ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်နိုင်ငံ ကွန်ဂရက် လူနည်းစုခေါင်းဆောင် အောက်လွှတ်တော်အမတ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်နိုင်ငံ ကွန်ဂရက်လူနည်းစု ခေါင်းဆောင် အောက်လွှတ်တော်အမတ် မစ္စနန်စီပီလိုစီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသော ဦးသိန်းဆွေ၊ ဦးလှမြင့်ဦးနှင့် ဦးခက်ထိန်နန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါက်တာဝင်းမြင့်၊ ဒေါက်တာ မျိုးအောင်၊ ဒေါ်ခင်သန်းမြင့်၊ ဒေါ်နန်းနွံ နှင့် ဒေါ်မိမြင့်သန်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံး တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့် သည်တော် အောက်လွှတ်တော်အမတ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်လ်လည်း တက်ရောက်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ခိုင်မာရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။  

တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဧည့်သည်တော် အောက်လွှတ်တော်အမတ် မစ္စနန်စီပီလိုစီ တို့သည် အမှတ်တရလက်ဆောင်များ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

၂၀၁၅  ခုနှစ် ဧပြီလ ၂ ရက်

Standard (Image)