အမျိုးသားပညာရေး ဥပဒေကြမ်းနှင့် ပက်သက်သည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

အမျိုးသားပညာရေး ဥပဒေကြမ်းနှင့် ပက်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၅ ခုနှစ် မတ်လ ၃၀ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ် တွင်  နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် C ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမှာစကားပြောကြားရာတွင် အမျိုးသားပညာရေး ဥပဒေနှင့်စပ်လျဉ်း၍ နိုင်ငံ အတွင်း ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို အားလုံး အသိပင် ဖြစ်ပါကြောင်း၊ ယနေ့ အထိလည်း ယင်းဂယက်များ ရှိနေ ဆဲ ဖြစ်ပါကြောင်း၊ နေပြည်တော် နှင့် ရန်ကုန်၌ လေးပွင့်ဆိုင် ဆွေးနွေးပွဲဖြင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာမှ အရှိန်မြင့်လာပြီး လက်ပံတန်း မြို့၌ နောက်ဆုံးအခြေအနေ ဖြစ်ပွားခဲ့ပါကြောင်း၊ အခြေအနေငြိမ်သက်သွားပြီဟု ပြော၍မရသေးပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းနှင့် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့က အမျိုးသားပညာရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြည်သူ့ကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများ အတွက် အကျိုးဖြစ်ထွန်းစေသော ဥပဒေတစ်ရပ်ဖြစ်လာရန်စေတနာပါပါဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းဖြင့် ပြော ကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ကော်မရှင် အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။  

၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်

Standard (Image)