ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နှင့် တောကျွဲအင်းမြို့ တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက် ပေးနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးကျောက်ကြီးမြို့နယ်မှ ဒေသခံပြည်သူများနှင့် ဇွန်လ ၂၀ ရက်နေ့ နံနက် ၉ နာရီတွင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က တိုးတက်လာသည့် နိုင်ငံရေး အခြေအနေများကြောင့် ကျောက်ကြီးဒေသမှာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး အခြေခံကောင်းများ ရရှိလာပြီး တည်ငြိမ်အေးချမ်းရေးမှာလည်း များစွာတိုးတက်လာပြီ ဖြစ်ပါကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းလာသည်နှင့်အမျှ ဒေသမှာလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး  ကျောက်ကြီးဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး အစိုးရတို့က ဆောင်ရွက်ပေးနေပါကြောင်း၊ ရရှိပြီးဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အားလုံးက ဝိုင်းဝန်းထိန်းသိမ်း ကြစေလိုကြောင်း၊ မငြိမ်းချမ်းပါက ပြည်သူများသာ ခံစားရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ကိုယ်စားလှယ်များအနေဖြင့် ကျောက်ကြီးဒေသသို့ လာရောက်ပြီး ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့သည့် တပ်မတော်သားများနှင့် ပြည်သူများအား တွေ့ဆုံပြီး လိုအပ်သည့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရန် တွေ့ဆုံခဲ့ပြီးဖြစ်ပါကြောင်း၊ ကျောက်ကြီးဒေသတွင် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများအနေဖြင့်လည်း ကျောက်ကြီးဒေသကို မိမိဇာတိဒေသအဖြစ် မှတ်ယူပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပြည်သူများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ကြစေ လိုပါကြောင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးသာမက ရွာရှောင်၊ ရွာပုန်းများရှိ ပြည်သူများအား တာဝန်ရှိသူများအနေဖြင့် တွေ့ဆုံပြီး ကူညီပံ့ပိုးမှုများ ပေးရမည်ဖြစ်ပါကြောင်း၊ အခြေခံကောင်းများ ရရှိနေပြီဖြစ်သည့် ကျောက်ကြီးဒေသ ပြည်သူများအနေဖြင့် ဆက်လက်ထိန်းသိမ်း ပေးသွားရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌက ကျောက်ကြီးမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသများ၏ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌက လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များကိုလည်းကောင်း၊ ဒေသခံပြည်သူများက သိမ်းဆည်းခံ လယ်ယာမြေများကိစ္စ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လိုအပ်ချက်၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် မှတ်ပုံတင်ပြုလုပ်ပေးနိုင်ရေး၊ ကျန်းမာရေးနှင့်ပညာရေး လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေး၊ စိုက်ပျိုးစရိတ် အချိန်မီရရှိနိုင်ရေးနှင့် ဒေသဖွံံ့ဖြိုးရေး လိုအပ်ချက်များကို တင်ပြကြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။            

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ကျောက်ကြီးဒေသသည် ယခင်က ငြိမ်းချမ်းမှုမရှိခဲ့သည့်အတွက် ယခုအခါ တာဝန်ရှိသူများအားလုံးက ဒေသဖွံ့ဖြိုးရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည်သူများက  တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မိမိဒေသကို ခင်တွယ်ကြပြီး အသိစိတ်ရှိရှိဖြင့် မျိုးဆက်သစ်များအား ဒေသချစ်သည့်စိတ်ဓာတ်ကို မွေးမြူပေးကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် အဖွဲ့သည် နတ်သံကွင်း တိုက်နယ်ဆေးရုံသို့ ရောက်ရှိပြီးဆေးရုံအား လိုက်လံကြည့်ရှုကာ လူနာများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် ပဲနွယ်ကုန်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း ပညာတံခွန်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေကြီးအစိုးရတို့ ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပဲနွယ်ကုန်းဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေရရှိရေး တို့အတွက် လိုအပ်ချက်များရှိပါက ပြည်သူများအနေဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြ နိုင်ပါကြောင်းဖြင့် နှုတ်ခွန်းဆက်ပြောကြားခဲ့သည်။

ထို့နောက် မြို့ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့မိမြို့ဖ၊ ပညာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပေါင်းစပ်ညှိနှိုင်းပေးပြီး ပဲနွယ်ကုန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများ နှင့်အတူ ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်းကြစေလိုကြောင်း၊ ဆရာ/မများ အနေဖြင့် ကျောင်းသား/သူများကို မိမိဒေသတွင်သာမက နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ထူးချွန်သူများဖြစ်အောင် ကြိုးစားသင်ကြား ပေးကြရန်လိုကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် အဖွဲ့သည် တောကျွဲအင်း  တိုက်နယ်ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံအား လိုက်လံကြည့်ရှုကာ လူနာများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် တောကျွဲအင်း မဇ္ဈိမာရုံ တောရကျောင်းတိုက်သို့ ရောက်ရှိကာ ဆရာတော်အမှူးပြုသော သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် အဆိုပါ ကျောင်းတိုက် ဓမ္မာရုံ၌ တောကျွဲအင်းဒေသခံ ပြည်သူများအား တွေ့ဆုံပြီး ဒေသခံများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ဂုံးတဲ- ရေပြာ- နောင်ဗိုလ် ကျေးရွာချင်း ဆက်လမ်းတစ်လျှောက် ကြည့်ရှုခဲ့ပြီး နောင်ဗိုလ်အခြေခံပညာ မူလတန်းလွန်ကျောင်း ယာယီစာသင်ဆောင် ဆောက်လုပ်ရန် အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းကာ ကျေးရွာပြည်သူများ၊ ဆရာ/မများ နှင့် ကျောင်းသား/သူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ထို့အတူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ကညွတ်ကွင်း- မိဿလင် လမ်းအား ကြည့်ရှုခဲ့ပြီး လမ်းတလျှောက်ရှိ မိဿလင်၊ ဘုရားလဟာကျေးရွာများရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သ့ူလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီများ၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့မှ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဇွန်လ ၂၂ ရက်

Standard (Image)