၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော်(C)ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ စီးပွားရေးနှင့်ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင် မောင်သိမ်းမှ အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးမြင့်က အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး လိုအပ်ချက်များကို သုံးသပ်ရှင်းလင်းဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် သက်ဆိုင်ရာကော်မတီအတွင်းရေးမှူးများ၊ အခွန်ကောက်ခံမှုဘုတ်အဖွဲ့ ဥက္ကဋ္ဌသူရဦးသောင်းလွင်နှင့် ဝန်ကြီးဌာနများမှ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကဏ္ဍတစ်ခု ချင်းစီ အလိုက် အထွေထွေရှင်းလင်း ဆွေးနွေးတင်ပြ ကြသည်။
ယင်းနောက် စီးပွားရေးနှင့်ကုန်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်းက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အဆိုပါ အခွန်အကောက် ဥပဒေကြမ်းနှင့်ပတ်သက်ပြီး လွှတ်တော်မှ ပိုမိုကောင်းမွန်စေသည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် အတွက် လွန်စွာအရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာလွှတ်တော် ကော်မတီများနှင့် ဝန်ကြီးဌာနများအနေဖြင့် ယခုလို လာရောက်ရှင်း လင်းဆွေးနွေးကြသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားပြီး အစည်းအဝေးကို မွန်းလွဲ (၁၃း၀၀) နာရီတွင် ရုပ်သိမ်းလိုက်သည်။
အဆိုပါအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူများနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်
