ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ တိုင်းရင်းသားပါတီများ အပါအဝင် နိုင်ငံရေးပါတီများမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ရာ မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်မြို့သို့ ညနေ(၄) နာရီ (၄၅)မိနစ်တွင်ရောက်ရှိခဲ့ကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်၊ တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်တပ်နယ်ရှိ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀) ဧည့်ခန်းမတွင် ဆေးရုံတပ်မှူးနှင့် ဆရာဝန်၊ သူနာပြုများအား တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က တပ်မတော်အနေဖြင့် နိုင်ငံတော်၏ နယ်မြေပိုင်ဆိုင်မှုနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် သစ္စာလေးချက်ကို ဦးထိပ်ပန်ဆင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုး အတွက် ဆောင်ရွက်နေသည့်တပ်မတော်ဖြစ်၍ နိုင်ငံသားများနည်းတူလွှတ်တော်ကလည်း လေးစားဂုဏ်ယူလျက်ရှိပါကြောင်း၊ ရှေ့တန်းစစ် မျက်နှာအသီးသီးတွင် အသက်ကိုမငဲ့ကွက်ဘဲ သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်လျက် ရှိကြသော တပ်မတော်သားများကို ပြည်သူများက ချစ်ခင်လေးစားပြီး ဂုဏ်ယူလျက်ရှိပါကြောင်း၊ အများအကျိုးနှင့် တိုင်းပြည်အတွက် တပ်မတော် ၏ ဆောင်ရွက်ချက်များကို အသိ အမှတ်ပြုပါကြောင်း။
ယခုလာရောက်ရခြင်းမှာ ပြည်သူများ၏ကိုယ်စား လွှတ်တော်က ဂုဏ်ပြုခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့တွင် တိုင်းရင်းသား ပါတီများ အပါ အဝင် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ပါကြောင်း၊ မည်သည့်ပါတီပင်ဖြစ်စေ တပ်မတော်အပေါ် လေးစားချစ်ခင် ယုံကြည်လျက် ရှိပါကြောင်း၊ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော်အဖြစ် တည်ဆောက်လျက်ရှိရာ တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုတပ်မတော် ဖြစ်မှသာ နယ်မြေအေးချမ်း သာယာရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ခိုင်မာစွာ တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဒုတိယဥက္ကဋ္ဌ စမ်းချောင်း မဲဆန္ဒနယ်မှ ဦးစိုးဝင်းနှင့် ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဆီဆိုင်မဲဆန္ဒနယ်မှ ဦးဝင်းကိုတို့က လွှတ်တော် ကိုယ်စားလှယ်များကိုယ်စား တပ်မတော်သားများ၏ ရဲဝံ့စွန့်စား ဆောင်ရွက်မှုတို့ကို ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
၎င်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များသည် လတ်တလောကာလအတွင်း လောက်ကိုင်ဒေသ တိုက်ပွဲများနှင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲများတွင် နိုင်ငံတော်အတွက် သက်စွန့်ဆံဖျား တိုက်ပွဲဝင်ကြရာမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး ဆေးကုသမှု ခံယူလျက်ရှိကြသော တပ်မတော်သား အရာရှိ၊ စစ်သည်များအား တစ်ဦးချင်းစီ တွေ့ဆုံအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်
