အမေရိကန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့ Carnegie Endowment ရုံးချုပ်၌ ကျင်းပပြုလုပ်သည့် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော် နာယက က ပြောကြားရာတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် အရေးကြီးပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရေးအတွက် လက်ရှိအစိုးရ၊ လွှတ်တော်အသီးသီးနှင့် ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း ပါဝင်ကြရန်လိုကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံတကာရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့များအားလည်း ဖိတ်ခေါ်ထားရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။
၎င်းနောက် ဆွေးနွေးပွဲ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုလွှတ်တော် နာယက မှ ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက နှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးလှမြင့်ဦး၊ ဦးဝင်းသန်း၊ ဒေါက်တာဝင်းမြင့်၊ ဦးသိန်းထွန်း၊ အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးများမှ ဝန်ထမ်းများ၊ တက္ကသိုလ်ကောလိပ်များမှ ပါမောက္ခ၊ ဆရာ/ဆရာမများ၊ ဘွဲ့လွန်ကျောင်းသား/ကျောင်းသူများ၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက်များ၊ NGO နှင့် CSO အဖွဲ့အစည်းများမှ စုစုပေါင်း (၁၈၄) ဦး တက်ရောက်ခဲ့ကြသည်။
၂၀၁၅ ခုနှစ် မေလ ၄ ရက်
