ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း US-ASEAN Business Council ၌ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ၂၀၁၅ ခုနှစ် မေလ ၁ ရက်နေ့ နံနက် ၈ နာရီတွင် ဝါရှင်တန်ဒီစီမြို့ရှိ US-ASEAN Business Council ရုံးချုပ်၌ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုလွှတ်တော် နာယက က မြန်မာနိုင်ငံသည် ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ အမေရိကန် စီးပွားရေး လုပ်ငန်းစုများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည် ဖြစ်သည့်အတွက် နိုင်ငံခြားစီးပွားရေး လုပ်ငန်းစုများ အနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် ကန့်သတ်ချက်များရှိပါက လွှတ်တော်မှ ဥပဒေများ၊ နည်းဥပဒေများကိုလည်း ရေးဆွဲပြင်ဆင်လျက်ရှိပါကြောင်း၊ ထိုသို့ အမေရိကန် စီးပွားရေးလုပ်ငန်းစုများ အနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးပွားလာမှာ ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းအဖွဲ့ (၁၆) ဖွဲ့မှ တာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက နှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးလှမြင့်ဦး၊ ဒေါက်တာ ဝင်းမြင့်၊ ဦးသိန်းထွန်း၊ ဦးဝင်းသန်း၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် မေလ ၄ ရက်

Standard (Image)