ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာလွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ကူမင်းမြို့၌လေ့လာ

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာလွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ် ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာန ဒုတိယဝန်ကြီး Mr. Chen Fengxiang ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မဒမ် ကျိုးဟုန် တို့နှင့်အတူ ဧပြီလ ၂၈ ရက် နံနက်ပိုင်းတွင် ချိန်ကုန့်မြို့သစ်ရှိ လူမှုဝန်ထမ်းနှင့် အလုပ်အကိုင်ရှာဖွေရေးဌာနသို့ သွားရောက်ကြည့်ရှုလေ့လာကြရာ ညွှန်ကြားရေး မှူး မစ္စတာ ကျိုးလီရွှယ် က ကြိုဆိုခဲ့ပြီး သိရှိလိုသည်များကို လိုက်လံရှင်းလင်း ပြသခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယကနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ စိုက်ပျိုးရေးဆိုင်ရာ ယဉ်ကျေးမှုပြတိုက်သို့ ရောက်ရှိကြပြီး ပြတိုက် ဒုတိယ အထွေထွေမန်နေဂျာ မစ္စလီလီမင် က စိုက်ပျိုးရေးဆိုင်ရာ ယဉ်ကျေးမှုပြတိုက် အတွင်း လိုက်လံရှင်းလင်း ပြသခဲ့သည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကနှင့်အဖွဲ့သည် CHENNONG စိုက်ပျိုးရေး လုပ်ငန်းစုသို့ ဆက်လက်ထွက်ခွာခဲ့ရာ ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ လီယွင်စစ် က စိုက်ပျိုးသီးနှံများ ထုတ်လုပ် ဖြန့်ဖြူးတင်ပို့မှုနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြ သည်။ ထို့နောက် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် CHENNONG စိုက်ပျိုးရေးလုပ်ငန်းစု ၏ ဇီဝနည်းပညာ စိုက်ပျိုးရေးပြခန်းအား လှည့်လည်ကြည့်ရှု လေ့လာခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယကနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ ယူနန်တိုင်းရင်းသားကျေးရွာသို့ရောက်ရှိပြီး တိုင်းရင်းသားရိုးရာ အကများဖြင့် ကြိုဆိုခဲ့ကြသည်။ ချစ်ကည်ရေးကိုယ်စားလှယ်အဖွဲ့သည် တိုင်းရင်းသား ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုကာ မူဆိုး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့၏ ကပြဖျော်ဖြေမှုအား ကြည့်ရှု အားပေးခဲ့သည်။

၂၀၁၅ ခုနှစ် ဧပြီလ ၃၀ ရက်

Standard (Image)