ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ဒေသ ခံပြည်သူများအား တွေ့ဆုံ အမှာစကားပြောကြား

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် မုံရွာမြို့ရှိစစ်ကိုင်းတိုင်းဒေ သကြီးလွှတ်တော် အဆောက်အအုံ Banquest Hall ၌ဒေသခံ ပြည်သူများအားတွေ့ဆုံအမှာ စကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသင်းလှိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများနှင့် လူမှုရေး အဖွဲ့အစည်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ယခုကဲ့သို့ မင်္ဂလာရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံသစ် ဖွင့်လှစ်သည့် နေ့ရက်၊ အချိန်၌ တွေ့ဆုံ စကားပြောခွင့်ရ၍ ဝမ်းမြောက်ပါကြောင်း၊ ယခုတွေ့ဆုံပွဲတွင် ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်နေကြသည့် အဖွဲ့အစည်း များကို တွေ့ရှိရသည့် အတွက် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ကောင်းနိုးဖွယ်ရာ များကို ဆွေးနွေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုအချိန်၌ ပြည်ထောင်စု လွှတ်တော်တွင် အရေးကြီးသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေး အတွက် အလေးအနက်ထား ဆောင်ရွက်နေသည့် အချိန် ဖြစ်ပါကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အနှစ်သာရအဖြစ် မြန်မာနိုင်ငံကို ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေးစနစ်ကို အခြေခံရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာခြင်းဖြင့် ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်း နိုင်ခြင်းကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို ညင်သာစွာ ကူးပြောင်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ၌ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲ ရလဒ်အရ လွှတ်တော်၊  အစိုးရ အဖွဲ့နှင့် တရားရေး အဖွဲ့များ ပေါ်ပေါက်လာခဲ့ပါကြောင်း။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့်နေရာတွင် သူ့အခြေအနေ အချိန်အခါ အပေါ် မူတည်၍ ပြင်သင့်သည်ကို ပြင်ဆင်ပြီး ထားသင့်သည်ကို ထားရန်လိုကြောင်း၊ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ဒီမိုကရေစီ စံနှုန်း၊ လူ့အခွင့်အရေး စံနှုန်းများဖြင့် ကြည့်ပါက မပြည့်ဝဘူး ဆိုပြီး ဒီမိုကရေစီ စံနှုန်း အပြည့်အ၀ ရရှိအောင်၊ လူ့အခွင့်အရေး အပြည့်အ၀ ရရှိအောင် ပြင်ဆင်လိုက်မည် ဆိုလျှင် ဖြစ်ပေါ်လာနိုင်သည့် အရာများ ရှိပါကြောင်း၊ တစ်ဘက်တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ကျင့်သုံးသည်မှာ မကြာသေးဘူး၊ ထပ်မံပြင်ဆင်ရန် မလိုသေးဘူး၊ သုံးလို့ ရသေးသားပဲ၊ လုပ်လို့ ရသေးသားပဲ ဆိုပြီး မျက်စိမှိတ် ဆောင်ရွက်မည် ဆိုလျင်လည်း အစွန်းတရား ရောက်သွားနိုင်ကြောင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အနည်းဆုံး ၂၀ ရာခိုင်နှုန်းက မူကြမ်းအဖြစ် ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော် သို့ တင်ပြချက်အပေါ် မူတည်၍ ပြင်ဆင်ရမည် ဖြစ်ပါကြောင်း။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် က ဦးတည်ချက် (၃) ရပ် ချမှတ်ဆောင်ရွက် ခဲ့ပါကြောင်း၊ ယင်းဦးတည်ချက် (၃) ရပ်မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ တည်တံ့ခိုင်မြဲမှု၊ တည်ငြိမ်အေးချမ်းမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု တို့ကို ခေတ်စနစ် နှင့်လျော်ညီစွာ ပိုမို တည်ဆောက်နိုင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်လာစေရေး၊ တိုင်းရင်းသား မျိုးနွယ်စုများ အကြား ယုံကြည်မှု ခိုင်မာသော အမျိုးသား စည်းလုံးညီညွတ်မှုကို တည်ဆောက် နိုင်ခြင်းဖြင့် ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီ စနစ်သို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေးပင် ဖြစ်ပါကြောင်း၊ မပြင်သင့်သေးသည်ကို ပြင်မိလျှင် ဦးတည်ချက် (၃) ရပ်ကို ထိခိုက် နိုင်သကဲ့သို့ ပြင်သင့်တာ မပြင်မိလျှင်လည်း ဦးတည်ချက် (၃) ရပ်ကို ထိခိုက်နိုင်ကြောင်း။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်ထောင်စုလွှတ်တော် တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ (က) ကို မဲခွဲဆုံးဖြတ် ဆောင်ရွက်ရာတွင် ပုဒ်မခွဲ ၁ ခုသာ ၇၅ ရာခိုင်နှုန်း ကျော်ပြီး ကျန် ပုဒ်မ၊ ပုဒ်မခွဲ ၅ ခုမှာ ၇၅ ရာခိုင်နှုန်း မကျော်လွန် ခဲ့ပါကြောင်း၊ ပုဒ်မ ၄၃၆ (က) ၏ ပုဒ်မခွဲ ၁ ခုကိုသာ ပြင်ဆင်နိုင်ခဲ့ပြီး ကျန်ပုဒ်မ၊ ပုဒ်မခွဲ ၅ ခုကို ပြင်ဆင်၍ မရသည့်အတွက် စိတ်မကောင်း ဖြစ်မိပါကြောင်း၊ သို့သော်လည်း စိတ်ဓာတ် မကျရန် ပြောလိုပါကြောင်း။

ပုဒ်မ ၄၃၆ (ခ) ပြင်ဆင်ရန် အတွက်လည်း  ပြည်ထောင်စုလွှတ်တော် တွင် ဆက်လက်ဆောင်ရွက်ရန် ရှိပါကြောင်း၊ တိုင်းရင်းသား အများစု တောင်းဆိုနေကြသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှ အခွင့်အရေးနှင့် ဗဟို ဦးစီးချုပ်ကိုင်မှု လျှော့ချရေး အတွက် လုပ်ပိုင်ခွင့် များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေပေးရေး၊ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်များက ရွေးချယ် တင်မြောက်သည့် ပြည်သူ့ ကိုယ်စားလှယ်သာလျှင် တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ် ခန့်ထားရေး၊ အစိုးရ အုပ်ချုပ်ရေး အဖွဲ့အစည်းအောက် ရောက်ရှိနေသည်ဟု စွပ်စွဲ ပြောဆိုနေသော တရားရေး အဖွဲ့အစည်း များအား လွတ်လပ်စွာ၊ တရားမျှတစွာ တရားစီရင်နိုင်သော အခြေအနေ များသို့ ရောက်ရှိအောင် ဆောင်ရွက်ပေးရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ထိခိုက်စေသော ကိုယ်စားလှယ်များ ပြန်လည် ရုပ်သိမ်းခြင်း ကိစ္စရပ်များနှင့် ရှေ့နောက် ဆက်စပ်လျော်ညီမှု မရှိသည့် ကိစ္စရပ် များကိုလည်း ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဌ က လာမည့် နိုဝင်ဘာ လဆန်းတွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲ ကာလများတွင် တည်ငြိမ်အေးချမ်းမှု ရှိရေးအတွက် မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် ကော်မတီများ၊ လူထု လူတန်းစား အသီးသီးနှင့် နိုင်ငံရေးပါတီ အသီးသီးမှ ပုဂ္ဂိုလ်များ အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုကြောင်း၊ မိမိတို့ဒေသ အတွက်သာမက နိုင်ငံကောင်းကျိုး လုပ်ဆောင်နိုင်မည့် သူများကို မှန်ကန်စွာရွေးချယ်နိုင်ရန် လိုကြောင်း၊ နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်လောင်းများ အနေဖြင့်လည်း လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိသည့် ရွေးကောက်ပွဲ ဖြစ်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် ကျင့်ဝတ်များကို လိုက်နာရမည် ဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများသည် အတွေ့အကြုံ မြင့်မားသူများ ဖြစ်၍ နှလုံးသားနှင့် ဦးနှောက်သုံး၍ စဉ်းစား သုံးသပ်ရွေးချယ်ကြရန် လိုကြောင်း၊ မိမိတို့ ရောက်ရှိခိုက် လိုအပ်ချက် များကို တင်ပြပေးရန် ဖိတ်ခေါ် ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ တို့မှ တာဝန်ရှိသူများက မြို့နယ် ဖွံ့ဖြိုးဆိုင်ရာ ဆောင်ရွက်ချက် များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက် လာကြသူများက အထွေထွေဆွေးနွေး တင်ပြကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသင်းလှိုင် က ကျေးဇူးတင် စကားပြောကြားကာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်အောင် နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဦး တို့က မြို့နယ် ဆွမ်းလောင်းအသင်းနှင့် လူမှုကူညီရေး အသင်း တို့အတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းစီ ပေးအပ်လှူဒါန်း ကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က တင်ပြချက်များ အပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်

 

Standard (Image)