ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့် အမှာစကားပြောကြား

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ နံနက် (၈) နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့လွှတ်တော် အဆောက်အအုံရှေ့၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်ချီးမြှင့်၍ လွှတ်တော်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်၊ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်၊ စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသောင်းစိန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်တို့က လွှတ်တော် အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းပေးခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသင်းလှိုင်၊ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်တို့က လွှတ်တော် အဆောက်အအုံရှေ့၌ ခရေပင်များကို အမှတ်တရ စိုက်ပျိုးပေးကြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ဧည့်သည်တော် များနှင့်အတူ လွှတ်တော် မုခ်ဦးဆောင်တွင် အမှတ်တရ ဓာတ်ပုံရိုက်ကြပြီး လွှတ်တော် အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံ အတွင်းရှိ ပထမအထပ်၌ အစည်းအဝေး ခန်းမကြီးအပြင် CCTV Control Room, ဧည့်ခန်း၊ လွှတ်တော်ဥက္ကဋ္ဌ နားနေဆောင်၊ Call Room, Conference Room, လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရုံးခန်းများ၊ Banquest Hall တို့ပါဝင်ပြီး မြေညီထပ်၌ စာကြည့်တိုက်နှင့် စာဖတ်ခန်း၊ ကော်မတီခန်းများ၊ ကိုယ်စားလှယ်များ နားနေခန်းနှင့် လုံခြုံရေးခန်းများ ပါဝင်သည်။

ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်း အစီအစဉ်များကို Banquest Hall ၌ ဆက်လက် ကျင်းပရာ ရှေးဦးစွာ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် အဆောက်အအုံသစ် ပင်မဆောင်ကို ဆောက်လုပ်ခဲ့သော ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း အဆောက်အဦး အထူးအဖွဲ့ (၆) တာဝန်ခံ ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေက လွှတ်တော် အဆောက်အအုံသစ် ဆောက်လုပ်မှုနှင့် ပတ်သက်၍ လည်းကောင်း၊ လွှတ်တော် အဆောက်အအုံသစ်အတွင်း ပြင်ဆင်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ စံဖွံ့ဖြိုးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းအောင်က လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်က လွှတ်တော် အဆောက်အအုံ ဆောက်လုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ လွှတ်တော် အဆောက်အအုံသစ်နှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက်များ အပေါ် အကြံပြုချက် လမ်းညွှန်မှာကြားရာတွင် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် အဆောက်အအုံသည် ခန့်ညားထည်ဝါမှု ရှိပြီး လွှတ်တော်တစ်ရပ်၏ ရှိသင့်ရှိထိုက်သည့် ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံမှုရှိသည်ကို တွေ့ရှိရပါကြောင်း။ သို့သော် အဆောက်အအုံ ထည်ဝါရုံနှင့် မလုံလောက်ဘဲ နေရာနှင့် အခန်းများကို အသုံးပြု၍ လွှတ်တော် လုပ်ငန်းများကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ရန် လိုအပ်ပါကြောင်း။

ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံသွားပြီဖြစ်၍ ပြည်သူ့ ကိုယ်စားလှယ်များ၏ ဦးနှောက်ပိုင်း ဆိုင်ရာနှင့် နှလုံးသားပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးရေး ကိစ္စအတွက် ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မြန်မာလွှတ်တော် ဆိုင်ရာအဖွဲ့ (MPU) ကိုရည်ရွယ်ချက် (၄) ရပ်ဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ရာ ယခုကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်များ၌ လွှတ်တော် အဆောက်အအုံသစ်များ တည်ဆောက်ခြင်း အပါအဝင် လွှတ်တော်ရေးရာ ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ရှေ့ဆက်ရမည့် ခရီး၌ လွှတ်တော်များ၏ အခန်းကဏ္ဍ မြင့်မားရေးကို ဆက်လက် ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

အခမ်းအနား အပြီးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဧည့်သည်တော် များသည် လွှတ်တော်ရုံး ဖွဲ့စည်းထားမှုနှင့် လွှတ်တော် ကိုယ်စားလှယ်များ တည်းခိုရိပ်သာတို့ကို ကြည့်ရှုခဲ့သည်။

ယနေ့ ဖွင့်လှစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် အဆောက်အအုံသစ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသစ် လက်ထက်တွင် ပထမဆုံး ဖွင့်လှစ်နိုင်သော တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံသစ် ဖြစ်ကြောင်းသိရသည်။

၂၀၁၅ ခုနှစ် ဇွန်လ ၂၉ ရက်

ဓါတ်ပုံများ

Standard (Image)