ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အဖွဲ့သည် မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်းနှင့် မေလ ၆ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် နယူးယောက်မြို့ WYNDHAM GARDEN အဆောက်အအုံ (၅) လွှာရှိ မြန်မာ-အမေရိကန် ကုန်သည်ကြီးများရုံးချုပ်၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယက က ယခုအချိန်သည် မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျှက်ရှိနေပါကြောင်း၊ အမေရိကန်စီးပွားရေးလုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း၊ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်း ဆောင်ရွက်ခြင်းမှတဆင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေမှာဖြစ်ပါကြောင်းဖြင့်ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူလွှတ်တော် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးလှမြင့်ဦး၊ ဒေါက်တာဝင်းမြင့်၊ ဦးဝင်းသန်း၊ ဦးသိန်ထွန်း၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲအပြီး၌ ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့သည် အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
၂၀၁၅ ခုနှစ် မေလ ၈ ရက်
