ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် ပျဉ်းမနား ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့ မင်္ဂလာကန်တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း က ပျဉ်းမနားဒေသသည် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ကိုလိုနီလက်အောက်ခံဘ၀ လွတ်မြောက်ရေး ဖြစ်စဉ်များတွင် ရှေ့တန်းကျကျ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည် ဒေသကြီး ဖြစ်ပါကြောင်း၊ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသည့် မြန်မာ့တပ်မတော်သည်လည်း ပျဉ်းမနားဒေသ၌ပင် အခြေခံခဲ့ပါကြောင်း၊ ယနေ့ ပျဉ်းမနားဒေသ ဖွံ့ဖြိုးတိုးတက် နေသည်ကို မည်သူမျှ ငြင်းကွယ်၍ မရနိုင်သကဲ့သို့ ဒေသပိုမိုဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်ကို စနစ်တကျ ကျင့်သုံးသည့် နိုင်ငံများတွင် လွှတ်တော်များ ရှိပါကြောင်း၊ လက်ညိုးထောင် ခေါင်းညိမ့် မည်ကာမတ္တလွှတ်တော် မဟုတ်ရန် လွှတ်တော် ဖွဲ့စည်းသည့် နေ့မှစ၍ ယနေ့အထိ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူအသံ-လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက်-လွှတ်တော်က ဖော်ဆောင်ရွက် ဟူသည့် လွှတ်တော်၏ မူဝါဒဆောင်ပုဒ် နှင့်အညီ ပြည်သူ့အသံသည် လွှတ်တော်၏ အသံဖြစ်ရမည်၊ ပြည်သူတို့၏ ဆန္ဒသည် လွှတ်တော်၏ ဆန္ဒဖြစ်ရမည် ဖြစ်ပြီး ပြည်သူတို့၏ လိုအပ်ချက်များကို လွှတ်တော်က ဆောင်ရွက်နိုင်ရန် အစိုးရအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးသည် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်းများ ပြုလုပ်ကြရမည် ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လိုလားချက် ဆန္ဒများကို ဥပဒေအဖြစ် ပြဋ္ဌာန်းပေးနိုင်ရန်တာဝန်မှာ လွှတ်တော်၏ အဓိကတာဝန်ပင် ဖြစ်ပါကြောင်း၊ နိုင်ငံနှင့် ပြည်သူ့အကျိုးကို ဖြစ်ထွန်းစေနိုင်မည့် ဥပဒေများကို ပြဋ္ဌာန်းပေးလျက် ရှိပါကြောင်း၊ လွှတ်တော်သည် ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့်အတွက် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက်၊ အဖွဲ့အစည်း တစ်ခုအတွက်၊ ပါတီတစ်ခုအတွက် မဖြစ်စေဘဲ ပြည်သူအတွက်၊ နိုင်ငံအတွက် ဖြစ်ရမည် ဖြစ်ပါကြောင်း၊ ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ဖြစ်ပေါ်ရန် လွှတ်တော်အနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးမှတစ်ဆင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသခံပြည်သူများ အနေဖြင့် လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ က ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို လည်းကောင်း၊ နိုင်ငံရေးပါတီများက အထွေထွေရွေးကောက်ပွဲ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးတင်ပြကြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့်နိုင်ငံအဖြစ် ကြိုးပမ်းတည်ဆောက်ရာ၌ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ လူ့အလိုကို နတ်မလိုက်နိုင် ဟုဆိုသော်လည်း ပြည်သူလူထု၏ ဆန္ဒများကို လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များက ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါကြောင်း၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက် ရှိနေကြသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်ရသည့် နေရာဒေသများကို မိမိတို့ဇာတိများကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားပြီး ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
အလားတူ မွန်းတည့် ၁၂ နာရီတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် လယ်ဝေး ဒေသခံပြည်သူများ တွေ့ဆုံပွဲကို လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် ပါတီစုံဒီမိုကရေစီစနစ်၊ ဈေးကွက်စီးပွားရေးစနစ် တို့ဖြင့် တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့တည်ဆောက်ရန် ၂၀၁၀ ခုနှစ် နိုဝင်ဘာလက အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ပါကြောင်း၊ ထိုရွေးကောက်ပွဲ ရလဒ်များကို အခြေခံ၍ လွှတ်တော်အသီးသီး ပေါ်ပေါက်လာခဲ့ပါကြောင်း၊ လွှတ်တော်သည် ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုအပ်ချက်များ အပေါ်မူတည်၍ နိုင်ငံနှင့်နိုင်ငံသားများ အကျိုးစီးပွား ဖြစ်ထွန်းစေမည့် ဥပဒေများကို ပြဋ္ဌာန်းပေးလျက် ရှိပါကြောင်း၊ ပေါ်ပေါက်လာသည့် ဥပဒေများအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဥပဒေနှင့်အညီ စီမံခန့်ခွဲ ဆောင်ရွက်လျက် ရှိနေကြသကဲ့သို့ ပြည်သူများ အနေဖြင့်လည်း ပြဋ္ဌာန်းထားသည့် ဥပဒေများ နှင့်အညီ ပြုမူဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြ နိုင်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ က ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းဆွေးနွေးပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
အဆိုပါ အခမ်းအနားများသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ နေပြည်တော် ကောင်စီဝင်များ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ ပျဉ်းမနားနှင့် လယ်ဝေးမြို့နယ်များမှ မြို့မိမြို့ဖ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၅ ခုနှစ် ဇွန်လ ၁၅ ရက်
