ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ Heineken ကုမ္ပဏီအဖွဲ့မှ ပြင်ပပူးပေါင်းဆက်ဆံရေး ဆိုင်ရာ ညွှန်ကြားရေးမှူး Mr. John Clarke နှင့် အာရှပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Mark Campbell ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေက စီးပွားရေးဆိုင်ရာ ကုန်သွယ်မှု၊ ရင်းနှီးမြှုုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး Heineken ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် များစွာ အကျိုး အမြတ် ဖြစ်ထွန်းနိုင်ပြီး ပိုမို အောင်မြင်ဖွံ့ဖြိုးတိုးတက်နိုင်ပါကြောင်း ထို့အတူ မြန်မာနိုင်ငံ အနေဖြင့်လည်း ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် စီးပွားရေးလုပ်ငန်းများ တိုးတက် မြင့်မားလာနိုင်ပါကြောင်း၊ လွှတ်တော်အနေဖြင့်လည်း လိုအပ်ချက်များရှိပါက ဥပဒေပြုရေး နှင့် ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အတူ အတွင်းရေးမှူး ဦးအေးဖေ၊ တွဲဖက်အတွင်းရေးမှူး ဦးမျိုးဆွေ၊ ကော်မတီ အဖွဲ့ဝင် ဦးရဲထွန်း၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင်မြင့် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်
