ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Hon. Mr. John Boehner ၏ ဖိတ်ကြားချက်အရ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးလှမြင့်ဦး၊ ဒေါက်တာ ဝင်းမြင့်၊ ဦးဝင်းသန်း၊ ဦးသိန်းထွန်း နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ၂၀၁၅ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၊ အင်ချွန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီလ ၃၀ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၀၈း၁၅ နာရီအချိန်တွင် ရောက်ရှိကြရာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလွင်နှင့် သံရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော် နာယက ဦးဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သည် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာခဲ့ကြရာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိ Dulles အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီလ ၃၀ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁း၃၀ နာရီ အချိန်တွင် ရောက်ရှိခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော် နာယက ဦးဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား Dulles အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ် နှင့် သံရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။
၂၀၁၅ ခုနှစ် မေလ ၄ ရက်
