ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ခန်းမသစ် ဖွင့်ပွဲသို့ တက်ရောက်၍ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ပညာရည်ချွန်ဆုပေးပွဲသို့ တက်ရောက်အမှာစကား ပြောကြား

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်း တွင် ဖြူးမြို့ သပြေ တန်း ကျောင်းတိုက်၌  နိုင်ငံတော်မှ ချီးမြှင့်သည့် သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း ခံရသည့်ဖြူးမြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်များအားလှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဆက်ကပ် လှူဒါန်း ပူဇော်ပြီး သာသနာရေး ဆိုင်ရာများ လျှောက်ထားကာ ဆရာတော်များ၏ သြဝါဒများကို နာယူခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သည် ဖြူးမြို့နယ်ခန်းမဖွင့်ပွဲနှင့် ၂၀၁၄-၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြူးမြို့နယ်မှ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဖွင့်ပွဲတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်၊ မြို့မိမြို့ဖ ဦးအင်းရှောက်နှင့် ဆရာကြီး ဦးထွန်းရှိန်တို့က မြို့နယ်ခန်းမသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က မြို့နယ်ခန်းမဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ကဗ္ဗည်းမော်ကွန်း ကြေးပြားကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးပြီး ဖြူးမြို့နယ်ခန်းမနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို မြို့နယ်ခန်းမ ဆောက်လုပ်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက မြို့နယ်စည်ပင် သာယာရေးအမှုဆောင် အရာရှိထံ လွှဲပြောင်းအပ်နှံခဲ့သည်။

ထို့နောက် ဖြူးမြို့နယ်အတွင်းရှိ ဘက်စုံထူးချွန် လူရည်ချွန်ဆုရရှိသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆု များကိုလည်းကောင်း၊ ဖြူးမြို့နယ် ခုတင် (၁၀၀) ဆေးရုံကြီးကြပ်မှု ကော်မတီအား ဂုဏ်ပြုချီးမြှင့်ငွေ များကိုလည်းကောင်း၊ ဖြူးမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအကျိုးတော်ဆောင် အဖွဲ့အား ဂုဏ်ပြုဆုငွေများကို လည်းကောင်းတိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ ပြည်သူ့လွှတ်တော် ကျန်းမာရေး မြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်မြင့်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ၅ ဘာသာ၊ ၄ ဘာသာ၊ ၃ ဘာသာ၊ ၂ ဘာသာနှင့် ၁ ဘာသာ ဂုဏ်ထူးရရှိသည့် ကျောင်းသား/သူများ၊ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသည့် ကျောင်းများ၊ မြို့နယ်အတွင်းရှိ ကျောင်းအားလုံးတို့မှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများအားဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်း က အမှာစကား ပြောကြားပြီး ကျောင်းသား/သူများ ကိုယ်စား ကျောင်းသူတစ်ဦးနှင့်အောင်ချက်အကောင်းဆုံး ပထမရရှိသည့် ကညွှတ်ကွင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး တို့က ကျေးဇူးတင်စကား ပြောကြားကြပြီး မြို့နယ်ပညာရေးမှူးက အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းခဲ့သည်။

ဆက်လက်၍ ဖြူးမြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှုများကို မြို့မိမြို့ဖတစ်ဦးနှင့်  မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက ရှင်းလင်း ပြောကြားခဲ့ကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် ယခုလို ဖြူးမြို့၌ မြို့ကျက်သရေဆောင် ခန်းမကြီး ပေါ်ထွက်လာခြင်းမှာ တိုင်းဒေသကြီး အစိုးရနှင့် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုကြောင့် ဖြစ်ပါကြောင်း၊ ယခုခန်းမကြီးကို ရေရှည်တည်တံ့ခိုင်မြဲအောင် အားလုံးကဝိုင်းဝန်း ထိန်းသိမ်းသွားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်မှုမှာ အဓိကကျပါကြောင်း၊ သို့ဖြစ်၍ ဖြူးမြို့သူ/သားများ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရန်မှာ ပညာရေး ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ မြန်မာစကားပုံတွင် ပညာရေးနှင့် ပတ်သက်သည့် ဆိုရိုးစကားများ များစွာရှိပါကြောင်း၊ ထို့ကြောင့် ပညာရေးကို အလေးထား သင်ကြားရန် လိုအပ်ပြီး ပညာသင်ကြားရာတွင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ကောင်းမွန်ရန် လိုအပ်ပါကြောင်း။

နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရန်အတွက် စီမံဆောင်ရွက် ပေးနေပါကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စာသင်ကျောင်းသို့ မပို့နိုင်သည့် ကျောင်းနေအရွယ် ကလေးများကို ရပ်ကွက်၊ ကျေးရွာများနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများက လူမှုရေး စိတ်ဓာတ်ဖြင့် စာသင်ကျောင်းများသို့ ပို့ဆောင်ပေးရမည် ဖြစ်ပါကြောင်း။ ဆရာ၊ ဆရာမများကလည်း စေတနာထား၍ ကျောင်းသား/သူများကို စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်သော ပညာရည် ထူးချွန်သူများ ဖြစ်အောင်  လေ့ကျင့်သင်ကြား ပေးရမည်ဖြစ်ပါကြောင်း။ သို့မှသာ နိုင်ငံတော်အတွက် အားကိုးအားထားရသည့် လူငယ်များ ပေါ်ထွက်လာမည် ဖြစ်ပါကြောင်း၊ လူတိုင်းလူတိုင်း စိတ်ဓာတ်ကောင်းမွန်ပြီး အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်မှသာ မိမိဒေသအတွက်သာမက နိုင်ငံတော်အတွက်ပါ အားကိုးအားထား ပြုနိုင်မှာဖြစ်သည့်အတွက် အားလုံးက ကြိုးစားဆောင်ရွက် စေလိုကြောင်းဖြင့်  ပြောကြားပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ညောင်ပင်သာ- ကညင်ဒိုင်းကျေးရွာချင်း ဆက်လမ်း၊ ကျောက်ချောလမ်း အဆင့်မြှင့်တင်ထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကညင်ဒိုင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ဆရာ၊ ဆရာမများ၊  ရပ်မိရပ်ဖများအား တွေ့ဆုံကာ ကျောင်းအတွက် ထောက်ပံ့ငွေနှင့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ဖြူး- ဘန်းလောင်လမ်းအား ကြည့်ရှုပြီး သာယာကုန်းကျေးရွာမှ ဒေသခံပြည်သူများ၏ လျှပ်စစ်မီးလင်းရေးနှင့် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးနိုင်ရန် တင်ပြချက်များ အပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ဇေယျဝတီမြို့ နန္ဒဂီရိဈေး ကျောင်းတိုက်၌ ဒေသခံပြည်သူများအား တွေ့ဆုံပြီး ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အခမ်းအနားများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့မှ အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဇွန်လ ၂၂ ရက်

 

 

 

Standard (Image)