ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ယနေ့ နံနက်(၀၉း၀၀)နာရီချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်း အဝေးခန်းမ၌ ပြည်ထောင်စုလွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင် များနှင့် တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ယခုနှစ်အတွင်းကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးနှင့် တည်ငြိမ်အေးချမ်း အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် အားလုံးပါဝင် ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသား များ၏ အမျိုးသား အကျိုးစီးပွားအတွက်ဖြစ်ပါက နိုင်ငံရေးပါတီအချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေး၊ နိုင်ငံတော် အတွင်း စစ်မှန်သော ငြိမ်းချမ်းရေးရရှိစေရေးအတွက် အားလုံးပါဝင် ပူးပေါင်း ဆောင်ရွက်ရေး တို့နှင့် ပတ်သက်၍ ဆွေးနွေး သည်။
ယင်းနောက် တက်ရောက်လာကြသော နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်များက ဆွေးနွေး တင်ပြကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများဖြစ်ကြသော ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက် တစ်ပါတီ၊ "ဝ" ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင် ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ - ကချင် ပြည်နယ်(စဒက)၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် တို့ တက်ရောက်ခဲ့ကြသည်။
၂၀၁၅ ခုနှစ် မေ လ ၂၉ ရက်
