ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် (၉) နာရီတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် စည်ပင်သာယာခန်းမတွင် ကျင်းပသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖြူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့တက်ရောက်၍ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့််ခွဲရေးကော်မတီ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူ ပြုကော်မတီများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ်များမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မိမိဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကိစ္စရပ်များကို ဆောင်ရွက်နေကြရသည့် ပုဂ္ဂိုလ်များဖြစ်သည့်အတွက် မိမိတို့၏ တာဝန်၊ လုပ်ပိုင်ခွင့်များကို သေသေချာချာ နားလည်သဘောပေါက်ပြီး ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ပို၍ပို၍ စည်ပင်သာယာ လာအောင် မှန်မှန်ကန်ကန် စနစ်တကျ အသုံးချရမည်ဖြစ်ပါကြောင်း၊ ယနေ့အချိန် ကာလသည် ယခင်ကထက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ ရှိပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ပြည်သူများက ရွေးချယ် ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သည်နှင့်အညီ မိမိရပ်ကွက်၊ ကျေးရွာကို မှန်ကန်မျှတစွာ စီမံအုပ်ချုပ်ရန် လိုအပ်ပါကြောင်း။
မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိဇာတိ၊ မိမိမွေးရပ်မြေကဲ့သို့သဘောထားပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း မြို့နယ်အတွင်းတွင် ဖွဲ့စည်းထားသည့် မြို့နယ်အထောက်အကူပြု ကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီများလည်းရှိပါကြောင်း၊ မိမိမြို့နယ် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အောက်ခြေကိုအခြေခံပြီး ဖွဲ့စည်းထားသည့် ကော်မတီများကလည်း ဆောင်ရွက် နေကြပါကြောင်း၊ နိုင်ငံသားများသည် နိုင်ငံတော်ကို သစ္စာစောင့်သိရမည်ဖြစ်ပြီး နိုင်ငံတော်ကာကွယ် စောင့်ရှောက်ရေး တွင်လည်း ပါဝင်ကြရမည်ဖြစ်ကြောင်း၊ ယင်းတို့ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားပါကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံသားတိုင်းသည် မိမိနိုင်ငံ ကာကွယ်ရေးအတွက် တာဝန်ရှိပါကြောင်း၊ ထို့အတူ နိုင်ငံသားများဖြင့် ဖွဲ့စည်းထားသည့် ဝန်ထမ်းများသည်လည်း မိမိတာဝန်ကို တာဝန်ယူ၊ တာဝန်ခံဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။
တာဝန်ယူဆောင်ရွက်ရာတွင်လည်း စိတ်ကောင်းစေတနာထား၍ ဥပဒေနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိရပ်ကွက်၊ ကျေးရွာအတွင်းတွင်ရှိသည့် ပြည်သူများ၏ လိုလားချက်များကို အဆင့်ဆင့် တင်ပြကူညီဖြေရှင်းဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ပြည်သူများ၏လိုအပ်ချက်၊ ဆန္ဒသဘောထား၊ အခွင့်အရေးကိုရယူ၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ယခုအခါ အေးချမ်းသာယာပြီး ခေတ်မဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ရေးဆိုသည့် တူညီသည့်ရည်မှန်းချက်များ ထားရှိဆောင်ရွက်နေချိန် ဖြစ်ပါကြောင်း၊ မိမိတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးဖြစ်ထွန်းစေမည့် ဥပဒေများပြဋ္ဌာန်းပြီး ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို တည်ဆောက်နေပါကြောင်း၊ တူညီသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် နိုင်ငံတော်အစိုးရနှင့် လွှတ်တော်တို့တွင် တာဝန်ရှိသည် မဟုတ်ဘဲ ပြည်သူများပူးပေါင်းပါဝင် အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း။
ပြည်သူများ၏လိုအပ်ချက်များကို လွှတ်တော်များတွင် တင်ပြတောင်းဆိုနိုင်ပါကြောင်း၊ မိမိမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအတွက် ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် တူညီသည့်ရည်မှန်းချက်ဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်မည်ဆိုပါက ဖွံ့ဖြိုးတိုးတက်လာမည်မှာ သေချာပါကြောင်း၊ ဖြူးမြို့နယ်သည် ရေခံမြေခံကောင်းသော မြို့နယ်ဖြစ်ပြီး နိုင်ငံရေးနှင့်ပတ်သက်၍ တက်ကြွစွာပါဝင်ဆောင်ရွက်ကြပါကြောင်း၊ လူမှုရေးဘက်တွင်လည်း နိုးကြားမှုရှိပါကြောင်း၊ စီးပွားရေးဘက်တွင်လည်း သဟဇာတ ဖြစ်ပါကြောင်း၊ လူဦးရေ နှစ်သိန်းငါးသောင်းကျော်ရှိသည့် မြို့ဖြစ်ပြီး မြေသယံဇာတ၊ ရေသယံဇာတ၊ သစ်တောသယံဇာတ ကောင်းမွန်သည့် နေရာဒေသ တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိဒေသကို မှန်မှန်ကန်ကန်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ပြည်သူ့ဆန္ဒကို အလေးထား၍ စေတနာ၊ မေတ္တာ၊ သစ္စာတရားတို့ဖြင့် မိမိဒေသကို ဥပဒေနှင့်အညီ အုပ်ချုပ်ရန်နှင့် စေတနာမှန် လုပ်နည်းလုပ်ဟန်မှန် ဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဦးတင်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုး ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့် လိုအပ်ချက်များကိုတင်ပြကြရာ ပြည်ထောင်စုလွှတ်တော်နာယက က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက သည် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်သည်။
ပြည်ထောင်စုလွှတ်တော်နာယကသည် ဖြူးမြို့ မြို့မအနောက်ရပ်ကွက်ရှိ ဖြူးမြို့နယ်ခန်းမ တည်ဆောက်ရေးစီမံကိန်းရှင်းလင်းဆောင်သို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိပြီး တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုသည်။
ယင်းနောက် ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့သို့ရောက်ရှိကာ အောင်တော်မူ ပိဋကတ်တိုက် တည်ဆောက်မည့် မြေနေရာနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ကြည့်ရှုပြီး ငါးထပ်ကြီးဘုရားအား ဝင်ရောက်ဖူးမြော်ကြည်ညိုသည်။
၂၀၁၅ ခုနှစ် မတ်လ ၁ ရက်
