မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း၊ တစ်လင် တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် လူဦးရေတိုးပွားနှုန်းထိမ်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း တို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် မွန်းလွဲ (၁)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ ရေး ရာဆောင်အမှတ် (I-2) ဥပဒေကြမ်းကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက အဖွင့် အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ အနေဖြင့် အများပြည်သူအကျိုးအတွက် ဥပဒေကြမ်း (၄) ခုကို အချိန်မီနှင့် မှန်မှန်ကန်ကန် အတည်ပြု ပြဋ္ဌာန်း နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကော်မတီများမှဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကာ ညှိနှိုင်းအစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ လူမှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မ တီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီနှင့် ဥပဒေကြမ်းကော်မတီတို့မှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ယခုညှိနှိုင်းအစည်းအဝေး၌ ဆွေးနွေးသည့် ဥပဒေကြမ်း (၄) ခုနှင့် စပ်လျဉ်း၍ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များနှင့် ပြည်သူများက အကြံပြုချက်များ ပေးပို့ထားကြောင်း သိရှိရသည်။
၂၀၁၅ခုနှစ် ဖေဖော်ဝါရီ လ ၅ ရက်
