ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း လားရှိုးမြို့၌ လောက်ကိုင်ဒေသ တိုက်ပွဲ များတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများအား တွေ့ဆုံအားပေး ပြီး တွေ့ဆုံပွဲသို့ တက်ရောက် အမှာစကားပြောကြား

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော် နှင်‌့ ဦးမောင်မောင်ဆွေ၊ ပြည်သူ့လွှတ်တော်နှင်‌့ အမျိုးသားလွှတ်တော် တို့မှ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင်‌့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင်‌့အတူ ၂၀၁၅ ခုနှစ်၊ မေလ ၂၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်း ခရီးစဉ်ဖြင်‌့ ထွက်ခွာခဲ့ရာ ရှမ်းပြည်နယ် လားရှိုးမြို့သို့ နံနက်(၈)နာရီ မိနစ်(၄၀)တွင် ရောက်ရှိကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူ း ဗိုလ်မှူ းချုပ် ကျော်ကျော်စိုး၊ တာဝန်ရှိသူများနှင်‌့အတူ လားရှိုးမြို့သို့ အမှတ်(၉)တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)သို့ ရောက်ရှိပြီး လတ်တလော ကာလအတွင်း လောက်ကိုင်ဒေသတိုက်ပွဲများတွင် နိုင်ငံတော်အတွက် သက်စွန့်ဆံဖျား တိုက်ပွဲဝင်ကြရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ဆေးကုသမှုခံယူလျက်ရှိကြသော တပ်မတော်သား အရာရှိ၊ စစ်သည်များအား တစ်ဦးချင်းစီတွေ့ဆုံအားပေးကာ ဂုဏ်ပြုချီးမြှင်‌့ငွေနှင်‌့ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။  

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းခန်းမ၌ ကျင်းပသည့် တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော်နှင်‌့ အမျိုးသားလွှတ်တော်တို့မှ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရ တိုင်းနှင်‌့ဒေသများမှ ဦးစီးအဖွဲ့ဝင်များ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ နိုင်ငံရေးပါတီများ၊ ကိုးကန့်ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က အမှာစကားပြောကြားရာတွင် ယနေ့ ကာလတွင် တပ်မတော်၏ တရားသောစစ်ဆင်နွဲနေသည့်အပေါ် ပြည်သူအားလုံးက ထောက်ခံဂုဏ်ပြုလျက်ရှိပါကြောင်း၊ ပြီးခဲ့သည့် ဧပြီလအတွင်းက ပြင်ဦးလွင်ရှိ အမှတ်(၁) တပ်တော်စစ်ဆေးရုံ(ခုတင်-၇၀၀)သို့ ရောက်ရှိပြီး စစ်ဆင်ရေးအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သော တပ်မတော်သားများအား တွေ့ဆုံအားပေးခဲ့ပါကြောင်း၊ ယခုခရီးစဉ်သည် လားရှိုးမြို့ တပ်မတော်စစ်ဆေးရုံမှ ဒဏ်ရာရ စစ်သည်များအား တွေ့ဆုံအားပေးရန်နှင်‌့ ကိုးကန့်ဒေသ တိုက်ပွဲစဉ်များတွင် ကျဆုံးသွားခဲ့သည့် တပ်မတော်သားများကို ဂုဏ်ပြု၊ အလေးပြုရန် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း။

တပ်မတော်သည် နိုင်ငံတော်နှင်‌့ နိုင်ငံသားများအပေါ် တာဝန်ကျေပွန်ပြီး သစ္စာ စောင်‌့သိသည့် စိတ်ဓာတ်ဖြင်‌့ စွန့်လွှတ်စွန့်စားမှုကို မိမိတို့ ဂုဏ်ပြုကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံကို ကာကွယ်စောင်‌့ရှောက်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင်‌့ ပိုင်နက်နယ်မြေကို ထိန်းသိမ်းစောင်‌့ရှောက်သည့် မွန်မြတ်သည့် တပ်မတော်ဖြစ်ပါကြောင်း။

နိုင်ငံတိုင်း၌တပ်မတော်ရှိကြောင်း၊ တပ်မတော်အင်အားမရှိလျင် စွမ်းရည်ထက်မြက်မှု မရှိလျင် အခက်အခဲကြုံတွေ့နိုင်ပါကြောင်း၊ တပ်မတော်ကို အင်အားတောင့်တင်းပြီး ခေတ်မီသည့် မျိုးချစ်တပ်မတော်အဖြစ် တည်ဆောက်လျက်ရှိကြောင်း၊ ထိုနည်းတူ ပြည်သူ ချစ်ခင်လေးစားသည်‌့ တပ်မတော်ဖြစ်အောင် အမြဲကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တပ်မတော်တစ်ခုတည်းဖြင်‌့ နိုင်ငံတော်ကိုကာကွယ်စောင်‌့ရှောက်ရန် လုံလောက်မှု မရှိနိုင် ပါကြောင်း၊ မည်သည့်နိုင်ငံသားမဆို ကိုယ့်နိုင်ငံကို ကာကွယ်စောင်‌့ရှောက်ရန် တာဝန်ရှိပါ‌ကြောင်း၊ တပ်မတော်နှင်‌့အတူ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်နိုင်မှသာ လွတ်လပ်ပြီး အဓွန့်ရှည်သည့် နိုင်ငံတစ်ခု ဖြစ်ပါကြောင်း။

ယခု နှစ်ဆန်းပိုင်း၌ လောက်ကိုင်ဒေသတွင် MNDA အဖွဲ့၏ တိုက်ခိုက်မှုများကြောင်‌့ ဒေသ မတည်မငြိမ်ဖြစ်ခဲ့ရပြီး တပ်မတော်သားများလည်း ကျဆုံးခဲ့ရကြောင်း၊ ကိုးကန့် ဒေသမှ ပြည်သူများ စစ်ဘေးရှောင် ပုန်းအောင်းနေရပြီး ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရပါကြောင်း၊ လောက်ကိုင်ဒေသ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ရခြင်းမှာ အာဏာကို မတရားနည်းဖြင်‌့ ရယူလိုကြသူများက ၎င်းတို့ကိုယ်ကျိုးအတွက် မသိနားမလည်သည့် တိုင်းရင်းသားလူငယ်များကို တိုက်ခိုက်ရန် အသုံးချခိုင်းစေခဲ့ခြင်းကြောင်‌့ဖြစ်ပါကြောင်း၊ တပ်မတော်သားများ ဆုံးရှုံးသည့်နည်းတူ အပြစ်မဲ့တိုင်းရင်းသားများ ဆုံးရှုံးခြင်းသည် နိုင်ငံတော်၏ ဆုံးရှုံးမှုပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အချုပ်အခြာ တည်တံ့ခိုင်မြဲရေးအတွက် မိမိတို့ အသက် ခန္ဓာကိုပဓာနမထားဘဲ  တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားများကို ဂုဏ်ပြုရန် လာရောက်ခဲ့သည့် ခရီးစဉ်အတွက် စီစဉ်ပေးခဲ့ကြသူများကို ကျေးဇူးတင်ရှိပါကြောင်းဖြင်‌့ ပြောကြားသည်။

ဆက်လက်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရဒေသမှ လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စား လောက်ကိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင် က လောက်ကိုင်ဒေသတိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင်‌့ပတ်သက်၍ ဆွေးနွေးတင်ပြရာတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရဒေသ လောက်ကိုင်မြို့၌ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၉)ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် MNDA အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ကိုးကန့်ဒေသရှိ ပြည်သူများ သေကျေ၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဒုက္ခမျိုးစုံ တွေ့ကြုံရခြင်း များကြောင့် အလွန်ပင် စိတ်မကောင်းစရာဖြစ်ပါကြောင်း၊ ယခုအခါ တပ်မတော်အနေဖြင်‌့ လောက်ကိုင်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် MNDA အဖွဲ့အား တိုက်ခိုက်ချေမှုန်း နေသည်မှာ အမြတ်ပြတ်လုနီးပါးရှိပြီဖြစ်ကြောင်း။

ကိုးကန့်ဒေသအတွက် အသက်ပေးဆပ်ခဲ့ရသော တပ်မတော်သားများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သော တပ်မတော်သားများ၊ ရဲမေများ၊ ကလေးငယ်များ အပါအဝင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်မှာ မိမိတို့ မျက်မြင်ကိုယ်တွေ့ပင် ဖြစ်ပါကြောင်း၊ ယင်းသို့ တပ်မတော် အပိုင်းက ပေးဆပ်ရသည့်အပြင် မိမိတို့ဒေသတစ်ခုလုံးရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အပါအဝင် ကိုးကန့်တိုင်းရင်းသားတစ်သိန်းကျော် ဒုက္ခရောက်ခဲ့ရပါကြောင်း။

ယခုကဲ့သို့ စစ်ပွဲများဖြစ်ပွားနေသည်မှာ လုံးဝမဖြစ်သင်‌့ပါကြောင်း၊ တိုင်းရင်းသား အားလုံးပူးပေါင်းလက်တွဲ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက် ရမည့်အချိန်ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပါက တိုင်းပြည် အတွက် အသက်ပေါင်းများစွာ ပေးဆပ်နေရမည် ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ဘဏ္ဍာငွေများလည်း များစွာဆုံးရှုံးနေမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင်‌့ လက်နက်ကိုင်  အဖွဲ့များအား ထပ်မံတောင်းဆိုလိုသည်မှာ ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာပြီဖြစ်၍ လက်နက်နှင်‌့ ငြိမ်းချမ်းရေးလဲလှယ်နိုင်ရေး ဆောင်ရွက်ရန် မေတ္တာရပ်ခံအပ်ပါကြောင်းဖြင်‌့ ဆွေးနွေးတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝ မြှင်‌့တင် ရေးရာနှင်‌့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော် က ငြိမ်းချမ်းရေးလုပ်ငန်းများနှင်‌့ စပ်လျဉ်း၍ ဆွေးနွေးတင်ပြရာတွင် ကိုးကန့်ဒေသည် ကုန်းကြမ်း၊ လောက်ကိုင် မြို့နယ်နှစ်ခုဖြင်‌့ ဖွဲ့စည်းထားပြီး ကိုးကန့်၊ ပလောင်၊ လီဆူး၊ ရှမ်း၊ ဗမာ၊ “ ဝ”  ၊ကချင်စသည့် တိုင်းရင်းသားများ စုစုစည်းစည်း ညီညီညွတ်ညွတ် နေထိုင်သည့် ဒေသဖြစ်ပါကြောင်း၊ ထိုဒေသ၌ နေထိုင်ကြသည့် မျိုးနွယ်စု ခေါင်းဆောင်များ၏ အားပြိုင်မှု ပဋိပက္ခများကြောင့် မကြာခဏ ပြဿနာဖြစ်ပွားလေ့ရှိပါကြောင်း၊ သို့သော်လည်း တပ်မတော်၏ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့မှုကြောင်‌့ ကိုးကန့်ဒေသတွင် တည်ငြိမ် အေးချမ်းမှု ဖော်ဆောင်နိုင်ခဲ့ပါကြောင်း။

ယနေ့အချိန်တွင် ကိုးကန့်ဒေသ၌ မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက် ခဲ့ပါကြောင်း၊ ယင်းပြဿနာများ၏ အရင်းခံကို ကြည့်ပါက တိုင်းရင်းသားခေါင်းဆောင် အချို့၏ အာဏာရယူလိုမှု၊ အချင်းချင်းမနာလိုမှုနှင်‌့ ဖြတ်လမ်းမှ လိုက်ပါ လိုမှုများကြောင့် တည်ငြိမ်အေးချမ်းမှုများ ပျက်ပြားခဲ့ရခြင်းဖြစ်ကြောင်း၊ ယနေ့ ဤဒေသကို တည်ငြိမ် အေးချမ်းပြီး စည်ပင်ဖွံ့ဖြိုးအောင် တပ်မတော်သားများက အသက်သွေးချွေးကို ပဓာန မထားဘဲ တိုင်းပြည်နှင်‌့လူမျိုးအတွက် အားကြိုးမာန်တက်ဆောင်ရွက်နေသည်မှာ တိုင်းရင်းသားများအားလုံး မျက်မြင်ကိုယ်တွေ့ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံတွင် ခေတ်စနစ်များ ပြောင်းလဲခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော် များနှင့် နိုင်ငံသားများကလည်း လက်နက်ကိုင် ပဋိပက္ခများကို လက်နက်ဖြင်‌့ ဖြေရှင်း၍ မရဘဲ တွေ့ဆုံဖြေရှင်းသည့်နည်းလမ်းဖြင်‌့ ဆောင်ရွက်ရမည်ကိုနားလည်ပါကြောင်း၊ မိမိတို့ ဖြစ်စေချင်သည်ဆန္ဒများကို  တရားသောနည်းလမ်းဖြင်‌့ လွှတ်တော်၌ တောင်းဆိုနိုင်သော အခွင်‌့အရေးများရှိပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင်‌့ ကိုယ်ပိုင် အုပ်ချုပ်ခွင်‌့ရ ဒေသအသီးသီးတွင်လည်း ထိုက်သင်‌့သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင်‌့၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင်‌ျ‌့အရေးများလည်း ရရှိနေပြီ ဖြစ်ပါကြောင်းဖြင်‌့ ဆွေးနွေးတင်ပြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင်‌့ ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေ တို့က လောက်ကိုင်ဒေသတွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော စစ်သည်များအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်စိုး က လက်ခံသည်။

ထို့နောက် ဖူလီလိုက်ကုမ္ပဏီက စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော စစ်သည်များ အတွက် အလှူငွေကျပ်သိန်း(၁၀၀)ကိုပေးအပ်လှူဒါန်းရာ ဒုတိယတိုင်းမှူးက လက်ခံသည်။

ဆက်လက်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်စား ဒုတိယတိုင်းမှူးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် တပ်မတော်၏ နိုင်ငံကာကွယ်ရေး၊ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် တရားသောစစ်ပွဲ ဆောင်ရွက်ချက်များအပေါ် ပြည်သူအားလုံးက အမြဲထာဝရထောက်ခံ အားပေးသွားရန် လိုအပ်ပါကြောင်း၊ ဂုဏ်ပြုချီးကျူးထိုက်သူကို ချီးကျူးဂုဏ်ပြုမည် ဖြစ်ကြောင်း၊ လောက်ကိုင်ဒေသတွင် တရားသောစစ်ကိုဆင်နွဲရင်း ကျဆုံးသွားသော စစ်သည်များကို ဂုဏ်ပြုအလေးပြုပါကြောင်း၊ ကိုးကန့်ဒေသတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး အတွက် တပ်မတော်နှင်‌့အတူ ကိုးကန့်ဒေသမှ ပြည်သူများကလည်း လက်တွဲဆောင်ရွက် ကြရန်လိုကြောင်း၊ ထို့အတူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင်‌့ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တပ်မတော်ကို အင်အားတောင်‌့တင်းပြီး ခေတ်မီသည့် မျိုးချစ်တပ်မတော်ျဖြစ်ရုံသာမက ပြည်သူများက ချစ်ခင်လေးစားသည့် တပ်မတော်ဖြစ်အောင် ကြိုးစားဆောင်ရွက်ရန် မှာကြား လိုပါကြောင်းဖြင်‌့ ပြောကြားပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ဆက်လက်၍် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင်‌့အတူ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လားရှိုးမြို့ရှိ ကျဆုံးစစ်သည်ဂူဗိမာန်တွင်ကျင်းပသည့်  လောက်ကိုင်ဒေသ စစ်ဆင်ရေးတာဝန်ထမ်းဆောင်စဉ် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြသော အရာရှိ၊ စစ်သည်များအား လွမ်းသူ့ပန်းခွေချအလေးပြုခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လောက်ကိုင်ဒေသ စစ်ဆင်ရေးတွင် ကျဆုံးသွားသော အရာရှိ၊စစ်သည်များ၏ ဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေ ချသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင်‌့ အဖွဲ့ဝင်များသည် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ကျဆုံးသွားသော အရာရှိ၊စစ်သည်များအား အလေးပြုပြီး မေတ္တာပို့အမျှဝေကြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် အခမ်းအနားသို့ တက်ရောက်လာ ကြသည့် အရာရှိ၊စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကား ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင်‌့ အဖွဲ့ဝင်များသည် လားရှိုးမြို့မှ လေကြောင်းခရီးစဉ်ဖြင်‌့ ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။

လားရှိုး၊ ၂၀၁၅ ခုနှစ်၊ မေလ ၂၃ ရက်

Standard (Image)