ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသ ကြီးချောင်းဦးမြို့ရှိ အနော်ရထာခန်းမ၌ ဒေသခံ ပြည်သူများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်၊ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က မိမိတို့အဖွဲ့အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ခရီးစဉ်အတွင်း ချောင်းဦးမြို့၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံခွင့် ရရှိရန် စီစဉ်ပေးသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် ရည်မှန်းချက်ထား ဆောင်ရွက်ရာတွင် လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း ရောက်ရှိပြီဖြစ်ပါကြောင်း။
လာမည့် နိုဝင်ဘာလဆန်း၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်၍ ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲ ကာလအတွင်း တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် အစိုးရအဖွဲ့သည် နိုင်ငံတော် တိုးတက်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် လိုအပ်သကဲ့သို့ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲ ဖြစ်ရေးအတွက် အစိုးရ၊ လွှတ်တော်နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့က ဆောင်ရွက်လျက် ရှိပါကြောင်း၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်လောင်းများ အပါအဝင် ပြည်သူတစ်ရပ်လုံးက ပါဝင်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း။
ချောင်းဦးမြို့နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်ဆိုလျှင် ချောင်းဦးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြသည့် စီမံခန့်ခွဲရေး ကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီနှင့် စည်ပင်သာယာရေး ကော်မတီများ အပါအဝင် ပါတီ ကိုယ်စားလှယ်လောင်းများ၊ လုံခြုံရေး တာဝန်ယူကြမည့်သူများ၊ ပြည်သူများကလည်း ပူးပေါင်းပါဝင်ရန် လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်က ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ သက်ဆိုင်သူများက ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ချောင်းဦးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
တွေ့ဆုံပွဲတွင် ချောင်းဦး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောလှထွန်း က မြို့နယ်ပညာရေး ကဏ္ဍအတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် အဖွဲ့ဝင်များနှင့်အတူ ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး မြောင်မြို့သို့ ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ထီးလှိုင်ရှင် ခန်းမ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က မကြာမီ နိုဝင်ဘာလဆန်း၌ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်၍ ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲ ကာလအတွင်း တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း၊ မိမိတို့ ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်များကို မှန်မှန်ကန်ကန် ရွေးချယ်ပေးရန် လိုအပ်ကြောင်း၊ ယနေ့ တွေ့ဆုံပွဲတွင် သက်ဆိုင်ရာ ကော်မတီများနှင့် ဒေသခံများ၏ တင်ပြချက်များကို နားထောင်၍ ချက်ချင်း လုပ်ဆောင်ပေးနိုင်သည်များကို ချက်ချင်း လုပ်ဆောင်ပေးမည် ဖြစ်ပြီး အချိန်ယူရမည့် ကိစ္စများကို အချိန်ယူ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် ဒေသခံများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် အဖွဲ့ဝင် များနှင့်အတူ မြင်းမူမြို့သို့ ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေပြည်သစ်ခန်းမ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲ သို့တက်ရောက်သည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည့် ကျင့်ဝတ်များနှင့်အညီ နိုင်ငံရေးပါတီများမှ ဝင်ရောက်ယှဉ်ပြိုင် ကြရမည်ဖြစ်ပြီး မြို့နယ်ကော်မတီများ၊ မြို့မိမြို့ဖများနှင့် ပြည်သူများက ဝိုင်းဝန်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့် မည်သည့်ပုဂ္ဂိုလ်သည် မိမိတို့ဒေသကို တိုက်ရိုက် အကျိုးပြုပြီး ရပ်ကွက်၊ မြို့နယ်၊ တိုင်းဒေသကြီး သာမက နိုင်ငံအတွက် အရည်အချင်းနှင့် စေတနာရှိသည့် ကိုယ်စားလှယ်များကို ဆန္ဒပြု ရွေးချယ်ကြရမည် ဖြစ်ကြောင်း။
မိမိတို့ လွှတ်တော်တွင် နိုင်ငံနှင့် နိုင်ငံသား အကျိုးစီးပွားအတွက် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ကိုးကွယ်သည့် အယူဝါဒစွဲ မထားဘဲ အားလုံးပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူများက ပေးအပ်လိုက်သည့် တာဝန်များကို ဦးထိပ်ထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသအကျိုး၊ နိုင်ငံအကျိုး ဆောင်ရွက်နိုင်မည့် ကိုယ်စားလှယ်များအား ရွေးချယ်နိုင်ရန် လိုအပ်ပါကြောင်း၊ ကော်မတီ အသီးသီးနှင့် မြို့မိမြို့ဖများ၊ ဒေသခံများ အနေဖြင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ တို့မှ တာဝန်ရှိသူများနှင့် ဒေသခံများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြန်လည်သုံးသပ် ဆွေးနွေး၍ ပေါင်စပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားပြီး တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် အဖွဲ့ဝင် များနှင့်အတူ မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့သို့ ရောက်ရှိပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ယနေ့ တွေ့ဆုံပွဲသို့ တက်ရောက် လာကြသည့် ကော်မတီများမှ တာဝန်ရှိသူများသည် ရွေးကောက်ပွဲတွင် ရပ်ကွက်၊ ကျေးရွာ မဲရုံအလိုက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ယူကြရမည့် သူများဖြစ်ကြောင်း။ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်း၍ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ကြီးကြပ် ဆောင်ရွက်သွားရန် လိုကြောင်း။
လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိသည့် ရွေးကောက်ပွဲ ဖြစ်ရေးအတွက် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ အနေဖြင့် ဥပဒေနှင့်အညီ သန့်ရှင်းစွာ ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ မဲဆန္ဒရှင်များ အပါအဝင် ရပ်ရွာမှ ကြည်ညိုလေးစားသည့် ရပ်မိရပ်ဖ များကလည်း ကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါကြောင်း၊ မိမိတို့ ဒေသအကျိုးကို ဆောင်ရွက်ပေးနိုင်မည့် အရည်အချင်းနှင့် စေတနာရှိသည့် ကိုယ်စားလှယ်များကို မှန်မှန်ကန်ကန် စဉ်းစားသုံးသပ် ရွေးချယ်ကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက် လာကြသည့် မြို့နယ်ကော်မတီများမှ တာဝန်ရှိသူများနှင့် ဒေသခံများက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် က ဖြည့်စွက် ဆွေးနွေးတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြန်လည်သုံးသပ် ဆွေးနွေး၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် အဖွဲ့သည် တံတားဦးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး နေပြည်တော်သို့ ညပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။
၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်
