ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန် အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန် အား ၂၀၁၅ ခုနှစ် မေလ ၂၁ ရက်နေ့ ညနေ ၄ နာရီချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က လွှတ်တော်သို့လာရောက်ပြီး တွေ့ဆုံသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေသည်ကို အဆွေတော်တို့ အသိပင် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသည် လွယ်ကူစွာဆောင်ရွက်ရသည့် လုပ်ငန်းများ မဟုတ်သော်လည်း မည်သည့်အခက်အခဲ ကိုမဆို ရင်ဆိုင်ကျော်လွှား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်နေချိန်တွင် အမေရိကန်ပြည်ထောင်စု က စီးပွားရေးပိတ်ဆို့မှု တစ်နှစ် ထပ်မံတိုးမြှင့်သည်ကို ကြားသိရသည့်အတွက်လည်း များစွာ စိတ်မကောင်းဖြစ်မိပါကြောင်း၊ မိမိအနေဖြင့်လည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို အစဉ်တစိုက် ကန့်ကွက်ခဲ့ပါကြောင်း၊ အနာဂတ်ကာလတွင် ရွှင်လန်းချမ်းမြေ့စေမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ စီးပွားရေး ပိတ်ဆို့ဆောင်ရွက်မှုများသည် မိမိနိုင်ငံ ပြည်သူများအပေါ် များစွာရိုက်ခတ်၍ ဆင်းရဲ ဒုက္ခများ ရောက်စေပါကြောင်း၊ လွှတ်တော်တွင် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအတွက် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီကိုလည်းကောင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်များ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးအတွက် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို လည်းကောင်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေး တိုက်တွန်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်းတွင်းငြိမ်းချမ်းရေးရရှိရေးတို့နှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ မိမိတို့ အနေဖြင့် ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်ပြီး ပြောင်းလဲသင့်သည်များကို ပြောင်းလဲရန်နှင့် ထားရှိသင့်သည်များကို ထားရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပင်လယ်ရေကြောင်းခရီးဖြင့် တရားမဝင် ရွှေ့ပြောင်းသွားလာသည့် လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ ဒေသတွင်းနိုင်ငံများအားလုံး ပါဝင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လွှတ်တော်အနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့်ထပ်တူ စိုးရိမ်မှုများရှိပြီး လူသားချင်းစာနာထောက်ထားသော ရှုထောင့်မှ ပူးပေါင်းကူညီဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေဖြင့်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ ကော်မတီအတွင်းရေးမှူး ဦးဝင်းသန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုနိုင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အမေရိကန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Derek Mitchell လည်း တက်ရောက်သည်။

၂၀၁၅ ခုနှစ် မေလ ၂၁ ရက်

 


 

Standard (Image)