ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ယနေ့ နံနက်(၉)နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာစက်မှုမြို့ ကနောင်ခန်းမ၌ လှိုင်သာယာစက်မှုဇုန်မှ အလုပ်ရှင်၊ အလုပ်သမားများအား တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင် နှင့် ဒေါ်ဝင်းမော်ထွန်း၊ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူများ၊ လှိုင်သာယာ စက်မှုဇုန်မှ အလုပ်ရှင်နှင့် အလုပ်သမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က လှိုင်သာယာစက်မှုဇုန်မှ အလုပ်ရှင်နှင့် အလုပ်သမားများအား တွေ့ဆုံရန် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ပထမအကြိမ် လာရောက်ခဲ့ ပါကြောင်း၊ ထပ်မံတွေ့ဆုံရန် စိတ်ဆန္ဒ ပြင်းပြနေချိန်၌ စက်မှုဇုန် ကော်မတီ၏ ဖိတ်ကြားမှုအရ ဒုတိယ အကြိမ် ရောက်ရှိလာခြင်းဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း၊ ယနေ့ကာလသည် မိမိတို့နိုင်ငံ ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့်နိုင်ငံတော်ကြီးဖြစ်ထွန်းလာရေး ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဖော်ဆောင် နေချိန်ဖြစ်ပါကြောင်း၊ အခွင့်သာခိုက်တွင် အခြား နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်အောင် တည်ဆောက်ပေးရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင် ရွက်ရာတွင် ရိုးသား၊ ကြိုးစား၊ ပြည်သူ့အားဖြင့် တည်ဆောက်ရန် လိုအပ်ပါကြောင်း။
ပြည်သူများဟု ဆိုရာတွင် နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက အလုပ်ရှင်၊ အလုပ် သမားများ၊ တောင်သူ လယ်သမားများနှင့် အခြားအခြားသော အလုပ်သမားများ ပါဝင် ပါကြောင်း၊ အဆိုပါ အလုပ် သမားများ ထိုက်သင့်သည့် ဝင်ငွေရရှိရန် လိုအပ်သကဲ့သို့ ၎င်းတို့ကို မှီခိုနေရသည့် သက်ကြီး ရွယ်အိုနှင့် မိသားစုဝင်များ၏ စားဝတ်နေရေး အတွက်လည်း စဉ်းစားပေးရမည်ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အကြောင်းအရာ(၄)ခု ပါဝင်သည့် အရေးကြီးအဆို တင်သွင်းခဲ့ပါကြောင်း။
ယင်းအဆိုတွင် နိုင်ငံ့ဝန်ထမ်းများ ကိုယ့်ဂုဏ်ကိုယ့်သိက္ခာနှင့်အညီ လစာတိုးမြှင့် ရရှိရေး၊ တစ်နိုင်ငံ လုံး၏ (၇၀)ရာခိုင်နှုန်းသော တောင်သူလယ်သမားများ၏ အကျိုးစီးပွား ကာကွယ်ရေးနှင့် မြှင့်တင် ရေး ဥပဒေအရ ဥပဒေပါ အခွင့်အရေးများ ခံစားခွင့်ရရှိရေး၊ အလုပ်သမားများ၏ လုပ်ခလစာကို အနည်းဆုံးအခကြေးငွေဥပဒေနှင့်အညီ ဆောလျင်စွာ သတ်မှတ်ပေးရေး၊ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ထိုက်သင့် သည့် ချီးမြှင့်ငွေရရှိရေးအချက်များ ပါဝင်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်၏ တိုက်တွန်း တောင်းဆိုချက်အရ နိုင်ငံ့ဝန်ထမ်းများနှင့် ပင်စင်စားများအား နိုင်ငံတော်၏ ဓနအင်အား ပေါ်မူတည်၍ လစာတိုးမြှင့်ပေးနိုင်ခဲ့ကြေင်း၊ မျှော်လင့်သလောက် မဖြစ်သော် လည်း ထိုက်သင့်သလောက် ဖြည့်ဆည်းပေးနိုင်ခဲ့ပါကြောင်း။
ယခုအခါ အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေသတ်မှတ်ပေးရန် ပြင်ဆင် ဆောင်ရွက်နေသည်ဟု သိရှိရပါကြောင်း၊ တောင်သူလယ်သမားများအတွက် ဆောင်ရွက်ပေး နိုင်ခဲ့သလို အလုပ်သမားများအတွက်လည်း လုပ်ဆောင်ပေးရန် ကျန်ရှိနေပါကြောင်း၊ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ဆုံခဲ့စဉ်က အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရကိုယ်စားလှယ်များ ညှိနှိုင်းမှုအရ အချို့ကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ခဲ့၍ ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ ပြန်လည်တွေ့ဆုံစဉ် ဖြေရှင်းရန်ကျန်ရှိသည့် ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရမည်ဟု ခံယူပါ ကြောင်း၊ ဒီမိုကရေစီစနစ်ဆိုသည်မှာ အများဆန္ဒ အရ တစ်ဖက်နှင့် တစ်ဖက် အပေးအယူ လုပ်ဆောင်ခြင်းပင်ဖြစ်ပါကြောင်း၊ ကျန်ရှိနေသည့် အလုပ်သမား၊ အလုပ်ရှင်နှင့် အစိုးရ ကိုယ်စားလှယ်များအနေဖြင့် အလုပ်သမားနှင့် အလုပ်ရှင်ကြား ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို စေတနာပါပါ၊ အရည်အချင်းရှိရှိ၊ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ပါက ထိုက်သင့်သည့် အခြေအနေ တစ်ခု ရရှိမည် ဖြစ်ပါကြောင်း။
ယနေ့ကာလသည် လူထုလူတန်းစားတိုက်ပွဲများကို အခြေမခံတော့ဘဲ နိုင်ငံသား များ၏ အကျိုး စီးပွားဖြစ်ထွန်းရေးကိုသာ ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ လူတန်းစား အမြင်ဖြင့် လုပ်ဆောင်ပါက ခေတ်ဟောင်း၊ စနစ်ဟောင်းကို ပြန်သွားသကဲ့သို့ ဖြစ်မည် ဖြစ်ကြောင်း၊ အလုပ် ရှင်နှင့် အလုပ်သမားသည် စီးပွားဖက်ဖြစ်ပါကြောင်း၊ အလုပ်ရှင် အဆင်ပြေမှ အလုပ်သမား အဆင် ပြေမည်ဖြစ်ပြီး အလုပ်သမား အဆင်ပြေမှလည်း အလုပ်ရှင် အဆင်ပြေမည်ဖြစ်ကြောင်း၊ ရရှိလာ သည့် အကျိုးစီးပွားများသည် နိုင်ငံတော် အတွက်ပင်ဖြစ်ကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများ အနေဖြင့် တစ်ဖက်နှင့်တစ်ဖက် ရန်သူကဲ့သို့ သဘောမထားဘဲ မိတ်ဖက်ကဲ့သို့ သတ်မှတ် ဆက်ဆံကြရန်လိုကြောင်း။
လွှတ်တော်အနေဖြင့် ပြည်သူ့ဘက်မှ အမြဲရပ်တည်လျှက်ရှိပါကြောင်း၊ ပြည်သူများ၏ အကျိုး စီးပွားဖြစ်ထွန်းစေပြီး ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေများကို ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အလုပ်သမားများနှင့်ပတ်သက်၍လည်း အစိုးရအဖွဲ့၏ တင်ပြလာမှုအပေါ် အတည်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် အလုပ်ရှင်၊ အလုပ်သ မားနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရိုးရိုး သားသား၊ ပွင့်ပွင့်လင်းလင်း၊ မျှမျှတတ၊ အပြုသဘောဆောင်၍ တင်ပြကြရန် ဖိတ်ခေါ် ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်ဝင်းမော်ထွန်း က အနည်းဆုံးအခကြေးငွေသတ်မှတ်ရန် စီစဉ်ဆောင်ရွက် နေမှုနှင့် အလုပ်ရှင်၊ အလုပ်သမားများအကြား ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အလုပ်သမားကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါ်တင်မိုးခိုင် (Sakura အထည်ချုပ် စက်ရုံ)၊ ဦးဝင်းဇော်(မှော်ဘီ JCB စက္ကူပုံးစက်ရုံ)၊ ဦးပြည့်ဖြိုးအောင် (East Growth အထည်ချုပ်စက်ရုံ)နှင့် ဒေါ်ကြည်ကြည်ထွန်း (New Way အထည်ချုပ် စက်ရုံ)တို့က အလုပ်သမားများ၏ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်၍ အလုပ်ရှင်ကိုယ်စားလှယ်များ ဖြစ်ကြသော လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုး၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မျိုးလွင် နှင့် မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် တွဲဖက် အတွင်းရေးမှူး ဦးအေးလွင် တို့က ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြု ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး၊ ဒုတိယ ဝန်ကြီး ဒေါ်ဝင်းမော်ထွန်း နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ တို့က တင်ပြချက်များအပေါ် အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမား ကိုယ်စား လှယ်များ၏ တင်ပြချက်များနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
၂၀၁၅ ခုနှစ် ဧပြီလ ၂၄ ရက်
