ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် မေလ ၅ ရက်နေ့ ညနေ ၄ နာရီတွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် Mr. Ban Ki-moon နှင့် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက နှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးလှမြင့်ဦး၊ ဒေါက်တာ ဝင်းမြင့်၊ ဦးဝင်းသန်း၊ ဦးသိန်းထွန်း၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် နှင့်အတူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Mr. Vijay Nambiar နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီး၌ ပြည်ထောင်စုလွှတ်တော်နာယက နှင့် ကိုယ်စားလှယ်အဖွဲ့သည် အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပြီး ကုလသမဂ္ဂရုံးချုပ်အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
၂၀၁၅ ခုနှစ် မေလ ၆ ရက်
