(၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ (၆) နာရီအချိန်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ (MICC-II) ၌ ကျင်းပရာ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင် မြင့်၊ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ကော်မတီ ဥက္ကဋ္ဌများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များ၊ လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ၊ ချင်း တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ပေးပို့သော သဝဏ်လွှာအား (၆၇)နှစ် မြောက် ချင်းအမျိုးသားနေ့ ကျင်းပရေး ကော်မတီ နာယက၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဆွန်ဒုတ်ကျင့် က ဖတ်ကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက (၆၇)နှစ်မြောက် ချင်း အမျိုးသားနေ့ သဝဏ်လွှာအား ဖတ်ကြားပြီး နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သဝဏ်လွှာ အား ချင်းတိုင်းရင်းသူ ဒေါ်သွမ်ပဲန်က ဖတ်ကြားသည်။
ယင်းနောက် (၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပရေး ကော်မတီ၊ ဦးစီးကော်မတီအဖွဲ့ဝင် ဦးလျန်ကျင့်မန် က ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်း အကျဉ်းကို ဖတ်ကြားတင်ပြသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နှုတ်ခွန်း ဆက် အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ၂၀၁၄ ခုနှစ် အတွင်း ပါရဂူဘွဲ့ရရှိသော ချင်းတိုင်းရင်းသား ဒေါက်တာ ဆလိုင်း ဒုဘိခ်ကျဲမ် (ဒဿနိကဗေဒ)နှင့် ဒေါက်တာ မိုင်ဒေါ့ဇီးမန်း (ရူပဗေဒ)တို့အား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံဂုဏ်ဆောာင်အားကစားသမားများ ဖြစ်ကြသော ချင်း တိုင်းရင်းသား၊ တိုင်းရင်းသူများ ဖြစ်ကြသည့် ဆလိုင်း ဒေးဗစ်ထန်း (ဘောလုံး)၊ ဆလိုင်းတီလ်ထန်းလျန် (ဂေါက်သီးရိုက် -ငွေတံဆိပ်)၊ ဆလိုင်းကပ်ကျင်းပေါင် (ဂျူဒို၊ ငွေတံဆိပ်)၊ မိုင်ယောစိမ်းယ (မြှားပစ်၊ ကြေးတံဆိပ်)၊ မိုင်ဧလီဗာဇိန်းဟွာထောင်းလွယ် (ကရာတေးဒို၊ ကြေးတံဆိပ်)၊ မိုင် ဇုန်းလဲန်ကျဲရ် (ကရာတေးဒို၊ ကြေးတံဆိပ်)၊ မိုင် စန်းယုထွေး (မြှားပစ်၊ ကြေးတံဆိပ်)၊ မိုင်လှလှစံ (မြှားပစ်၊ ကြေးတံဆိပ်)တို့အား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ (၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဆလိုင်းမဲလု (ခ)ဦးစိုးထက် က ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ချင်းတိုင်းရင်းသား ရိုးရာအကနှင့် တေးသံသာများဖြင့် ဖျော်ဖြေ တင်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်
