ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် အမေရိကန် အောက်လွှတ်တော်မှ ဒီမိုကရက်တစ်ပါတီ လူနည်းစုခေါင်းဆောင် Congress- woman Nancy Pelosi နှင့် အောက်လွှတ်တော်မှ ဒီမိုကရက်တစ်ပါတီ Congress-man Joseph Crowley တို့နှင့် ၂၀၁၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ ညနေ (၄) နာရီတွင် အောက်လွှတ်တော် အဆောက်အအုံရှိ ၎င်း၏ရုံးခန်း၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက နှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးလှမြင့်ဦး၊ ဒေါက်တာ ဝင်းမြင့်၊ ဦးသိန်းထွန်း၊ ဦးဝင်းသန်း၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ တိုးတက်ဖွံ့ဖြိုးလာမှုနှင့် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး တွေ့ဆုံပွဲအပြီးတွင် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
၂၀၁၅ ခုနှစ် မေလ ၄ ရက်
