ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက် ဆိုင်ရာ စိစစ်ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးသာ သည် Asian Development Bank မှ Peter J.Brimble ဦးဆောင်သည့်အဖွဲ့ အားဇွန်လ ၂၃ ရက်နေ့ နံနက် (၁၀း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ်(၇) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဆိုင်ရာစိစစ်ညှိနှိုင်းရေးကော်မတီ အတွင်းရေး မှူး ဦးအေးမောက်၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးကြည်တင့်၊ ဦးကျန်ထွန်း၊ ဦးကြည်ပြုံး၊ ဦးသန်းဝင်း၊ ဦးဉာဏ်ဆွေဝင်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီမှ အတွင်းရေးမှူး ဦးမျိုးဆွေ၊ ဦးအေးဖေနှင့် အဖွဲ့ဝင် ဦးရဲထွန်းတို့ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ပြင်သစ်နိုင်ငံ ဖွံ့ဖြိုးရေးအေဂျင်င်္စီ (AFD) တို့၏ ချေးငွေဖြင့် ဆောင်ရွက်ရန် အဆိုပြုသည့် မန္တလေးမြို့တော် မြို့ပြစီမံကိန်းကိစ္စနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေဖြင့် ဆောင်ရွက်ရန် အဆိုပြုသည့် အိန္ဒု-ကော့ကရိတ် လမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကိစ္စများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
၂၀၁၅ ခုနှစ် ဇွန်လ ၂၄ ရက်
