ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ၂၀၁၅ ခုနှစ် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူး တိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းတိုက်နယ်ခန်းမ၌ ဒေသခံပြည်သူများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းတင်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုခရီးစဉ်သည် ကျောက်ကြီး မြို့နယ်အတွင်းရှိ ထင်ရှားသည့် မုန်းမြို့ကို ပထမဆုံး ရောက်ရှိခြင်းဖြစ်ပါကြောင်း၊ မုန်းမြို့ဟုဆိုလျှင် မြန်မာနိုင်ငံတွင် လူသိများသော ဒေသတစ်ခု ဖြစ်ပါကြောင်း၊ ယင်းသို့ လူသိများရခြင်းမှာ မုန်းဒေသရှိ ပြည်သူများသည် လက်နက်ကိုင် ပဋိပက္ခများကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရ၍ဖြစ်ပါကြောင်း၊ မုန်းဒေသ၌ နေထိုင်ကြသည့် ပြည်သူများ လက်နက်ကိုင် ပဋိပက္ခများကြောင့် ဆင်းရဲဒုက္ခများ ကြုံတွေ့ရသည်ကို ဝမ်းနည်းဖွယ်ရာ ကြားသိခဲ့ရပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ၏ အကျိုးဆက်ကို ယနေ့ထက်တိုင် ခံစားနေရဆဲ ဖြစ်ပါကြောင်း။
ဖြူးမြို့နှင့် မုန်းမြို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကို ပြေလည်နိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကြိုးစားဆောင်ရွက်ပေးနေ၍ အချိန်ကာလတစ်ခုတွင် ပြီးမြောက်သွားမည်ဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများကြောင့် အပြစ်မဲ့ပြည်သူများ၏ ဒုက္ခများပြေလည်မှု ရရှိရေးအတွက် ငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းဆောင်ရွက်ရန်လိုကြောင်း၊ ကြုံတွေ့ရသည့် ဆင်းရဲဒုက္ခများကို ပြေလည်အောင် မဖြေရှင်းပေးနိုင်လျင် ရေရှည်ဖြစ်ပေါ်နေမည်ဖြစ်၍ အားလုံးပူးပေါင်းဆောင်ရွက် သွားရန်လိုကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ဒေသလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ဒေသ၏လိုအပ်ချက်များကို တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
တွေ့ဆုံပွဲမစတင်မီ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် မုန်းမြို့တိုက်နယ်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားကာ ဓာတ်မှန်ဆောင်အား ကြည့်ရှုပြီး ဆေးရုံတာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် အဖွဲ့ဝင်များနှင့်အတူ ဖြူးမြို့နယ် အုတ်ဖြတ်ဒေသ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ ရောက်ရှိပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ကျောင်း၏လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ဖြူးမြို့နယ် ဝဲကြီးအခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ယာယီစာသင်ကျောင်းဆောင်အတွင်း ဆရာ/ဆရာမများ၊ ဝဲကြီးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ကျောင်း၏လိုအပ်ချက်နှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးပြီး ယာယီကျောင်းဆောင်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ဖြူး-အုတ်ဖြတ်-မုန်းလမ်း ဝဲယာရှိ ကျေးရွာများဖြစ်သော ဇီးခုံကျေးရွာအုပ်စုနှင့် တံခွန်တိုင်ကျေးရွာအုပ်စုတို့မှ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ကျေးရွာမီးလင်းရေးနှင့် အခြေခံပညာကျောင်းများ အဆင့်မြှင့်တင်ရေး ကိစ္စများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ဖြူးမြို့ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး အဘိုး/အဘွားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ အားပေးစကားပြောကြားပြီး အလှူငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ဖြူးမြို့ မြို့နယ်ခန်းမ တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။
၂၀၁၅ ခုနှစ် ဇွန်လ ၈ ရက်
