ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် မေလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသ ကြီး ကျောက်တံခါးမြို့ ဥတ္တမာရုံစာသင်တိုက်၌ ကျောက်တံခါးမြို့နယ်မှ ဒေသခံပြည်သူများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းတင်၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်လူမှုရေး အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ကျောက်တံခါးဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ လုပ်ဆောင်ကြမည်၊ မည်သို့စီမံဆောင်ရွက်ကြမည်ကို စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ မြို့နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ နှင့် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီများ၌ ပါဝင်ကြသည့် ဝန်ထမ်းများအနေဖြင့် ကိုယ့်မြို့ကိုယ့်ဒေသကဲ့သို့ သဘောထားကြီးပြီး ဆောင်ရွက်ပေးကြရန် လိုကြောင်းဖြင့် မှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များနှင့် မြို့မိမြို့ဖများက ဒေသဖွံ့ဖြိုးရေးနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း က တင်ပြချက်များအပေါ် ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့သည်။
တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
တွေ့ဆုံပွဲမစတင်မီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ဥတ္တမာရုံစာသင်တိုက်၌ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ပဲနွယ်ကုန်း ဓမ္မရတနာကျောင်းတိုက်ဆရာတော် အမှူးပြုသော ဆရာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်အတူ ညောင်လေးပင်မြို့သို့ ရောက်ရှိပြီး သီရိရတနာခန်းမ၌ ဒေသခံပြည်သူများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ယခုကဲ့သို့ ညောင်လေးပင်မြို့ကို ရောက်ရှိပြီး လုပ်ဖော်ကိုင်ဖက်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခွင့်ရ၍ ဝမ်းမြောက်ပါကြောင်း၊ ပြည်သူများ၏ဆန္ဒ၊ လိုအပ်ချက်များကို လွှတ်တော်အတွင်း၌ မေးခွန်းများမေးမြန်းခြင်း၊ အဆိုများဆွေးနွေးခြင်းများဖြင့် ဥပဒေအရ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ညောင်လေးပင်မြို့မှ ပြည်သူများနှင့် တွေ့ဆုံခြင်းသည် လွှတ်တော်ကိုယ်စားလှယ်များ ကြားမခံဘဲ ပြည်သူ့အသံကို လာရောက်နားထောင်ခြင်းပင် ဖြစ်ပါကြောင်း။
ပြည်ထောင်စုလွှတ်တော်မှာ တစ်နှစ်လျှင် (၈) လခန့် လွှတ်တော်လုပ်ငန်းများ လုပ်ဆောင်ပြီး ကျန် (၄) လတွင် မဲဆန္ဒနယ်မြေများသို့ သွားရောက်၍ မဲဆန္ဒရှင်များကို ပြန်လည်ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ လွှတ်တော်များသည် ဥပဒေပြုရေးလုပ်ငန်းများကို ထမ်းဆောင်သည့်အပြင် ဥပဒေပြုရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေး မဏ္ဍိုင်ကြား အပြန်အလှန် ထိန်းကျောင်းခြင်းနှင့် နိုင်ငံတကာနှင့် ဆက်ဆံခြင်း လုပ်ငန်းများ လုပ်ဆောင်နေပါကြောင်း၊ ယနေ့တွေ့ဆုံပွဲတွင် တင်ပြချက်များအပေါ် မှတ်သားပြီး ချက်ချင်းဆောင်ရွက်ပေးနိုင်သည့် ကိစ္စများကို ချက်ချင်းလုပ်ဆောင်ပေးမည်ဖြစ်ပြီး အချိန်ယူဆောင်ရွက်ရမည့်ကိစ္စများကို အချိန်ယူဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ရှေ့ဆက်မည့် ခရီးစဉ်၌လည်း ညှိညှိနှိုင်းနှိုင်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း နှင့် ညောင်လေးပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့် တို့က တင်ပြချက်များအပေါ် ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း(အငြိမ်းစား)က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
တွေ့ဆုံပွဲမစတင်မီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သည် ညောင်လေးပင်မြို့ ခင်တန်းကျောင်း ပရိယတ္တိစာသင်တိုက်၌ မဒေါက်မြို့ ပန်းငွေရုံကျောင်းတိုက်ဆရာတော် အမှူးပြုသော ဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များကို လျှောက်ထားခဲ့သည်။
၂၀၁၅ ခုနှစ် မေလ ၁၈ ရက်
