ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သံရုံးမိသားစုများနှင့်တွေ့ဆုံ

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တွင် ရောက်ရှိနေသော ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးလှမြင့်ဦး၊ ဒေါက်တာ ဝင်းမြင့် ၊ ဦးဝင်းသန်း၊ ဦးသိန်းထွန်း နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၂ ရက်နေ့ ည(၇)နာရီချိန်တွင် ဝါရှင်တန် ဒီစီမြို့ရှိ မြန်မာသံအမတ်ကြီးနေအိမ်၌ သံရုံးမိသားစုများနှင့် တွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော်နာယက နှင့် အဖွဲ့အား အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်၊ မြန်မာစစ်သံမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဦးကျော် နှင့် သံရုံးမိသားစုများက ကြိုဆိုကြသည်။

သံရုံးမိသားစုများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယက က မည်သည့်နေရာတွင် ရောက်ရှိ တာဝန်ထမ်းဆောင်သြည်ဖစ်စေ မိမိတို့သည် မြန်မာလူမျိုးများပင် ဖြစ်ကြပါကြောင်း၊ ယခု အချိန်တွင် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်အား ဖော်ဆောင်လျှက်ရှိနေပြီး မြန်မာ နိုင်ငံသားများအနေဖြင့် ကျရာအခန်းကဏ္ဍတွင် ပူးပေါင်းပါဝင်ကြရန်နှင့် အမေရိကန်အစိုးရ အနေ ဖြင့်လည်း အမေရိကန်ရောက် မိမိနိုင်ငံသားများအား ကူညီစောင့်ရှောက်ပါရန် တိုက်တွန်းပါ ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက သည် မြန်မာသံအမတ်ကြီးနေအိမ်ရှေ့၌ စောင့်ဆိုင်းနေကြသော မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး အိတ်ဖွင့် ပေးစာတစ်စောင်အား လက်ခံရယူခဲ့သည်။

၂၀၁၅ ခုနှစ် မေလ ၅ ရက်

Standard (Image)