(၂၀၁၄-၁၅) ပညာသင်နှစ် ဇေယျာသီရိမြို့နယ်ရှိ ကျောင်းများမှ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသား/သူ များနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား (ပဉ္စမအကြိမ်) ပညာရည်ချွန် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇွန်လ (၁၃) ရက်နေ့ နံနက် (၈း၃၀) နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အမှာစကားပြောကြား ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီ ဝင် ဒေါက်တာပိုင်စိုး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရရှိခဲ့သော ကျောင်းသား/သူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဒေါက်တာပိုင်စိုးက အမှာစကားပြောကြားပြီး တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့သည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ရာ မန်းအောင်ငြိမ်း ဖောင်ဒေးရှင်း နာယက ဒေါ်ခင်လေးသက် က (၆) ဘာသာ ဂုဏ်ထူးနှင့် (၅) ဘာသာ ဂုဏ်ထူးရ ကျောင်းသား/သူ များအားလည်းကောင်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ က (၄) ဘာသာဂုဏ်ထူး ရ ကျောင်းသား/သူ များအားလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဒေါက်တာပိုင်စိုး နှင့် ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲ မှု ကော်မတီ ဥက္ကဋ္ဌ ဦးမောင်ဦး တို့က (၃) ဘာသာ ဂုဏ်ထူးရ ကျောင်းသား/သူ များအား လည်းကောင်း၊ သစ်တောတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာမြင့်ဦး နှင့် မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်မာမာဝင်း တို့က (၂) ဘာသာ ဂုဏ်ထူး ရ ကျောင်းသား/သူများအားလည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမှတ်ကြီး၊ ပြည်သူ့လွှတ်တော်ရုံး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်းအောင် နှင့် ဥတ္တရခရိုင် ပညာရေးမှူး ဦးဘထွန်း တို့က (၁) ဘာသာ ဂုဏ်ထူးရ ကျောင်းသား/သူများအား ဆုများကို ပေးအပ်ချီးမြှင့် ခဲ့သည်။
ထို့နောက် အောင်ချက်အကောင်းဆုံး ကျောင်းများကို ဆုများချီးမြှင့်ရာ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး က တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်ချက် အကောင်းဆုံးဖြင့် ပထမ ရရှိသော အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း (နေပြည်တော်)၊ အောင်ချက်အကောင်းဆုံးဖြင့် ဒုတိယရရှိသော အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (နေပြည်တော်)၊ အောင်ချက် အကောင်းဆုံးဖြင့် တတိယရရှိသော အခြေခံပညာ အထက်တန်းကျောင်း (ရေဆင်း) တို့မှ ကျောင်းအုပ်ကြီးများအား လည်းကောင်း၊ ဇေယျာ သီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးမြတ်သိန်းထွန်း က အဋ္ဌမတန်း စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ရရှိသော အခြေခံပညာ အလယ်တန်းကျောင်းခွဲ (ကျောက်ချက်) နှင့် စတုတ္ထတန်းစာမေးပွဲတွင် အောင်ချက်အကောင်းဆုံးရရှိသော ကျောင်း (၄) ကျောင်း တို့မှ ကျောင်းအုပ်ကြီးများအား လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနမှူး ဦးမြဝင်း က အခြေခံပညာ မူလတန်းကျောင်း (၅၆) ကျောင်းအတွက် ဂုဏ်ပြုဆုငွေများကို ဇေယျာသီရိမြို့နယ် မြို့နယ်ပညာရေးမှူးအား လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ဆုရကျောင်းသား/သူ များကိုယ်စား အခြေခံပညာ အထက်ကျောင်း (ရေဆင်း) မှ (၅) ဘာသာ ဂုဏ်ထူးရှင် မအိဇာဖြိုးဝေ က လည်းကောင်း၊ ဇေယျာသီရိမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး များကိုယ်စား အောင်ချက်အကောင်းဆုံး (ပထမဆု) ရရှိသည့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း (နေပြည်တော်) ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ထွေး က လည်းကောင်း ကျေးဇူးတင်စကား ပြောကြားကြသည်။
ထို့နောက် ဇေယျာသီရိမြို့နယ် ပညာရေးမှူး ဦးခင်မောင်ဌေး က (၂၀၁၄-၁၅) ပညာသင်နှစ်အတွင်း အောင်ချက်မြှင့်တင်ရေးအတွက် ပညာရေး ဆိုင်ရာ ဆောင်ရွက်ချက်များကို တင်ပြပြီး ဇေယျာသီရိမြို့နယ်မှ မြို့မိမြို့ဖတစ်ဦးက ဇေယျာသီရိမြို့နယ်အတွင်း မန်းအောင်ငြိမ်းဖောင်ဒေးရှင်း၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ဆောင်ရွက်ချက်များအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် မန်းအောင်ငြိမ်း ဖောင်ဒေးရှင်း နာယက ဒေါ်ခင်လေးသက် က အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က အမှာစကား ပြောကြား ရာတွင် ဇေယျာသီရိမြို့နယ်သည် အခြေခံ စား၊ ဝတ်၊ နေ ရေးအတွက် အရေးပါသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောတက္ကသိုလ်များ တည်ရှိပါကြောင်း၊ ဇေယျာသီရိမြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်ရရှိ၍ ဝမ်းမြောက်မိပါကြောင်း၊ တာဝန်ရှိသူများနှင့် ပြည်သူများ ပူးပေါင်းပါဝင်မှုကြောင့် အောင်မြင်ခဲ့ခြင်းဖြစ်ပါကြောင်း။
ပညာရေးကဏ္ဍတွင် အခြေခံကျသောအချက်မှာ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေးပင်ဖြစ်ကြောင်း၊ ပညာရေး ဝန်ကြီးဌာန၏ “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ” ဟူသော ဆောင်ပုဒ်သည် အလွန်ကောင်းမွန်သည့် ဆောင်ပုဒ်ဖြစ်ပါကြောင်း၊ ပညာရည်မြင့် မားရေး အတွက် ဆရာ၊ ကျောင်းသား၊ မိဘ သုံးဦး ဖလှယ် ဟန်ချက်ညီရန်လိုကြောင်း၊ အတန်းတိုင်း အောင်ချက်မြင့်မားရေးနှင့် တက္ကသိုလ် ဝင်တန်းတွင် အောင်ချက်ကောင်းပြီး ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်မှုရရှိရေး ရည်မှန်းချက်ထား ဆောင်ရွက်ရန် လိုကြောင်းဖြင့် ပြောကြားပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် အဖွဲ့ဝင်များနှင့်အတူ နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဇလောင်း ကျေးရွာအုပ်စု ငန်းစပ် အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ ရောက်ရှိပြီး ဒေသခံတောင်သူများအား တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးတို့က ဒေသလိုအပ်ချက်နှင့် ကျောင်းလိုအပ်ချက်များကိုလည်းကောင်း၊ ဒေသ ခံ တောင်သူများက ဇလောင်းကျေးရွာအုပ်စု သရက်ဇုန်တွင် လယ်ယာမြေများ သိမ်းဆည်းခံရ၍ နစ်နာဆုံးရှုံးမှု များကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က တောင်သူများ၏တင်ပြချက်များကို စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများ အနေဖြင့်လည်း စိတ်ရှည် သည်းခံပြီး မျှမျှတတ နှင့် မှန်မှန်ကန်ကန် ဖြစ်အောင် အားလုံး ညီညီညွတ်ညွတ် လုပ်ဆောင်ကြရန် လိုကြောင်း၊ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များအား အထူးကိစ္စတစ်ရပ်အနေဖြင့် တာဝန်ပေးအပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ကျောင်းလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားပြီး ဒေသခံတောင်သူများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
၂၀၁၅ ခုနှစ် ဇွန်လ ၁၅ ရက်
