ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း မန္တလေးတိုင်း ဒေသကြီး မလှိုင်မြို့နှင့် နွားထိုးကြီးမြို့တို့မှ ဒေသခံပြည်သူများအား တွေ့ဆုံ အမှာစကားပြောကြား

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇွန်လ (၂၇) ရက်နေ့ နံနက်ပိုင်းတွင်  မန္တလေး တိုင်းဒေသကြီး မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒေသခံပြည်သူများအား တွေ့ဆုံ၍  ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးအမှာစကား ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမောင်၊  ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သ့ူလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်လူမှုရေး အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၅ ခုနှစ် နိုဝင်ဘာလ လဆန်းပိုင်း၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ နိုင်ငံအတွက် အရေးကြီးသည့် ရွေးကောက်ပွဲ ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် အောင်မြင်စွာ ကျင့်သုံးနိုင်ရေး အတွက်လည်း လာမည့်ရွေးကောက်ပွဲသည် လွန်စွာအရေးကြီးပါကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ မကျင်းပနိုင်လျှင် မိမိတို့သွားလိုသည့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်မည် မဟုတ်ပါကြောင်း။

ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အစိုးရ၊ လွှတ်တော်နှင့်ရွေးကောက်ပွဲကော်မရှင် အပိုင်းက ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီး ကာလများ၌ နိုင်ငံတည်ငြိမ်အေးချမ်းမှုရရှိရန် လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ အသီးသီးမှ ပုဂ္ဂိုလ်များ၊ ပြည်သူများ၊ လုံခြုံရေးတာဝန်ယူကြမည့် အဖွဲ့အစည်းများက ဝိုင်းဝန်းဆောင်ရွက် ပေးကြရန် မေတ္တာရပ်ခံပါကြောင်း။

ယနေ့တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ကော်မတီများမှ တာဝန်ရှိသူများ၊ ကျန်းမာရေး၊ ပညာရေးဌာနများမှ ပုဂ္ဂိုလ်များသည် ရွေးကောက်ပွဲ ကျင်းပရာတွင် ရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်း၍ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကြီးကြပ်ဆောင်ရွက် ပေးသွားရန်လိုနေကြာင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးသည် ရပ်ကွက်၊ ကျေးရွာမဲရုံအလိုက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် လုံခြုံရေးတာဝန် ယူကြမည့်သူများသည်လည်း အရေးကြီးပြီး အခြေခံကျပါကြောင်း၊ လွတ်လပ်၍ တရားမျှတပြီး ပွင်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲ ဖြစ်ရေးအတွက် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များအနေဖြင့် ဥပဒေနှင့်အညီ သန့်ရှင်းစွာဆောင်ရွက်ရန် လိုအပ်သကဲ့သို့  မဲဆန္ဒရှင်များအပါအဝင် ရပ်ရွာမှကြည်ညိုလေးစားသည့် ရပ်မိရပ်ဖများကလည်း ကူညီဆောင်ရွက် ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း၊ ယခုခရီးစဉ်သည် မလှိုင်ဒေသ အတွက်သာမက နိုင်ငံအတွက်ပါ အကျိုးရှိသည့် ခရီးစဉ်ဖြစ်ပါစေဟု ဆုတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ကျန်းမာရေးမှူး၊ မိသားစုကိုယ်ပိုင် အထက်တန်းကျောင်း တည်ထောင်သူ၊ မြို့မိမြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီတို့မှ တာဝန်ရှိသူများက မြို့နယ်၏ ရာသီဥတု အခြေအနေ၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေး ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ တက်ရောက်လာကြသူများအားရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် မလှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ပညာရေးကဏ္ဍအတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူးက လက်ခံခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်အတူ နွားထိုးကြီးမြို့သို့ ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယနေ့တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီနှင့် ဌာနဆိုင်ရာများသည် ၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အရေးပါသည့် အဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊ သ့ူနေရာ၊ သူ့ကဏ္ဍအလိုက် တာဝန်ယူကြရမည့် သူများဖြစ်၍ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်ကူညီ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါကြောင်း၊ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီး ကာလများတွင် တည်ငြိမ်အေးချမ်းပြီး တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရန် မိမိတို့အားလုံးတွင်  တာဝန်ရှိပါကြောင်း၊ ကိုယ့်ကဏ္ဍနှင့်ကိုယ် ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ကျန်းမာရေးမှူးနှင့် မြို့မိမြို့ဖများက မြို့နယ်၏ ဒေသဆိုင်ရာ ကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်မှုနှင့် ရေရရှိရေး ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်က  ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ပညာရေး ကဏ္ဍအတွက် ထောက်ပံ့ငွေကျပ် ငါးသိန်း ပေးအပ်လှူဒါန်းခဲ့သည်။

နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် မလှိုင်မြို့ လေးမျက်နှာ ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ကျောင်းတိုက်ပဓာန နာယကဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ဖူးမြှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များကို လျှောက်ထားခဲ့သည်။

အလားတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အဖွဲ့ဝင်များနှင့်အတူ နွားထိုးကြီးမြို့နယ် မကျည်းကန်စံပြကျေးရွာ  သိရီမင်္ဂလာဧ ကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းတိုက်ပဓာန နာယကဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ဖူးမြှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားခဲ့သည်။

ထို့နောက် ကျေးရွာမှ ဒေသခံပြည်သူများနှင့် မကျည်းကန်စံပြကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားနိုင်ရေးနှင့် ပညာတတ်များဖြစ်အောင် ပြုစုပျိုးထောင်ရာတွင် ဆရာ၊ မိဘ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

၂၀၁၅ ခုနှစ် ဇွန်လ ၂၉ ရက်

ဓါတ်ပုံများ

Standard (Image)