ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကညွတ်ကွင်းနှင့် ဖြူးမြို့တို့၌ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှု

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ မော်တော် ယာဉ်များဖြင့် ထွက်ခွာခဲ့ရာ ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့သို့ နံနက် ၉ နာရီတွင် ရောက်ရှိသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ ကွင်း အမှတ် (၁၈၈-ဂ/ဃ) ၌ ကွန်းချောင်းလျှပ်စစ်ရေတင်ကို အသုံးပြု၍ အဆင့်မြင့် လယ်ယာမြေ (၃၀၇ ဒသမ ၃၃) ဧက ဖော်ထုတ်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းပြီးစီးမှု အခြေအနေကို ရှင်းလင်း တင်ပြကြ သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဉာဏ်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ကညွတ်ကွင်းမြို့ မြို့မခန်းမ တည် ဆောက်မည့် မြေနေရာကို ကြည့်ရှုသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ကညွတ်ကွင်းမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး တာဝန်ကျ ဆရာဝန်၊ သူနာပြုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ကညွတ်ကွင်းမြို့ ဓမ္မာရုံ တည်ဆောက်မှု လုပ်ငန်းကို ကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ဖြူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး တိုးချဲ့လူနာဆောင် တည်ဆောက်မှုလုပ်ငန်းကို ကြည့်ရှုကာ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဖြူးမြို့နယ် မြို့တော်ခန်းမ တည်ဆောက်မှုစီမံကိန်းသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက လုပ်ငန်းပြီးစီးမှု အခြေအနေကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်စံချိန်စံညွှန်း ပြည့်မှီ ရေးနှင့်သတ်မှတ်ကာလအတွင်း ပြီးစီးရေး မှာကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဖြူးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၅ ရက်

Standard (Image)