့်နေပြီ။ မထူးပါဘူး (၁)မိနစ်ပဲ အဲဒီတော့ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ခုနပြောတဲ့ ကျွန်တော်တို့ အနေနဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် ခုဒီလို ပြောနေတဲ့အချိန်မှာ အဲဒီဖွဲ့စည်းပုံပြင်ဖို့အတွက် အချိန်တွေ တအားဆွဲပြီးတော့ နောက်ရောက် သွားလေ နောက်ရောက်သွားလေ ငြိမ်းချမ်းစကားပြောဖို့အတွက် အများကြီး အခက်အခဲတွေရှိတယ်။ အဲဒီနည်းတူပဲ ဒီနေ့ပြောနေပါတယ်။ ဒါကျွန်တော်တို့ဘက်က ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဖက်ဒရယ်ပါ။ ဘယ်သူနဲ့ဆန်းစစ်ခိုင်းမလဲ။ ပညာရှင်တွေနဲ့ ဆန်းစစ်ခိုင်း ခုနပြောသ လိုပဲ လွှတ်တော် (၂) ရပ်ရှိတယ်။ နောက်အစိုးရအဖွဲ့ရှိတယ်။ ပြည်ထောင်စုမှာရှိတယ်။ တိုင်းဒေသကြီးမှာရှိတယ်။
ဒီဟာသည် သာမန်အားဖြင့်တော့ လွှတ်တော်များ အခုကျွန်တော်တို့ တိုင်းရင်းသားတွေ တောင်းခံတာဘာလဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှအခွင့်အရေး။ အဲဒီတော့ ကျွန်တော်တို့ ဘာလဲ ကိုယ်ပိုင်ပြဋ္ဌာန်းဖို့အတွက် လွှတ်တော်တွေရှိတယ်။ ဗဟိုမှာလည်း ရှိတယ်၊ ပြည်ထောင်စုမှာလည်းရှိတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်မှာလည်းရှိတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုင်းဒေသကြီးမှာရှိတယ်။ ဗဟိုမှာ လည်းရှိတယ်။ ပြည်နယ်မှာလည်းရှိတယ်။ ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီးအစိုးရ တန်းတူညီမျှအခွင့်အရေး ဒီဟာတော့ ကျွန်တော်တို့က လိုသေးတယ်။ လိုသေးတာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြောမယ်ဆိုရင် ဇယား (၁)၊ ဇယား (၂)နဲ့ ပတ်သက်ပြီးတော့ ဒီဥပဒေတွေကို ပြဋ္ဌာန်းနိုင်ခွင့်နှင့် ပြန်ပြီးတော့ကြည့်ရမယ်။ ဇယား (၁)ထဲက တချို့ကို ဇယား (၂) ထဲ ပြန်ပြောင်းရင်ပြောင်းရမယ်။ စသဖြင့်ပေါ့။ ပြောရမယ်ဆိုရင် ဇယား (၂)ဆိုတာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ဥပဒေပြုခွင့်ရှိတဲ့ အကြောင်းအရာ။ ဒါကြောင့်မို့လို့ ဒါတွေ ပြန်ကြည့်ရမယ်။
ဒီဟာကို ကျွန်တော်တို့က ခုနပြောသလို နောက်တစ်နည်းပြောရမယ်ဆိုရင် တန်းတူညီမျှ အခွင့်အရေး ဆိုတဲ့နေရာမှာ ဒီအပိုင်းတွေပါတယ်။ ဘာတွေတန်းတူညီမျှ အခွင့်အရေးလဲ Power Sharing လုပ်ဖို့ပဲ Power တွေကို ဗဟိုကနေအားလုံးစုစည်းထားတယ်ဆိုရင် ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေက မကြိုက်ဘူး။ Power Sharing၊ Resource Sharing သို့မဟုတ် Work Sharing ပြည်နယ်တွေမှာရှိတဲ့ သယံဇာတအပါအဝင် ကျန်တဲ့ကိစ္စ အခွန်အကောက်ကိစ္စအားလုံး ကိုယ်ကပဲ ယူထားမယ်ဆိုရင် ပြည်နယ်တွေ ဘယ်လိုမှ မကျေနပ်ဘူး။ ဥပမာပေးမယ်။ ရခိုင်တိုင်းရင်းသားတွေက ပြောတယ်။ သူတို့ကမ်းလွန်ဒေသကနေပြီးတော့ gas တွေ အများကြီးထွက်တယ်။ ဒါပေမယ့်လို့ ရခိုင်ပြည်နယ်ကျတော့ အသုံးမပြုရဘူး။ ဒါရခိုင်ဘက်က ပြောတယ်။ ကချင်ဘက်ကျတဲ့ခါ သူတို့ဆီကနေပြီးတော့ ရွှေတွေထွက်တယ်။ သတ္တုတွေထွက်တယ်။ သစ်တွေ ထွက်တယ်။ ဒါပေမယ့် အကုန်လုံး ဗဟိုကပဲ ယူသွားတယ်။ ဒါဘာလဲဆိုတဲ့အခါမှာ ခုနက Wealth Sharing ခေါ်တဲ့ ကြွယ်ဝမှု ချမ်းသာမှု ခွဲပေးဖို့လိုတယ်။
အဲတိုင်းပဲ ခုနက Power Sharing ။ Power Sharing ဆိုတာ အခု ဒီနေ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေရှိတယ်။ ကိုယ်ပိုင်အစိုးရတွေ ရှိတယ်ဆိုတယ်ဆိုသော်လည်း တကယ်တမ်းကျတဲ့အခါမှာ သူတို့ အစိုးရတစ်ရပ်အနေနဲ့ လုပ်ပိုင်ခွင့် ရှိတာတွေကို လုပ်ပိုင်ခွင့် မရကြသေးဘူး။ ဒီဟာတွေကို ကျွန်တော် Decentralize လုပ်ရမယ်။ အဲဒါတွေကို ကျွန်တော်တို့ ဆောင်ရွက်ပေးမယ်ဆိုရင် ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ခုနကပြောတဲ့ ဖက်ဒရယ် ဒီမိုကရေစီပါပဲ။
ဖက်ဒရယ်ဒီမိုကရေစီဆိုတာ တချို့က ဒါနဲ့ပတ်သက်လို့ လက်မခံရဲဘူး။ လက်မခံနိုင်သေးဘူး။ ဖက်ဒရယ်ဆိုတာ ခွဲထွက်မယ်လို့ပဲ ထင်နေတယ်။ မဟုတ်ဘူး ။ ကျွန်တော်လဲ ခုနက ဒီလွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့အခါမှာ နိုင်ငံအများကြီးရောက်ပြီးပြီ။ ဖက်ဒရယ်ထူထောင်ရန်က ဘာလဲ။ တစ်ယောက်တည်း နိုင်ငံ့ကာကွယ်ရေး၊ နိုင်ငံ့လုံခြုံရေး၊ နိုင်ငံ့အကျိုးစီးပွားကို သေးသေးလေးနဲ့ မလုပ်နဲ့။ အားလုံးစုစည်းပြီးလုပ်တာ ဖက်ဒရယ်ပဲ။ ပူးပေါင်းဖို့ ဖွဲ့စည်းထားတာ။ ခွဲထွက်ဖို့ ဖွဲ့စည်းထားတာ အဟုတ်ဘူး။ ဒီကအစ ကျွန်တော်တို့ဘက်မှာ ပြောရမယ်ဆိုရင် ဒါမျိုးတွေလိုတယ်။ အဲတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်နိဂုံးချုပ်ပါပြီ။ အခုပြောတာတွေကို ကျွန်တော်တို့က လွှတ်တော်ဥက္ကဋ္ဌကြီးရော ကျွန်တော်တို့ အားလုံးသေချာ မှတ်ထားပြီးတဲ့အခါမှာ လွှတ်တော်ဘက်က ဆောင်ရွက်သင့်တာတွေကို ကျွန်တော်တို့ ဆောင်ရွက်ပေးဖို့ ကြိုးစားနေပါတယ်။
လွှတ်တော်ဆိုတဲ့နေရာမှာ ကျွန်တော် တစ်ယောက်တည်းက လွှတ်တော်မဟုတ်ပါဘူး။ လွှတ်တော်ဥက္ကဋ္ဌသည်လည်း လွှတ်တော် ဥက္ကဋ္ဌပြီးတော့ လွှတ်တော်မဟုတ်ဘူး။ လွှတ်တော်ဆိုတာ အကုန်လုံး လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ပြီးတော့ သူတို့ရဲ့ဆုံးဖြတ်ချက်တွေသာ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ အဲဒီလိုဆုံးဖြတ်နိုင်အောင်လို့တော့ ကျွန်တော်တို့က ကိုယ့်လွှတ်တော် ကိုယ်စားလှယ်တွေကို မှန်မှန်ကန်ကန် သိနိုင်အောင် ကျွန်တော်တို့ဘက်က တင်ပြရမယ့် တာဝန် ရှိပါတယ်။ အခုနက ကျွန်တော့်ကို ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။ ငြိမ်းချမ်းရေးတံခါး ဟထားပြီ။ ပွင့်သွားအောင် အကူအညီပေးပါဆိုတဲ့နေရာမှာလည်း ကျွန်တော်တို့ တတ်နိုင်သမျှ ကူညီပါ့မယ်။ အဓိကကဘာလဲ။ ပြည်သူတွေသိပ်သနားစရာကောင်းတယ်။ နိုင်ငံလည်း သိပ်သနားစရာ ကောင်းတယ်။ ဒါကြောင့်မို့လို့ မနေ့က လက်မှတ်ရေးထိုး လိုက်တဲ့ ဟာ ပြည်သူရှေ့မှောက်မှာ ကျွန်တော်တို့ ကတိပေးတယ်။ တို့ငြိမ်းချမ်းရေးလိုချင်တယ်။ ငါတို့ကြောင့်တော့ လက်နက်ကိုင် တိုက်ခိုက်တာ မဖြစ်စေရဘူး။ ငါတို့ကိုယုံပါဆိုတဲ့ဟာ ပြောလိုက်တာ အင်မတန်ကောင်းတယ်။ အဲတိုင်းပဲ ခုနက မနေ့က လက်မှတ်ရေးထိုးခြင်း မပြုနိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ အပြစ်မတင်ပါဘူး။ သူဒီလိုပြောတာနဲ့ ပတ်သက်လို့ ကျွန်တော်နားလည်ပါတယ်။ နားလည်ပေးရမယ်။ ကျွန်တော်တို့ လက်ခံ ပေးရမယ်။ ဘာ့ကြောင့်လည်း လူတစ်ယောက် ကိစ္စမရှိဘူး။ အဖွဲ့တစ်ဖွဲ့နဲ့ဆိုမှ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်က လိုပါတယ်။
ဒါကြောင့်မို့လို့ ခုနကပြောတဲ့နေရာမှာလည်း ကျွန်မတို့ ကျွန်တော်တို့က လက်မှတ်မထိုးရတာ ဒါ့ကြောင့်ပါ။ ဒါ့ကြောင့်ဆိုရင် ကျွန်တော်တို့က နားလည်ရမယ်။ လက်ခံမယ်။ ခုနက ငြိမ်းချမ်းရေး တံခါးဟထားသလိုပဲ။ မနေ့က သမ္မတကြီးလည်းပြောလိုက်ပါတယ်။ ဘာလဲ စာအုပ်ကြီးလည်း ဖွင့်ထား ပါတယ်။ ကိုယ့်ဘက်ကအားလုံးဆွေးနွေးပြီးတဲ့အခါမှာ စာအုပ်ကြီးထဲမှာ လက်မှတ်လာထိုးတယ် ဆိုလို့ရှိရင် ငါတို့ဟောဒီအဖွဲ့က လည်း ငြိမ်းချမ်းအောင် အာမခံတဲ့အဖွဲ့။ တကယ်ငြိမ်းချမ်းရေး လိုချင်တယ်။ သူတို့ငြိမ်းချမ်းရေးလိုချင်တယ်ဆိုတာ သူတို့အတွက်ဆိုတာထက် ငါတို့ ပြည်သူတွေ အတွက်ဖြစ်တယ်။ ငါတို့တိုင်းပြည်အတွက်ဖြစ်တယ်။ ငါတို့ ပြည်နယ်အတွက်ဖြစ်တယ်ဆိုတဲ့ဟာ ဖြစ်အောင် အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီအခါမှာ ကျွန်တော်တို့က ငြိမ်းချမ်းရေးမလိုချင်ဘူး ဆိုတဲ့ သဘောနဲ့ မဟုတ်ဘဲနဲ့ တကယ်တမ်း ငြိမ်းချမ်းရေး လိုချင်တယ်။ ဒါပေမယ့်လို့ လက်မှတ်လေး မထိုးမိလိုက်တာနဲ့ ဒီလူတွေဟာ ငြိမ်းချမ်းရေးမလိုချင်ဘူးဆိုတဲ့ ပြည်သူများရဲ့ တစ်မျိုးတစ်မည် အထင်ခံရမှုကို ရှောင်လွှဲဖို့ဆိုရင် ဘာဆက်လုပ်မလဲဆိုတဲ့ဟာက သဘောပေါက်လား။ ဘာပဲဖြစ်ဖြစ် မနေ့က ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်တဲ့နေရာမှာ တွန်းပြီးဝင်သွားတဲ့ ဖထီး။ ပြီးတဲ့အခါမှာ ဟိုဘက်က ဦးယွက်စစ်တို့ အပါအဝင် ဒါဘာပဲဖြစ်ဖြစ် ဒီငြိမ်းချမ်းရေးကို လိုချင်တယ်ဟေ့ ဆိုတာကို ပြလိုက်တာ က ပြည်သူတွေအတွက် ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေအတွက် အများကြီး တန်ဖိုးရှိသွားပြီ။ ကျွန်တော်လည်း အင်မတန်အားရတယ်။
အဲတော့ ဒီကနေ့မှာ ကျွန်တော်တို့ကို အခုလိုလာတွေ့ဆုံပေးတဲ့အတွက် ငြိမ်းချမ်းရေးအပါအဝင် ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအဖြစ် တည်ဆောက်တဲ့ နေရာမှာ ဒီနေ့ ဆွေးနွေးတွေ့ဆုံမှုဟာ များစွာအကျိုးရှိမယ်ဖြစ်ကြောင်းနဲ့ ကျွန်တော်တို့တွေလည်း အခု တိုင်းရင်းသားများရဲ့ ညီအစ်ကိုများရဲ့ နိုင်ငံရေးသတိ၊ နိုင်ငံရေးအသိ၊ အမျိုးသားရေးသတိ၊ အမျိုးသားရေးအသိများ ပြည့်စုံတဲ့အတွက် ကျွန်တော်တို့ငြိမ်းချမ်းရေး ကို ဖော်ဆောင်ပေးပြီး ကျွန်တော်တို့ ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းရင်းနဲ့ပဲ နိဂုံးချုပ်ပါတယ်။
အခမ်းအနားမှူး
နောက်ဆုံးအနေနဲ့ လွှတ်တော်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသို့ လက်ဆောင်ပစ္စည်း ပေးအပ်ခြင်းဖြစ်ပါတယ်။
အခမ်းအနားမှူး
ဒီကနေ့ ကျင်းပတဲ့ တွေ့ဆုံပွဲအစီအစဉ် အောင်မြင်စွာပြီးဆုံးကြောင်း ကြေညာအပ်ပါတယ်ရှင့်။
ရုပ်သံကြည့်ရှုရန် => အပိုင်း ၁ ၊ အပိုင်း ၂ ၊ အပိုင်း ၃ ၊ အပိုင်း ၄
