ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် ကနေဒါနိုင်ငံဆိုင်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Hon. Bryon Wilfert ဦးဆောင်သည့် ကနေဒါနိုင်ငံပါလီမန်ဆိုင်ရာစင်တာ ကိုယ်စားလှယ်အဖွဲ့နှင့် IDEA အဖွဲ့တို့အား ၂၀၁၅ ခုနှစ် မတ်လ ၁၈ ရက် ညနေ(၄)နာရီ (၄၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-1)၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ နိုင်ငံတကာဆံဆက်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးထင်ဇော်၊ ဦးအောင်မြင့်ထွန်း၊ ဒေါ်အေးအေးမူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ Parliamentary Centre မှ Mr. Ivo Balinov ၊ Mr. John Karalis IDEA မှ Mr. Jorge Valladores Molheda ၊ Mr. Joost Sneller နှင့် Maw Day Myar တို့လည်းတက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံလွှတ်တော်များ၏ ဥပဒေပြုရေးဆိုင်ရာ အခန်းကဏ္ဍနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ လက်ရှိမြန်မာနိုင်ငံ၏ ပကတိအခြေအနေ ဖွံ့ဖြိုးတိုးတက်မှုနှင့် လွှတ်တော်များ၏ လုပ်ငန်းတာဝန်များကို ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး၊ ထို့အတူ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် ကနေဒါနိုင်ငံအနေဖြင့် လွှတ်တော်အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များကို လက်တွဲပူးပေါင်း ပါဝင်ကူညီ ဆောင်ရွက်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
၂၀၁၅ ခုနှစ် မတ်လ ၁၉ ရက်
