ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတဟောင်း H.E.Mr.Fidel V.Ramos ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတဟောင်း H.E.Mr.Fidel V. Ramosဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ၂၀၁၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆွေတော် ဖိလစ်ဖိုင်သမ္မတဟောင်း     Mr. Fidel V. Ramos ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ အဆွေတော်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတတာဝန် ထမ်းဆောင်ခြင်းမပြုမီ ဖိလစ်ပိုင် တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ ကာကွယ်ရေးဦးချုပ် တစ်ဦးအနေဖြင့် ဖိလစ်ပိုင်တပ်မတော်ကို ပိုင်နိုင်စွာ ဦးစီးကွပ်ကဲ၍ စစ်သည်တော်များနှင့် ပြည်သူလုထု၏ ချစ်ခင်မှုကို ရယူနိုင်ခဲ့ပါကြောင်း။

ထို့အပြင် အဆွေတော်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံရေးလောကထဲသို့ ရောက်ရှိပြီး နိုင်ငံတော် သမ္မတတာဝန်ကို ၁၉၉၂ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ (၆)နှစ်ကြာ ထမ်းဆောင်ခဲ့သည့် အချိန် တွင်လည်း ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးအား နိုင်ငံတကာတွင် ယုံကြည်မှုပြန်လည်ရရှိရန်နှင့် ပြန်လည်ရှင်သန် နိုးထလာစေရန်တို့အတွက် ဆောင်ရွက်နိုင်ခဲ့သည်ဟု လူအများမှ အသိအမှတ်ပြု လေးစားခြင်းခံခဲ့ရပါကြောင်း၊ အဆွေတော်သမ္မတ တာဝန်ထမ်းဆောင်စဉ် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေးတို့အတွက် ပြုလုပ်ချမှတ်ခဲ့သော မူဝါဒများနှင့် အစီအစဉ် များကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေး လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုများ  ဖြစ်ပေါ်လာခဲ့ပါကြောင်း၊  ပြည်သူများ၏ ချစ်ခင်လေးစားမှု၊ ဒေသတွင်းနိုင်ငံများ၏ ချစ်ခင် လေးစားမှု၊ ကမ္ဘာ့အသိုက်အဝန်း၏ ချစ်ခင်လေးစားမှုများ ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ဂုဏ်ယူလေးစားခဲ့ရပါကြောင်း။

ယနေ့မြန်မာနိုင်ငံကို ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို တည်ဆောက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျှော်လင့်ထားသည်ထက် စိန်ခေါ်မှုများ များစွာကြုံတွေ့ရပါကြောင်း၊ ဤအခြေအနေနှင့် အချိန်အခါမျိုးတွင် အဆွေတော် လာရောက်လည်ပတ်၍ အမြင်ချင်းဖလှယ်ခြင်း၊ အတွေ့အကြုံ ကောင်းများနှင့် အကြံဉာဏ်ကောင်းများပေးခြင်းသည် မည်သည့်အခက်အခဲကိုမဆို ရင်ဆိုင် ကျော်လွှားပြီး ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ဆောင်ရွက်ရန် ဆုံးဖြတ်ထားမှုကို ပိုမိုခိုင်မာ စေပြီး ယုံကြည်မှုရှိလာပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဖိလစ်ပိုင်သမ္မတဟောင်း Mr. Fidel V. Ramos က ပြောကြားရာတွင် ယနေ့ မျက်မှောက်ကမ္ဘာ၏ နိုင်ငံရေး၊ စီးပွားရေး အနေအထားသည် ပြောင်းလဲနေသည်ဖြစ်၍ မိမိတို့ ဒေသတွင်း နိုင်ငံများသည်လည်း စည်းစည်းလုံးလုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်သင့်ပါကြောင်း၊ ယခုအခါ နိုင်ငံများတွင် သဘာဝပတ်ဝန်းကျင် ဖောက်ပြားခြင်းနှင့် အခြားသော အထွေထွေ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရသည့်ကာလ ဖြစ်ပါကြောင်း၊

ယနေ့ မြန်မာနိုင်ငံသည် သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံသည် နုနယ်သော ဒီမိုကရေစီစနစ် ကျင့်သုံးသည့်နိုင်ငံဟု ဆိုနိုင်သော်လည်း မိမိတို့ ဖိလစ်ပိုင်နိုင်ငံသည်ပင်လျှင် မိမိတို့ကိုယ်မိမိတို့ နုနယ်သေးသော ဒီမိုကရေစီနိုင်ငံအဖြစ် ခံယူထားပါကြောင်း၊ စဉ်ဆက်မပြတ် ရေရှည်တည်တံ့နိုင်သော ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်နေသေးသည်ဟု ခံယူထားပါကြောင်း။

မိမိအနေဖြင့် အာဆီယံနှင့် အာရှ- ပစိဖိတ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေး၊ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ထွန်းကားရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သံတမန်ရေး လုပ်ငန်း (၃)ရပ် အား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Sustainable Development (စဉ်ဆက်မပြတ် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ခြင်း) ရှိရန်သည် အရေးကြီးဆုံး အပိုင်းဖြစ်ပါကြောင်း၊ ပြည်သူတစ်ရပ်လုံး၏ လိုအပ်ချက်များပြည့်ဝရေး၊ ပျော်ရွှင်ရေး နှင့် မျှော်လင့်ချက်များရှင်သန်ရေးသည် အရေးကြီးပါကြောင်း။

နိုင်ငံတစ်နိုင်ငံအနေဖြင့် လွတ်မြောက်ရှင်သန်ရန်၊ ထိုးဖောက်ရန်နှင့် ရှေ့သို့ ဆက်လက် ချီတက်ရန်မှာ အလွန်ပင် အရေးကြီးပါကြောင်း၊ မိမိတို့၏လက်ဝယ်တွင်ရှိသော အကူအညီ သယံဇာတများအား အကောင်းဆုံးအခြေအနေရရန် မည်သို့စီမံ ဆောင်ရွက်ရမည်ဆိုသည် မှာလည်း အရေးပါကြောင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူများ ပူးပေါင်းပါဝင်မှုသည် အဓိကကျပါကြောင်း၊ အဆွေတော်၏ ကောင်းမွန်သည့် အကြံဉာဏ်များ ရရှိသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း ဖြင့်ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမောင်ဦး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဖိလစ်ပိုင်သမ္မတဟောင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Alex G.Chua လည်း တက်ရောက် ခဲ့သည်။ 

တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဧည့်သည်တော် ဖိလစ်ပိုင်သမ္မတဟောင်း တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ 

၂၀၁၅ ခုနှစ်၊ မတ်လ ၁၂ ရက်

Standard (Image)