ဗိုလ်ချုပ်နှစ်(၁၀၀) ပြည့် အခမ်းအနားကျင်းပရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့် အခမ်းအနားကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် မွန်းလွဲ (၁၂) နာရီ (၁၅) မိနစ်တွင် နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံပြည်ထောင်စု လွှတ်တော် (D) ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ကျင်းပသည်။

 ရှေးဦးစွာ ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့် အခမ်းအနား ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ  ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က အဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက် ကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက အမှာစကား ပြောကြားသည်။

 ဆက်လက်၍ ကျင်းပရေး ဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြား ရေးမှူးချုပ်က အခမ်းအနားကျင်းပရေး စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကော်မတီအလိုက် စီစဉ်ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြကြသည်။

 ယင်းနောက် တက်ရောက်ကြသူများက အထွေထွေဆွေးနွေးကြပြီး ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်က အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီများ အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ   အစည်းအဝေးသို့ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေး မှူးနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် အခမ်းအနားကို ဖေဖော်ဝါရီ (၁၁) ရက် နံနက် (၉) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ လ ၉ ရက်

Standard (Image)