ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီ ဝင်နှင့် နိုင်ငံတော်ကောင်စီ အထွေထွေအတွင်းရေးမှူး မစ္စတာ ယန်ကျင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၅ ခုနှစ် မေလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော သူရဦးအေးမြင့်၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် နိုင်ငံတော်ကောင်စီ အထွေထွေအတွင်းရေးမှူး နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် လည်း တက်ရောက်ခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
၂၀၁၅ ခုနှစ် မေလ ၁၃ ရက်
