ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေး ကျင်းပ

ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဦးဆောင်ကျင်းပသည့် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ ပြည်သူ့လွှတ်တော် C ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ရှေးဦးစွာ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်မှဆောင်ရွက်ရန် ကျန်ရှိနေ ပါကြောင်း သို့ဖြစ်ပါ၍ တက်ရောက်လာကြသည့် အသိပညာရှင်များ၊ အတတ် ပညာရှင်များအနေဖြင့် အားလုံး အပြုသဘော ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ပေးကြဖို့ မေတ္တာရပ်ခံပါကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ကျန်ရှိနေသော အကြောင်းအရာများကို တက်ရောက်လာသော အသိပညာရှင်များ၊ အတတ်ပညာရှင် များက ယင်းဥပဒေကြမ်း၏ အပိုဒ် တစ်ပိုဒ် ချင်းစီကို ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး ကြသည်။

ထို့နောက် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖံံွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌမှ ရှင်းလင်း ဆွေးနွေးချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့သည်။

အဆိုပါ ဥပဒေကြမ်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း၊ အတွင်းရေးမှူးဦးဝင်းမြင့်၊ ကော်မတီအဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များနှင့် ဘဏ် လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘဏ်များအသင်းနှင့် ကျွမ်းကျင်ပညာရှင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြပြီး မြန်မာနိုင် ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးလည်း တက်ရောက်ခဲ့သည်။

ဆက်လက်၍ ယင်းဥပဒေကြမ်းပါ အကြောင်းအရာများကို ပုဒ်မတစ်ခုချင်းစီအလိုက် ဆွေးနွေး သွား မည်ဖြစ်၍ အဆိုပါဥပဒေကြမ်း ညှိနှိုင်းအစည်းအဝေးကို ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်ပြနိုင်သည်အထိ ဆက်လက်ဆောင်ရွက် သွား မည်ဖြစ်သည်။

၂၀၁၅ ခုနှစ် မေလ ၁၈ ရက်

Standard (Image)