ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေးကျင်းပ

ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကဦးဆောင်ကျင်းပ သည့်ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့ အစည်းများဥပဒေကြမ်းဒုတိယအကြိမ်မြောက်ညှိနှိုင်းအစည်း အဝေးကိုဇွန်လ၂၂ရက်နံနက်(၉)နာရီတွင် နေပြည်တော်ရှိလွှတ်တော် အဆောက်အအုံ ပြည်သူ့ လွှတ်တော် (C) ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်မှ အဖွင့်မိတ်ဆက် အမှာစကား ပြောကြားရာတွင် ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ အပြီးသတ် တင်ပြနိုင်တော့မည် ဖြစ်ပါကြောင်း၊ သို့ရာတွင် မိမိတို့ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေဖြင့်လိုအပ်ချက်၊လစ်ဟာမှုများမရှိရအောင်ယခုလိုနောက်ဆုံးအနေဖြင့်ဗဟိုဘဏ်၊  ပြည်တွင်းပုဂ္ဂလိကဘဏ်များ၊ ဘဏ်လုပ်ငန်းအသိပညာရှင်၊အတတ်ပညာရှင်များ၊ ဥပဒေပညာရှင်များနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများကိုဖိတ်ကြား၍ဆွေးနွေးချက်များ အား အတည်ပြု ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေး ခေါ်ယူကျင်းပရခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက်အစည်းအဝေးတက်ရောက်လာသူပုဂ္ဂိုလ်အသီးသီးမှ၎င်းဥပဒေနှင့်စပ်လျဉ်း၍ဆွေးနွေးပြီးဥပဒေအပိုင်းများ၊ကျန်ရှိနေသော ဆွေးနွေးရန် လိုအပ်သည့်ကဏ္ဍများနှင့်ပြင်ဆင်ဖြည့်စွက်ထပ်တိုးရမည့်အကြောင်းအရာများအပေါ်အသေးစိတ်စဉ်းစားနှိုင်းယှဉ်ခြုံငုံသုံးသပ် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းမှ ဆွေးနွေးသုံးသပ် တင်ပြချက်များ အပေါ် လိုအပ်ချက်များ မရှိစေရေးနှင့် ပိုမိုကောင်းမွန် ပြည့်စုံသည့် ဥပဒေဖြစ်ပေါ်လာရေး တို့အပြင် ရေရှည်အကျိုးကို ကြည့်၍ နောင်တွင် ယင်းဥပဒေနှင့် ပတ်သက်ပြီး အငြင်းပွားစရာများ မဖြစ်ရအောင် အကြံပြု ညှိနှိုင်း ပေါင်းစပ်ဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ ပြည်သူ့လွှတ်တော် ကော်မတီ အတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးစောလှထွန်း၊ ဦးဝင်းမြင့်၊ ကော်မတီ အဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ခံ ပုဂ္ဂိုလ်များနှင့် ဘဏ်လုပ်ငန်း အဖွဲ့အစည်း အသီးသီးမှ အသိပညာရှင် အတတ်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဇွန်လ ၂၃ ရက်

 

Standard (Image)